နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးလိုက်ခြင်းသည် ဖမ်းဆီးခံရသူများ၏ မိသားစုများနှင့် မိတ်ဆွေများအတွက် သတင်းကောင်းဖြစ်သည်။ ထိုမိသားစုများ၊ မိတ်ဆွေများ စိတ်သက်သာရာရပြီး ဝမ်းသာသောကြောင့် ကျရသည့်မျက်ရည်ကို မိမိတို့နားလည်သော်လည်း မည်သည့်အတွက် ထိုသို့ လွှတ်ပေးသည်ကို နားလည်ရန်လည်း လိုသည်။ အတိတ်နှင့် ပစ္စုပ္ပန်တွင် စစ်အုပ်စုက ဆယ်စုနှစ်များစွာ သုံးခဲ့သည့် ကောက်ကျစ်သော နည်းလမ်းတခုသာ ဖြစ်သည်။ အခြေအနေမှန်ကို သိရှိရန်လိုသည်။
ထောင်တွင်းတွင် ရှိနေသင့်သူများသည် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီခေါင်းဆောင်များသာ ဖြစ်ကြောင်း မိမိတို့အားလုံး သိကြသည်။ လွှတ်ပေးလိုက်သော အကျဉ်းသားများအတွက် သတင်းကောင်းများ ဖတ်နေရသော်လည်း စစ်ကောင်စီသည် တနိုင်ငံလုံးတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ် ဆက်လက်ကျူးလွန်နေသည်။
လွှတ်ပေးလိုက်သော အကျဉ်းသားများအတွက် သတင်းကောင်းများ ဖတ်နေရသော်လည်း စစ်ကောင်စီသည် တနိုင်ငံလုံးတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ် ဆက်လက်ကျူးလွန်နေသည်။
အမျိုးသားနေ့ အထိမ်းအမှတ်ဟု ဆိုသော်လည်း ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများကို မပြောင်းလဲဘဲ ဗိုလ်ချုပ်များအပေါ် ပြင်းထန်လာသည့် နိုင်ငံတကာဖိအားကို လျှော့ချရန် ရည်ရွယ်သည့် ထိုတွက်ချက်လုပ်ကိုင်သော လုပ်ရပ်အဖြစ် ထင်ရှားသော နိုင်ငံခြားသားများ အပါအဝင် အကျဉ်းသား ၆,၀၀၀ ကို လွှတ်ပေးသည်။ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမင်း၊ သြစတေးလျ စီးပွားရေးပညာရှင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တန်းနဲလ်နှင့် ဂျပန် ရုပ်ရှင်ရိုက်ကူးသူ တိုရူ ကူဘိုတာ တို့ကိုလည်း လွှတ်ပေးသည်။
ပထမဆုံး ပြောရမည့်အချက်မှာ ၎င်းတို့သည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်သလို ထောင်ထဲ ရောက်နေရမည့် သူများလည်း မဟုတ်ပေ။ ၎င်းတို့ လွတ်မြောက်ရေးအတွက်လည်း နိုင်ငံတကာက မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဖိအား အပြင်းအထန်ပေးခဲ့သည်။
မြန်မာနိုင်ငံသားများအနက် လွှတ်ပေးခံရသူများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စစ်အုပ်စုကို ဝေဖန်ရာတွင် ထင်ရှားသူ ဦးမြအေးလည်း ပါဝင်သည်။
ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ မျိုးညွန့်၊ ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ထင်ရှားသော စာရေးဆရာ မောင်သာချို၊ ထင်ရှားသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး ရွှေညဝါ ဆရာတော်တို့ကို အမည်ဆိုးကျော်ကြားသည့် အင်းစိန်ထောင်တွင် ၂ နှစ်နီးပါး ဖမ်းဆီးထားပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လွှတ်ပေးသည်။ ထို ၄ ဦးသည် အာဏာသိမ်းလျှင် သိမ်းခြင်း ဖမ်းဆီးခံရသူများ ဖြစ်သည်။
လွှတ်ပေးခံရသူများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အုပ်စုခေတ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် လုပ်ကိုင်ခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု ဆိုသည့် စစ်အုပ်စုကို အပြင်းအထန် ကာကွယ်ပေးသူဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဖြစ်လာသူ ဦးကျော်တင့်ဆွေလည်း ပါသည်။ သူသည် NLD အဖွဲ့ဝင် မဟုတ်ပေ။
လွှတ်ပေးခံရသူများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အုပ်စုခေတ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် လုပ်ကိုင်ခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု ဆိုသည့် စစ်အုပ်စုကို အပြင်းအထန် ကာကွယ်ပေးသူဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဖြစ်လာသူ ဦးကျော်တင့်ဆွေလည်း ပါသည်။ သူသည် NLD အဖွဲ့ဝင် မဟုတ်ပေ။
ထိုသို့လွှတ်ပေးရန် နီးစပ်လာသည့် လက္ခဏာများကို မကြာသေးမီကပင် တွေ့နေရသည်။ စစ်ကောင်စီ တရားရုံးတွင် ထောင်ချပြီးနောက် အောက်တိုဘာလတွင် မစ္စတာ တန်းနဲလ်ကို နေပြည်တော်မှ အင်းစိန်ထောင်သို့ ပို့ဆောင်သည်။ ဦးကျော်တင့်ဆွေနှင့် အနုပညာလောကမှ ထင်ရှားသူများကို လွှတ်ပေးမည်ဟု ထောင်အာဏာပိုင်များက လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ကတိပေးကာ အယူခံစာများ ရေးခိုင်းသည်။ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်ဖြင့် လွှတ်ပေးခြင်းသာဖြစ်သည်။ နောင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ပါက ထောင်ထဲပြန်ထည့်မည်ဆိုသည့် စည်းကမ်းချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။
နောက်ထပ် စီးပွားရေးပိတ်ဆို့မှုများနှင့် ဒေသတွင်းအစိုးရများက ဝေဖန်မှုမြင့်မားလာခြင်း အပါအဝင် အနောက်နိုင်ငံများမှ ဖိအား ပိုမိုပြင်းထန်လာချိန်တွင် ထိုသို့လွှတ်ပေးခြင်းဖြစ်ကြောင်း သုတေသီနှင့် သံတမန်တချို့က ထောက်ပြသည်။
မကြာသေးမီက ကမ္ဘောဒီးယားတွင် ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆက်လက် ပိတ်ပင်ခဲ့သည်။ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန် တောင်းဆိုမှုများ ASEAN အတွင်း ကြီးမားလာနေပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်ကလည်း သူ၏အစိုးရသည် စစ်ကောင်စီက ကျင်းပမည့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲကို မထောက်ခံကြောင်း မကြာသေးမီက ပြောသည်။
ထို့အပြင် မြန်မာကို ASEAN မှ ထုတ်ပစ်ရန် တောင်းဆိုမှုများ ကြီးထွားလာသည်။ မြန်မာ အကျပ်အတည်းကို ဖြေရှင်းရေး ASEAN က ဦးဆောင်ရန် ပြောကြားသည့် သြဇာကြီးမားသော တရုတ်နိုင်ငံကလည်း နောက်ကွယ်မှ လှုပ်ရှားနေပြီး NUG အစိုးရနှင့် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ထားသည်။ မြန်မာမှ ဆိုးရွားလာသည့် စီးပွားရေးနှင့် မတည်ငြိမ်မှုများကို စိုးရိမ်ကြောင်း ဘေဂျင်းက မကြာသေးမီ ပြောသည်။
နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွှတ်ပေးစေကာမူ ထိုမျှဖိအားသည် မလုံလောက်သေးကြောင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် စစ်အုပ်စု ဆန့်ကျင်သူများက ပြောသည်။ ဝါရင့် မွတ်ဆလင် တက်ကြွလှုပ်ရှားသူ ဦးမြအေးမှ အပ စစ်ကောင်စီက လွှတ်ပေးသည့် နိုင်ငံရေး အကျဉ်းသားများသည် စစ်ကောင်စီကို ခြိမ်းခြောက်နိုင်သူများ မဟုတ်ကြောင်း ၎င်းတို့က ထောက်ပြသည်။ နိုင်ငံခြားသားများသည် နေရပ်ပြန်ရသောကြောင့် ဝမ်းသာကြမည်ကို သံသယရှိစရာ မလိုသော်လည်း လွှတ်ပေးခံရသည့် မြန်မာအကျဉ်းသားများမှာမူ ပိုမိုကျယ်ဝန်းသည့် ထောင်သို့ ပြောင်းရခြင်းသာဖြစ်သည်။
လွန်ခဲ့သောအပတ်အတွင်း ASEAN ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်တွင်ပင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းမှရွာများကို ဆက်လက် မီးရှို့နေပြီး တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် လေကြောင်းစီးနင်း တိုက်ခိုက်ကာ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်။ စစ်ကောင်စီ၏ အကြမ်းဖက်ယန္တရားသည် အရှိန်အဟုန် ပိုမိုမြင့်မားလာသည်။
လွန်ခဲ့သောအပတ်အတွင်း ASEAN ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်တွင်ပင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းမှရွာများကို ဆက်လက် မီးရှို့နေပြီး တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် လေကြောင်းစီးနင်း တိုက်ခိုက်ကာ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည်။ စစ်ကောင်စီ၏ အကြမ်းဖက်ယန္တရားသည် အရှိန်အဟုန် ပိုမိုမြင့်မားလာသည်။
ယခုကဲ့သို့ အကျဉ်းသားအချို့ကို လွှတ်ပေးခြင်းကြောင့် ဖိအားပေးခြင်းနှင့် လော်ဘီလုပ်ခြင်းသည် အလုပ်ဖြစ်သည်ဟု သက်သေပြနေကြောင်း ပြည်ပမှ ဆရာကြီးအချို့၏ ပြောဆိုမှုသည် လက်ခံရန် ခက်ခဲလွန်းလှသည်။
သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးချုပ်အများအပြားနှင့် လူသိများသည့် တက်ကြွလှုပ်ရှားသူများသည် ထောင်ထဲတွင်သာ ဆက်လက်ရှိနေကြသည်။ တနိုင်ငံလုံးမှ ထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၃,၀၀၀ ကျော်မှာ ဆက်လက် ညှဉ်းပန်းနှိပ်စက်ခံနေရသည်။ အများအပြားမှာ သေဒဏ်ပေးခံထားရပြီး စစ်ကောင်စီက ထင်ရှားသည့် လွှတ်တော်ကိုယ်စားလှယ်တဦးနှင့် ဒီမိုကရေစီ ခေါင်းဆောင်တဦးအပါအဝင် တက်ကြွလှုပ်ရှားသူ ၄ ဦးကို ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ဇူလိုင်လက ကွက်မျက်ခဲ့သောကြောင့် ၎င်းတို့အတွက် စိုးရိမ်မှုများ မြင့်မားနေဆဲဖြစ်သည်။
မြန်မာအကျပ်အတည်းအပေါ် နိုင်ငံတကာ တုံ့ပြန်မှုသည် အားနည်းပြီး လုံးဝ မလုံလောက်ပေ။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို စစ်ကောင်စီက လွှတ်ပေးပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် စစ်ကောင်စီ၏ အလိမ်အညာကို ပထမဆုံးမိသည့် နိုင်ငံဖြစ်လာသည်။ မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်ဖြစ်သော ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက ထိုနေ့တွင်ပင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ထိုသို့ အကျဉ်းသားများ လွှတ်ပေးခြင်းသည် လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အရေးပါပြီး ကောင်းမွန်သော လက္ခဏာဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံ ပုံမှန်အခြေအနေနှင့် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်ရောက်ရေးအတွက် ကူညီရန် မကြာမီ မြန်မာသို့ သွားရောက်မည်ဟုလည်း သူကပြောသည်။ ဖေဖော်ဝါရီလကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို သူမေတ္တာရပ်ခံသောကြောင့် မစ္စတာ တန်းနဲလ်ကို လွှတ်ပေးသည်ဟု အမှားမှားအယွင်းယွင်း ပြောကြားခဲ့သည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို နေ့စဉ်ကျူးလွန်သည်။ ဖိအားအချို့ သက်သာစေရန်နှင့် တရားဝင်မှုရရန် လိမ်နည်းဟောင်းများကို သုံးသည့်အတွက် စစ်ကောင်စီကို ဆုမချသင့်ပေ။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကို နေ့စဉ်ကျူးလွန်သည်။ ဖိအားအချို့ သက်သာစေရန်နှင့် တရားဝင်မှုရရန် လိမ်နည်းဟောင်းများကို သုံးသည့်အတွက် စစ်ကောင်စီကို ဆုမချသင့်ပေ။
ထိုဇာတ်ညွှန်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း အကြိမ်ကြိမ် ကခဲ့သည့်ကို တွေ့ရပြီးဖြစ်သည်။ စစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းရန် ဖြစ်နိုင်သည်ဟု နိုင်ငံတကာအသိုက်အဝန်းမှ အချို့သူများ ထင်လာအောင် လုပ်သည့်နည်းကိုလည်း အကြိမ်ကြိမ် တွေ့ခဲ့ပြီးဖြစ်သည်။
ASEAN နှင့် မြန်မာ၏ စစ်မှန်သော မိတ်ဆွေများသည် အခိုင်အမာရပ်တည်ပြီး စစ်ကောင်စီ၏ လုပ်ဇာတ်ကို လက်မခံသင့်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Aung Zaw ၏ After Prisoner Release, More—Not Less—Pressure Needed on Myanmar’s Brutal Regime ကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြသည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ
အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်နေမယ်လို့ စစ်ကောင်စီပြော
အင်းစိန်ထောင် ပေါက်ကွဲမှုအပြီး နိုင်/ကျဉ်းများ အငြိုးထားဖိနှိပ်ခံရ
နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်နေသည့် အိုးဘိုထောင်