ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေကို အာဏာသိမ်း စစ်ကောင်စီက မြို့ အဝင်အထွက်လမ်းကြောင်းများ ပိတ်ထားသဖြင့် မြို့ခံများ ကူးသန်းသွားလာရေးနှင့် ကုန်သွယ်ကူးသန်းမှုအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြို့ခံများထံက သိရသည်။
နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်း စစ်တွေမြို့နယ်နှင့် ၁၅ မိုင်ခန့်အကွာ၊ စစ်တွေ- ပုဏ္ဏားကျွန်းကြား၌ စစ်ကောင်စီ တပ် ရိက္ခာတင်ဆောင်သည့် ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်တွေ မြို့ဝင် မြို့ထွက်ကို စစ်ကောင်စီက ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့ခံတဦးက “စစ်တွေကို ပိတ်ထားတာ အခုဆိုရင် တပတ်ကျော်ပြီ။ ကုန်ဈေးနှုန်းတွေကလည်း တက်လာပြီ။ မြို့ပေါ်က လူတွေလည်း နယ်ကို မထွက်ရဘူး၊ နယ်ဘက်က လူတွေလည်း မြို့ကို လာလို့ မရဘူး။ ဒီအတိုင်းသာ ဆက် သွားနေရင် နောက်ပိုင်း ဘယ်လို ဖြစ်လာမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသည့် စစ်တွေမြို့အား ပိတ်ထားခြင်းမှာ ရခိုင်ပြည်နယ် အတွင်းရှိ အခြားမြို့များပါ ကုန်ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်နေသလို၊ ကုန်ဈေးနှုန်းများမှာလည်း အဆမတန် ဈေးမြင့် လာကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်မှ ကုန်စုံဆိုင်ရှင်တဦးက “အရင်က ပစ္စည်းတွေဆို စစ်တွေကို ဖုန်းဆက်မှာတာ။ အခုက ကုန်း လမ်းရေလမ်းတွေ ပိတ်လို့ ဘာပစ္စည်းမှ မှာမရ၊ လိုတဲ့ပစ္စည်းရှာမရဘူး။ ဆန်ဈေးတောင် ဘူးသီးတောင်မှာ တအိတ်ကို အရင် လေးသောင်းခွဲကနေ အခု ၁ သိန်းခွဲထိတောင် ဈေးတက်သွားတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်တွေမြို့တွင်လည်း ကုန်ဈေးနှုန်းများမှာ တရိပ်ရိပ် မြင့်တက်လာလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် စစ်တွေမြို့အား အဓိက ပိတ်ထားသည့်နေရာမှာ မြို့ဝင် အဝေးပြေး ကားဂိတ်အနီး တည်ရှိသည့် စစ်ကောင်စီ၏ တပ်ထိန်းတပ်ရင်း စစ်ဆေးရေးဂိတ်မှ ဖြစ်ပြီး ထိုသို့ ပိတ်ဆို့ထားသဖြင့် ဒေသ ကွပ်ကဲရေးမှူး စစ်ဌာနချုပ် (ဒကစ) စစ် တွေတပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများတွင် တာဝန်ကျ ဆရာ/ဆရာမ များမှာလည်း မလာရောက်နိုင်သည့် အတွက် စာသင်ကြားနိုင်ခြင်းလည်း မရှိကြောင်း တပ်တွင်း အသိုင်းအဝိုင်းက ပြောဆိုသည်။
စစ်တွေ တပ်နယ်မှ အိမ်ထောင်သည် ရဲမေတဦးက “တပ်ထိန်းဂိတ်က ပိတ်ထားလို့ ကားလမ်း မဖွင့်သေးဘူးလို့ ပြော တယ်။ မြို့ထဲက ဆရာမတွေလည်း မရောက်ကြလို့ ကလေးတွေ ကျောင်းမတက်ရတာ တပတ်လောက်ရှိနေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းပြင် ဒကစ (စစ်တွေ) လက်အောက်ခံ စစ်တွေ တပ်နယ်မြေမှ ခြေလျင်၊ ခြေမြန်တပ်ရင်းများ အပါအဝင် ထောက်ပို့ ၊ ဆေးတပ်၊ ဆက်သွယ်ရေး စသည့် လက်ရုံးများတို့တွင် အိမ်ထောင်သည် ရဲမေများပါ လက်ရှိ အခြေအနေတွင် ည ဘက် ကင်းစောင့်ပြီး တပ်လုံခြုံရေး တာဝန်ကို ထမ်းဆောင်နေရကြောင်း ယင်းတပ်နယ်မြေရှိ ဆက်သွယ်ရေးတပ်မှ အိမ်ထောင်သည် ရဲမေတဦးက ပြောပြသည်။
စစ်တပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား သြဂုတ်ဆန်းပိုင်းလည်းက တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နောက် ပိုင်း စစ်ကောင်စီတပ်သည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များနှင့် ဆက်သွယ်ထားသည့် ရေလမ်း၊ ကုန်းလမ်းများကို ပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီးနောက် ယခုတကြိမ်တွင် စစ်တွေ- ပုဏ္ဏားကျွန်းလမ်းကို ဖြတ်တောက်ကာ မြို့ဝင်မြို့ထွက်ကို ပိတ်ဆို့လာခြင်း ဖြစ်သည်။
စစ်တွေမြို့ အဝေးပြေးကားဂိတ်မှ ဂိတ်မှူးတဦးက “စစ်တပ်က ပိတ်ထားတာက စစ်တွေ- ပုဏ္ဏားကျွန်းလမ်းကို ပိတ် ထားတာ။ တခြား ကျောက်တော်၊ မြောက်ဦး၊ မင်းပြားလမ်းပိုင်းတွေမှာတော့ ကားတွေ သွားလို့ ရတယ်လို့ ပြောတယ်။ အမ်းဘက်ကလည်း ကားတွေ လာလို့ရတယ်လို့ ပြောတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်တခုတည်းကိုပဲ မရတာ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ကုန်းလမ်း၊ ရေ လမ်းများကို ပိတ်ဆို့ထားသလို ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် ဆေးဝါးများ သယ်ယူခွင့်ကိုလည်း အကြောင်းပြချက် မရှိဘဲ လုံးဝ ပိတ်ပင်ထားသည်။
ထိုသို့ လမ်းကြောင်း ပိတ်ဆို့ထားသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းအပါအဝင် ဆေးဝါးပစ္စည်းများ သယ်ယူခွင့် ကို လုံးဝ ပိတ်ပင်ထား၍ အစိုးရဆေးရုံများနှင့် ပုဂ္ဂလိက ဆေးဆိုင်များတွင်ပင် ဆေးဝါးပြတ်လပ်ခြင်း၊ ဆေးဝါးဈေးမြင့် တက်မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ကျန်မာရေး ဝန်ထမ်းများက ပြောသည်။
ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့မှ ဒေသခံများမှာ အခြေခံ စားသောက်ကုန်များ ပြတ်လပ်လာသည့်အတွက် နိုဝင်ဘာလ ၁၂ ရက်တွင် စက်လှေများဖြင့် စစ်တွေမြို့သို့ ဈေးဝယ်ထွက်လာခဲ့ကြရာ စစ်တွေနှင့် ပုဏ္ဏားမြို့နယ်အစပ် အမြင့်ကျွန်းတံတားအောက်၌ ယင်းစက်လှေသမား ၉ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကာ လက်ရှိအချိန်အထိ ပြန်မလွှတ် ပေးဘဲ ချုပ်နှောင်ထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်များအား ထိုသို့ လမ်းကြောင်းများ ပိတ်ဆို့ထားသော်လည်း မြို့ပေါ်နှင့်နီးစပ်သည့် နေရာများလောက်သာ ထိန်းချုပ်နိုင်ပြီး ကျန်နယ်ဘက်ဒေသများနှင့် ရန်ကုန်- စစ်တွေ ကားလမ်းတလျောက်တွင် AA တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားနိုင်ကြောင်းလည်း ရခိုင်ပြည်နယ်အရေး စောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
You may also like these stories:
စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား
ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာတွင် ဒေသခံ ၉ ဦး သတ်ဖြတ်ခံရ