ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မြို့ လောက်ကိုင်မှ အွန်လိုင်းငွေကြေးလိမ်လည်မှုများကို အကြီးအကျယ် ဖြိုခွဲနေစဉ် စစ်ကောင်စီခေါင်းဆောင်နှင့် တော်ဝင်ထိုင်းတပ်မတော် ပူးတွဲ စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒု ဗိုလ်ချုပ်ကြီး ဂျက်ကာပေါင် ဂျန်ပန်းပန်တို့ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ အထူးသဖြင့် ကရင်ပြည်နယ် နယ်စပ် မြဝတီနှင့် ပတ်ဝန်းကျင်မှ ထိုသို့သော ပြဿနာများကို နှိမ်နင်းရန် နေပြည်တော်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဆွေးနွေးသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် မြို့သစ်စီမံကိန်း KK Park သည် မြဝတီ၏ တောင်ဘက်တွင်ရှိပြီး ထိုနေရာသည် သောင်ရင်းမြစ်က ထိုင်းနှင့် မြန်မာနယ်နိမိတ်ကို ပိုင်းခြားထားသည့် နေရာဖြစ်သည်။ တရုတ်ကျောထောက်နောက်ခံပြုသည့် အခြားမြို့သစ် စီမံကိန်းမှာ ရွှေကုက္ကိုဖြစ်ပြီး မြဝတီ၏မြောက်ဘက်တွင် တည်ရှိသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကာကွယ်ရေးဌာန အကြီးအကဲနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒို စောရော်ဂျာခင်သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပသည့် KK Park အုတ်မြစ်ချပွဲသို့ တက်ရောက်သည်။ ထိုနေရာသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အရှေ့တောင်အာရှမှ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှု အချက်အချာ ဖြစ်လာသည်။
မဲဆောက်၏ မြောက်ဘက် အနီးတွင် တည်ရှိသော ရွှေကုက္ကိုသည် အွန်လိုင်း လောင်းကစားမှုများ၊ ဆိုက်ဘာငွေကြေး လိမ်လည်မှုများနှင့် လူကုန်ကူးမှုများအတွက် အမည်ဆိုး ကျော်ကြားသည့် အချက်အချာ နေရာဖြစ်သည်။
ထိုအမည်ဆိုးကျော်ကြားသည့် ရာဇဝတ်မြို့သစ်သည် မြန်မာစစ်တပ်၊ ၎င်း၏ လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူနှင့် တရုတ်နိုင်ငံက အလိုရှိနေသည့် တရုတ်လူမျိုး ကမ္ဘောဒီးယား နိုင်ငံသားဖြစ်နေသူ ရှိုကျီကျောင် ပိုင်သည့် ရထိုင်းအင်တာနေရှင်နယ်တို့၏ ဖက်စပ်လုပ်ငန်း ဖြစ်သည်။
လောက်ကိုင်မှ အွန်လိုင်းရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းမှုအတွင်း တရုတ်နိုင်ငံသားများ ချုပ်ကိုင်ထားသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းမည်ဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
သြဂုတ်လတွင် တရုတ်၊ ထိုင်း၊ လာအိုနှင့် မြန်မာတို့သည် ဒေသတွင်း ဆိုက်ဘာလိမ်လည်မှုများကို ကိုင်တွယ်ရန် ရဲတပ်ဖွဲ့များ ပူးတွဲစစ်ဆင်ရေးအတွက် သဘောတူခဲ့သည်။ “နွေရာသီ စစ်ဆင်ရေး” သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ ငွေကြေး လိမ်လည်သည်ဟု သံသယရှိသူ ၂,၃၁၇ ဦးကို တရုတ်သို့ အောင်မြင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြောင်း တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကြေညာကြောင်း AP သတင်းဌာနက ဖော်ပြသည်။
လစာကောင်းသော အလုပ်တုများ ကမ်းလှမ်းခံရသော သားကောင်များတွင် ထိုင်းနိုင်ငံသား ရာချီ ပါဝင်ပြီး ၎င်းတို့သည် လောက်ကိုင်တွင် အွန်လိုင်းငွေကြေး လိမ်လည်ရန် အတင်းအကျပ် စေခိုင်းခံရသည်။ ထိုင်း အာဏာပိုင်များသည် စစ်ကောင်စီ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ၎င်းတို့ကို ကယ်ဆယ်ခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အွန်လိုင်းငွေကြေး လိမ်လည်မှုဂိုဏ်းများကို နှိမ်နင်းရန် ရည်ရွယ်ချက်မရှိကြောင်း နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး သုတေသီတဦးက ပြောသည်။
၎င်းက “တရုတ်က အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို အမြစ်ဖြတ်ချင်တယ် ပြောလို့သာ တရုတ်က ကျေနပ်အောင် မင်းအောင်လှိုင်က ဒီစကားတွေပြောနေတာ။ တရုတ်တပ်က ပယ်ဆောက်ချိန်နဲ့ ဝေဆန်းကို ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့် သူတို့တွေက ကိုးကန့်နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီ လိုလားတဲ့ ပြည်သူ့စစ်အပေါ် သြဇာရှိလို့ စစ်ကောင်စီက သူတို့ကို ဗြောင်ကျကျ ကာကွယ်နေတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “မင်းအောင်လှိုင်ဟာ ထိုင်းနယ်စပ်က အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို ဖြေရှင်းဖို့ အလုပ်ရှုပ်ခံမှာ မဟုတ်ဘူး။ စောချစ်သူက မြန်မာစစ်တပ် ကွပ်ကဲမှုအောက်မှာ ရှိတယ်။ မင်းအောင်လှိုင်က သူ့ကိုဖမ်းမှာ မဟုတ်ဘူး” ဟုလည်း ပြောသည်။
နိုင်ငံတကာ ရာဇဝတ်မှုများတွင် ပါဝင်နေသော တရုတ်ဂိုဏ်းများသည် လောက်ကိုင်နှင့် မြဝတီမှ စီမံကိန်းများ နောက်ကွယ်တွင် ပါဝင်နေကြာင်း ဝါရှင်တန်အခြေစိုက် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ အဆိုအရ သိရသည်။
ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့သည် စောချစ်သူ အပါအဝင် ရွှေကုက္ကိုနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်များကို မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ လူကုန်ကူးမှုများတွင် ပါဝင်ပတ်သက်မှုအတွက် အရေးယူပိတ်ဆို့မှုများ မကြာသေးမီက ချမှတ်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Online Scams: Thailand Seeks Myanmar’s Help Against Cyber Crime Syndicates on Shared Border ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ မတည်ငြိမ်မှုနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ အဆက်အစပ်
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ
တရုတ်က ငြင်းပေမယ့် ရွှေကုက္ကိုမြို့သစ် BRI အစိတ်အပိုင်းဟု Yatai ပြော
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး