မြန်မာမှ တရားမဝင် စီးပွားရေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်း မြင့်တက်လာသည်။ SAC ဟု ကိုယ့်ဘာသာ အမည်ပေးထားသော စစ်ကောင်စီသည် တရားမဝင် စီးပွားရေးလုပ်ငန်းများကို အမြတ်ထုတ်ရန် အခွင့်အလမ်း ရှာနေသောကြောင့် ထိုသို့ တရားမဝင် စီးပွားရေး မြင့်မားလာခြင်းသည် တစိတ်တပိုင်းအားဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်။ ယခုဆောင်းပါးသည် တားမြစ်ထားသော စီးပွားရေးလုပ်ငန်းများကို ၎င်း၏ အကျိုးစီးပွားအတွက် စစ်ကောင်စီက မည်သို့ အသုံးပြုသည်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာထားသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း တရားမဝင်ကုန်သွယ်ရေး ခေါင်းထောင်ထလာခြင်း
တရားမဝင် စီးပွားရေးလုပ်ငန်းများ သဘောသဘာဝနှင့် အတိုင်းအတာကို စတင်ပြောဆိုရမည်ဆိုလျှင် မြန်မာနိုင်ငံသည် အာရှ ၄၆ နိုင်ငံအနက် ရာဇဝတ်မှုအများဆုံး ကျူးလွန်သည့်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ ၁၉၃ နိုင်ငံအနက် တတိယမြောက် ရာဇဝတ်မှုအများဆုံး နိုင်ငံဖြစ်သည်ဟု ဇူလိုင်လ ၂၀ ရက်နေ့က လွတ်လပ်သော အာရှအသံ (RFA) ၏ သတင်းအရ သိရသည်။
တချိန်တည်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် ကမ္ဘာ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး အစီအစဉ် (Global Initiative to Combat Cross-Border Crime) ပြုစုသည့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု အညွှန်းကိန်းအရ သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် ကမ္ဘာ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေး အစီအစဉ် (Global Initiative to Combat Cross-Border Crime) ပြုစုသည့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု အညွှန်းကိန်းအရ သိရသည်။
မြန်မာမှ သံရုံးများအတွက် ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပသည့် ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့၏ တင်ပြချက်အရ တကမ္ဘာလုံးတွင် အွန်လိုင်းလိမ်လည်မှု စုစုပေါင်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ ရှိသည်ဟု ခန့်မှန်းရသည်။ မဲခေါင်ဒေသတွင် ရာဇဝတ်မှု ကျူးလွန်သူအများစုသည် တရုတ်မှဖြစ်ပြီး အွန်လိုင်းငွေကြေးလိမ်လည်ရန် ထူထောင်ထားသည့် ဝက်ဆိုက်ပေါင်း ၅ သောင်းကျော် ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ထိုင်းနိုင်ငံအာဏာပိုင်များသည် တရုတ် အွန်လိုင်းငွေကြေးလိမ်လည်မှု ဂိုဏ်းခေါင်းဆောင် ကိုးဦးကို ဖမ်းဆီးကာ ဘတ် ၅ ဒသမ ၂ ဘီလီယံကို သိမ်းဆည်းနိုင်ကြောင်း သုတေသီများအဆိုအရ သိရသည်။
မြန်မာတွင် တရုတ်နိုင်ငံသားများနှင့် ကရင်ပြည်နယ်မှ ဒေသအချို့ကို ထိန်းချုပ်ထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားသော အထူးစီးပွားရေးဇုန်ု ရွှေကုက္ကို၊ ရှမ်းပြည် မြောက်ပိုင်းမှ ဝ ပြည်သွေစည်း ညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်း၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မိုင်းလားတို့သည် ဆိုက်ဘာရာဇဝတ်မှုများ၏ ဗဟိုချက်ဖြစ်နေသည်။ အွန်လိုင်း ရာဇဝတ်မှုကျူးလွန်ရသည့် လူကုန်ကူးခံရသူများကို တရားဝင် အလုပ်အကိုင်များဖြင့် ဆွဲဆောင်ကာ ဖမ်းဆီးပြီး အခြားသူများထံမှ ငွေကြေးလိမ်လည်ခိုင်းသည်။ ထိုသို့လူကုန်ကူးခံရသူများတွင် မြန်မာ၏ အိမ်နီးချင်းများ အပါအဝင် နိုင်ငံပေါင်း ၃၀ ခန့်အထိ များပြားသောနိုင်ငံများမှ ပြည်သူများပါဝင်ကာ ၎င်းတို့ကို CCTV မှတဆင့် တရုတ်အစောင့်များက စောင့်ကြည့်သည်။
စစ်ကောင်စီ၏ ပျက်ကွက်မှုများသည် မြန်မာ့အိမ်နီးချင်းများ၏ အမျိုးသားလုံခြုံရေးနှင့် တရားမဝင်မူးယစ်ဆေးများ စီးထွက်ခြင်း၊ ၎င်းတို့ ပြည်သူများကို နယ်စပ်မြို့များသို့ လိမ်လည်ခေါ်ယူခြင်း၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် အွန်လိုင်းရာဇဝတ်မှုများတွင် ပါဝင်စေခြင်းတို့ဖြင့် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သော ဒေသတွင်းတွင် ဆိုးကျိုးများ သို့မဟုတ် မြန်မာ၏ နိုင်ငံရေး မတည်ငြိမ်မှုနှင့် အားနည်းသော အုပ်ချုပ်ရေး၏ ရောဂါလက္ခဏာများကို ခံစားနေရသည်။
စစ်ကောင်စီသည် နိုင်ငံရေးအရ ဆန့်ကျင်သူများကို ဖြိုခွဲရန် ဦးစားပေးနေရသောကြောင့် အားနည်းသော တရားဥပဒေစိုးမိုးမှု၊ ဘိန်းဝယ်လိုအား မြင့်လာခြင်းနှင့် အခြားအခွင့်အလမ်း မရှိခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ ရှိခြင်း၏ ရလဒ်မှာ တရားမဝင်လုပ်ငန်းများ တိုးလာခြင်းဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံရေးအရ ဆန့်ကျင်သူများကို ဖြိုခွဲရန် ဦးစားပေးနေရသောကြောင့် အားနည်းသော တရားဥပဒေစိုးမိုးမှု၊ ဘိန်းဝယ်လိုအား မြင့်လာခြင်းနှင့် အခြားအခွင့်အလမ်း မရှိခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ ရှိခြင်း၏ ရလဒ်မှာ တရားမဝင်လုပ်ငန်းများ တိုးလာခြင်းဖြစ်သည်။
ရာဇဝတ်မှုများကို စစ်ကောင်စီက အခွင့်အလမ်းဟု မြင်
မြန်မာစစ်ကောင်စီသည် ကြီးထွားနေသည့် မူးယစ်ဆေးပြဿနာ၊ ဆိုက်ဘာရာဇဝတ်မှုများနှင့် လူကုန်ကူးခြင်းတို့ကို ၎င်းတို့အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုနေသည်ဟု ယူဆစရာ အကြောင်းရင်းများ ရှိနေသည်။
စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) ၏ ခုခံတော်လှန်ရေးလှုပ်ရှားမှု ကြီးထွားနေသော အင်အားကို ကန့်သတ်ရန် သို့မဟုတ် တားဆီးရန် တရားမဝင် လက်နက်မှောင်ခိုမှုကို ဖြိုခွဲရန်နှင့် တရားဝင် ထိတွေ့ဆက်ဆံအတွက် အလဲအလှယ်အဖြစ် ထိုနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများဖြင့် နိုင်ငံတကာအသိုက်အဝန်းကို ခြိမ်းခြောက်နေသည်။
တရားဝင် ထိတွေ့ဆက်ဆံမှု အခွင့်အလမ်းသည် အာဏာသိမ်းပြီးနောက် သံတမန်ရေး အထီးကျန်မှုကြောင့် စစ်ကောင်စီအတွက် နိုင်ငံရေးအရ အရေးပါသည်။ စစ်ကောင်စီသည့် ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် သံတမန်ရေး ကိုယ်စားပြုမှု ဆုံးရှုံးနေပြီး ယခင်က သမိုင်းတွင် မကြုံဖူးသည့် အခြေအနေ ဖြစ်သည်။
ဥပမာအားဖြင့် ဆိုရပါက သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်သည်။ သို့သော် သူသည် စစ်ကောင်စီကို ကိုယ်စားမပြုဘဲ စစ်ကောင်စီက သူ့ကို ရာထူးမှ ဖယ်ရှားရန် ကြိုးစားခဲ့သည်။ သို့သော် သူသည် ရာထူးမှ ထွက်မပေးဘဲ ကုလသမဂ္ဂ အထွေထွေညီလာခံ ခန့်အပ်ရေးကော်မတီကလည်း လက်ရှိအချိန်အထိ စစ်ကောင်စီက ခန့်အပ်သူကို အသိအမှတ် မပြုသေးပေ။ အာဆီယံကလည်း အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာမှ နိုင်ငံရေးနှင့် မဆိုင်သည့် ကိုယ်စားလှယ်ကိုသာ ဖိတ်သည်။
ထိုသို့သော အခြေအနေတွင် မြန်မာမှစတင်သည့် မူးယစ်ဆေးဝါးများ၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုများနှင့် လူကုန်ကူးခြင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံ အစိုးရများသည် စစ်ကောင်စီနှင့် ဆက်ဆံရန် ဖိအားပေးသည်။ ထိုပြဿနာများကို ဆွေးနွေးရန်နှင့် ဖြေရှင်းရန်အတွက် တရားဝင် အစည်းအဝေးများကို စစ်ကောင်စီက ၎င်းတို့သည် အထီးကျန် မဟုတ်ကြောင်း မိတ်ဆွေများ ရှိနေဆဲဖြစ်ကြောင်း ပြည်တွင်းမှလူများကို ပြသရန် အသုံးချသည်။
ဥပမာအားဖြင့်ဆိုပါက ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ကောင်စီသည် ၄၄ ကြိမ်မြောက် အာဆီယံ အပေါင်း မိတ်ဘက် သုံးနိုင်ငံ (တရုတ်၊ အိန္ဒိယ၊ ရုရှား) အဆင့်မြင့် အရာရှိများ မူးယစ်ဆေးဝါး ပြဿနာများနှင့် ဆက်စပ်အစည်းအဝေးများ (ASOD) ကို ဗီဒီယိုကွန်ဖရင့်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်ဟု စစ်ကောင်စီ ထိန်းချုပ်သည့် Global New Light of Myanmar သတင်းစာက ဖော်ပြသည်။
ပြဿနာများကို ဆွေးနွေးရန်နှင့် ဖြေရှင်းရန်အတွက် တရားဝင် အစည်းအဝေးများကို စစ်ကောင်စီက ၎င်းတို့သည် အထီးကျန် မဟုတ်ကြောင်း မိတ်ဆွေများ ရှိနေဆဲဖြစ်ကြောင်း ပြည်တွင်းမှလူများကို ပြသရန် အသုံးချသည်။
စစ်ကောင်စီသည် သံတမန်ရေး အထီးကျန်နေချိန်တွင် ထိုကိစ္စသည် နိုင်ငံရေးအရ ထူးခြားသည်။ ထိုသို့ ထိတွေ့ဆက်ဆံမှုများ၊ အစည်းအဝေးများသည် ခုခံတော်လှန်ရေး လှုပ်ရှားမှုက တောင်းဆိုသည့် စစ်ကောင်စီကို အထီးကျန်စေရေး မအောင်မြင်ကြောင်း သွယ်ဝိုက်သက်သေပြရန် ခွင့်ပြုလိုက်ခြင်းပင်။
ရာဇဝတ်မှုကို အပေးအယူအဖြစ် တိုက်ဖျက်ခြင်း
ယခု ဆွေးနွေးနေသည့် ကိစ္စများအားလုံးသည် တရားမဝင်လုပ်ငန်းများ ဖြစ်သော်လည်း ထိုကိစ္စများကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ အစိုးရများသည် မတူညီသော ဦးစားပေးများနှင့် အလျင်အမြန် ဆောင်ရွက်မှုအဆင့် အမျိုးမျိုး ရှိသည်။ အိမ်နီးချင်းအစိုးရများသည် မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် လူကုန်ကူးမှုများသည် အထက်တွင် ဖော်ပြထားသည့်အတိုင်း ၎င်းတို့နိုင်ငံသားများကို ဆိုးကျိုးများ ဖြစ်စေသောကြောင့် ထိုကိစ္စများအား တားဆီးဖြေရှင်းရန် ဦးစားပေးကြသည်။
စစ်ကောင်စီသည် တရားမဝင် မူးယစ်ဆေးများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများနှင့် လူကုန်ကူးမှုများ တိုက်ဖျက်ခြင်းကို အပေးအယူလုပ်ငန်းအဖြစ် သရုပ်ဖော်လိုမည်ဟု ယူဆရသည်။
တချိန်တည်းတွင် စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရားမဝင် လက်နက်မှောင်ခိုမှုကို ဖြိုခွဲစေလိုသည်။ ခုခံတော်လှန်ရေး အင်အားစုများလက်သို့ လက်နက်များ စီးဝင်ခြင်းကို စစ်ကောင်စီက ကန့်သတ်တားဆီးလိုသည်ကို နားလည်နိုင်ပေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီသည် တရားမဝင် မူးယစ်ဆေးများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများနှင့် လူကုန်ကူးမှုများ တိုက်ဖျက်ခြင်းကို အပေးအယူလုပ်ငန်းအဖြစ် သရုပ်ဖော်လိုမည်ဟု ယူဆရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် စစ်ကောင်စီ၏ မကြာသေးမီက အစည်းအဝေးများတွင် စစ်ကောင်စီက ထိုနိုင်ငံများမှ ကိုယ်စားလှယ်များကို မြန်မာနှင့် ၎င်းတို့နယ်စပ်များကို လက်နက်မှောင်ခိုခြင်းကို ဖြိုခွဲရန် ပြောသည်ဟု ရန်ကုန်ရှိ သံရုံးများအတွက် ဇူလိုင်လ ၂၆ ရက်နေ့ ရှင်းလင်းချက်အရ သိရသည်။ တချိန်တည်းတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့က နယ်စပ်ဒေသများမှ တရားမဝင် မူးယစ်ဆေးများ၊ ဆိုက်ဘာလိမ်လည်မှုများနှင့် လူကုန်ကူးမှုများကို တိုက်ဖျက်ရန် စစ်ကောင်စီကို ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ခုခံတော်လှန်ရေး အင်အားစုများလက်သို့ လက်နက်များ မရောက်အောင် အိမ်နီးချင်းနိုင်ငံများက ၎င်းတို့ နယ်စပ်ဒေသများမှ တရားမဝင် လက်နက်မှောင်ခိုမှုများကို ဖြိုခွဲရန် အပေးအယူ ကိစ္စအဖြစ် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အသုံးပြုနေပုံရသည်။ အိမ်နီးချင်းအစိုးရများသည် မြန်မာမှ မူးယစ်ဆေးဝါးများ၊ ဆိုက်ဘာရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများကို တိုက်ဖျက်ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုသလို စစ်ကောင်စီကလည်း လက်နက်မှောင်ခိုမှုများ ဖြိုခွဲရာတွင် အိမ်နီးချင်းများ၏ ပူးပေါင်းဆောင်ရွက်မှု လိုသည်ဟု စဉ်းစားပုံရသည်။
မူးယစ်ဆေးဝါး ပြဿနာကို ဖြိုခွင်းခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ အာဏာပိုင်များသည် အိမ်နီးချင်း အစိုးရများကို ၎င်းတို့ ပျက်ကွက်မှုများအတွက် တစိတ်တပိုင်း အပြစ်တင်ရန် ခိုင်မာသောအချက်တခု ရှိသည်။ ၂၀၁၉ ခုနှစ်၊ မတ်လက လာအိုနိုင်ငံတွင် ကျင်းပသည့် အစားထိုး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒေသတွင်း ညီလာခံတခုတွင် စာရေးသူသည် မူးယစ်ဆေးဝါး အလွဲသုံးမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) ၏ ကိုယ်စားလှယ်အရာရှိတဦးနှင့် တွေ့ဆုံခဲ့ပြီး မြန်မာမှ ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှု ပြဿနာအကြောင်း ပြောဆိုခဲ့သည်။
တစုံတဦး၏ ပြဿနာသည် အခြားတဦးအတွက် အခွင့်အလမ်း ဖြစ်သည်ဆိုသည့် စကားပုံအတိုင်း သာဖြစ်သည်။ မြန်မာစစ်တပ်သည် တစုံတဦး၏ ပြဿနာကို အမြတ်ထုတ်နေသည့် တခုတည်းသော ဇာတ်ကောင်မဟုတ်ပေ။
မြန်မာနိုင်ငံသည် မူးယစ်ဆေး ထုတ်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်းများ မြန်မာတွင် မထုတ်လုပ်ဘဲ အိမ်နီးချင်းနိုင်ငံများမှ လာသောကြောင့် အိမ်နီးချင်းနိုင်ငံများတွင်လည်း တာဝန်ရှိကြောင်း ထိုအရာရှိက ပြောသည်။ မက်သာဖက်တမင်း ထုတ်လုပ်ရာတွင် လိုအပ်သော အဓိက ဓာတုပစ္စည်းများဖြစ်သည့် အက်ဖီဒရင်းနှင့် ဆူဒို အက်ဖီဒရင်းတို့ကို ဘိန်းဖြူထုတ်လုပ်ရာတွင် သုံးသည့် ဓာတုပစ္စည်းများ ကဲ့သို့ပင် တရုတ်နှင့် အိန္ဒိယမှ တင်သွင်းကြောင်း တွမ် ခရာမာ၏ လေ့လာမှုတခုတွင်လည်း ဖော်ပြထားသည်။
အချုပ်အားဖြင့် ဆိုရပါက တစုံတဦး၏ ပြဿနာသည် အခြားတဦးအတွက် အခွင့်အလမ်း ဖြစ်သည်ဆိုသည့် စကားပုံအတိုင်း သာဖြစ်သည်။ မြန်မာစစ်တပ်သည် တစုံတဦး၏ ပြဿနာကို အမြတ်ထုတ်နေသည့် တခုတည်းသော ဇာတ်ကောင်မဟုတ်ပေ။ ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် တူရကီနိုင်ငံက ၎င်းတို့သည် (အများအားဖြင့် ဆီးရီးယားမှ) ဒုက္ခသည်များ ဥရောပသို့ သွားခြင်းကို တားဆီးမည် မဟုတ်ကြောင်း ကြေညာလိုက်သောအခါ တူရကီသည် ဥရောပကို ဖိအားပေးရန် ရွှေ့ပြောင်းအခြေချမှု ပြဿနာကို အသုံးချကြောင်း စွပ်စွဲခံရသည်။
အလားတူစွာပင် တရုတ်သည်လည်း မြန်မာမှ ဖရိုဖရဲအခြေအနေများကို အသုံးချနေကြောင်း စွပ်စွဲခံရသည်။ ယူကရိန်း-ရုရှားစစ်တွင် ရုရှားက သီးနှံတင်ပို့ရေး သဘောတူညီချက်မှ နုတ်ထွက်လိုက်ပြီးနောက် ရုရှားသည် အစားအစာကို လက်နက်သဖွယ်သုံးသည်ဟု စွပ်စွဲခံရသည်။
အားနည်းသည့် ရောဂါလက္ခဏာ
တရားမဝင် မူးယစ်ဆေးဝါးများ၊ ဆိုက်ဘာ ရာဇဝတ်မှုများ၊ လူကုန်ကူးမှုများနှင့် လက်နက်မှောင်ခိုခြင်းတို့ကို နိုင်ငံတည်ဆောက်ရေး အားထုတ်မှု ခေတ်အဆက်ဆက် မအောင်မြင်သောကြောင့် ဖြစ်လာသည့် မြန်မာ၏ နိုင်ငံရေး မတည်ငြိမ်မှုနှင့် အုပ်ချုပ်မှု အားနည်းသည့် ရောဂါလက္ခဏာများအဖြစ် မြင်ရန် အရေးကြီးသည်။ ထိုရောဂါလက္ခဏာများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်းတွင် ထိုနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ဆိုးကျိုးများခံစားရခြင်းမှ တားဆီးနိုင်မည် မဟုတ်ပေ။
မြန်မာနိုင်ငံသည် ထိုအကြောင်းရင်းကို ဖြေရှင်းရန် ရနိုင်သမျှ အကူအညီအားလုံးကို လိုအပ်နေသည်။ ထိုသို့ လုပ်ဆောင်မည်ဆိုပါက မြန်မာသည် အရေးပါသော လမ်းဆုံလမ်းခွသို့ ရောက်နေသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာပြည်သူများသည် ယခင် မကြုံဖူးသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အမျိုးသားသွေးစည်းညီညွတ်မှုနှင့်ဖက်ဒရယ်ဒီမိုကရေစီအတွက် ခိုင်မာသော ရည်မှန်းချက်ကို ပြသနေကြသည်။
နိုင်ငံတကာအသိုက်အဝန်းက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကို အမှန်တကယ် တိုက်ဖျက်လိုပါက စစ်မှန်သော ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်း အောင်မြင်စေရန် မြန်မာပြည်သူများကို ကူညီရန် လိုအပ်သည်။
နိုင်ငံတကာအသိုက်အဝန်းက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကို အမှန်တကယ် တိုက်ဖျက်လိုပါက စစ်မှန်သော ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်း အောင်မြင်စေရန် မြန်မာပြည်သူများကို ကူညီရန် လိုအပ်သည်။ ထိုသို့သော အကူအညီသည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု တည်ဆောက်ရာတွင် အကျိုးပြုပြီး အုပ်ချုပ်ရေးကို တိုးတက်စေကာ တရားမဝင် စီးပွားရေးကို ထိရောက်စွာ ထိန်းချုပ်ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တားဆီးရေး သို့မဟုတ် အနည်းဆုံးဖြစ်ရေးသို့ ဦးတည်သွားမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Zung Ring ၏ Illicit Economic Activities Are Symptoms of Myanmar’s Instability ကို ဘာသာပြန်သည်။ ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
တရုတ်ခရီးသွားများ မြန်မာနှင့် ကမ္ဘောဒီးယားကို ရှောင်
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ
“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး
တရုတ်က ငြင်းပေမယ့် ရွှေကုက္ကိုမြို့သစ် BRI အစိတ်အပိုင်းဟု Yatai ပြော