ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ ဂန္ဓာရုံကျောင်းတိုက်နှင့် အသောကရာမကျောင်းတိုက်တို့တွင် နေထိုင်သည့် ကျောင်းသား လူငယ်များ အပါအဝင် ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၅ ဦးကိုမူ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
နိုဝင်ဘာ ၁၁ ရက် ည ၁၂ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့ဝင်များက ယင်းကျောင်းတိုက် များအတွင်းသို့ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၁၀ ရက်အကြာတွင် ၄ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ပြန်လည် လွတ်မြောက်လာသူ ၄ ဦးမှာ ဂန္ဓာရုံကျောင်းတိုက်တွင်နေထိုင်သူ ကိုမောင်ကံစိုး (၂၅ နှစ်)၊ အသောကရာမ ကျောင်းတိုက်တွင် နေထိုင်သူ ဦးထွန်းစိန်မောင် (၄၈ နှစ်)၊ ဦးမောင်လှထွန်း (၄၅ နှစ်) နှင့် ကိုစိုးဝင်း (၂၉ နှစ်) တို့ ဖြစ် ကြောင်း ပြန်လွတ်လာသူ၏ မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “မနေ့က ညနေပိုင်းက အသောကရာမကျောင်းတိုက်က အဖမ်းခံရတဲ့သူ ၃ ဦးနဲ့ ဂန္ဓာရုံကျောင်းတိုက်က လူငယ် ၁ ဦး ပြန်လွတ်လာတယ်။ ကျန်တဲ့ လူငယ် ၅ ယောက်ကတော့ မလွတ်သေးဘူး” ဟု ဆိုသည်။
ပြန်လွတ်လာခြင်း မရှိသေးသည့် ဂန္ဓာရုံကျောင်းတိုက်မှ လူငယ် ၅ ဦးမှာ အသက် ၂၀ ကျော် အရွယ်များ ဖြစ်ကြသည့် မောင်ဘိုခင်အောင်၊ မောင်အောင်လင်းစိုး၊ မောင်အောင်ငြိမ်း၊ မောင်ဇော်လှိုင်ဦးနှင့် မောင်စိုးမင်းတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ် ၅ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ မြက်သောက်ကျေးရွာနှင့် ပဲစိနန်းကျောင်းတို့မှဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း တွင် နေထိုင်ကာ စစ်တွေတက္ကသိုလ်၌ ကျောင်းတက်နေသူများ ဖြစ်ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံ ကျောင်းသားမိဘ တဦးက “အခုထိ ကျနော့်သားကို ဘယ်မှာ ဖမ်းထားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ လည်း မသိရဘူး။ စစ်ကြောရေးကို ပါသွားတယ်ဆိုတာတခုပဲ သိရတယ်။ စစ်ကြောရေးကာလမှာ သူတို့ ဘယ်လို ခံရမလဲ ဆိုတာ ကျနော် မတွေးရဲဘူး။ တခုခု မသင်္ကာစရာတွေဖြစ်လို့ တရားစွဲမယ်ဆိုရင်စွဲပါ။ ကျနော်တို့ ဥပဒေအတိုင်း ရင်ဆိုင် မယ်” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင်တဦးက စစ်ကောင်စီတပ်သည် AA ကို မတိုက်ဘဲ အရပ်သားများကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယခုဖြစ်ရပ်သည်လည်း လူ့အခွင့်အရေးအရ လုံးဝ မဖြစ်သင့်သည့်ကိစ္စ ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “ဒါက လူ့အခွင့်အရေး အနေနဲ့ ပြောမယ်ဆိုရင် လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ။ အခု ဂန္ဓာရုံကျောင်းတိုက်က လူငယ်တွေ ဆိုရင်လည်း အခုထိ ဘယ်နေရာမှာ ဖမ်းထားမှန်း မသိဘူး။ ပြန်လွတ်လာတဲ့ လူတွေလည်း ညှဉ်းပန်းနှိပ်စက်ခံရလို့ ဘာမှ မပြောရဲတော့ ဘူးလို့ ပြောတယ်။ ကျနော်တို့ကလည်း ဘယ်လောက်ပဲ ထောက်ပြပြောဆိုပေမယ့် စစ်တပ်ကတော့ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတာပဲ” ဟု မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကတည်းက တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ် များကို မီးရှို့ပြီး ရွာသားများအား သတ်ဖြတ်ခြင်း အပါအဝင် အရပ်သားရာချီကိုလည်း ဖမ်းဆီးချုပ်နှောင်ထားသည်။
ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် အောက် ခြေ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးများလည်း ပါဝင်ပြီး တချို့ကို မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) ဖြင့် တရားစွဲဆိုထားသလို တချို့မှာ မိသားစုဝင်များနှင့်ပင် အဆက်အသွယ်မရ ဖြစ်နေကြောင်း သိရသည်။
You may also like these stories:
ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာတွင် ဒေသခံ ၉ ဦး သတ်ဖြတ်ခံရ
ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို
တောင်ကုတ်တွင် AA နှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံရသူ ၃၀ ကျော် ရှိလာ