မြန်မာပြည်တွင်းစစ်နှင့် ပတ်သက်သည့် ကမ္ဘာ့တုံ့ပြန်မှုသည် လက်ရှိအချိန်အထိ ထိရောက်မှု မရှိသော်လည်း စစ်ကောင်စီ အင်အားပိုမိုချိနဲ့လာခြင်းသည် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများအနေဖြင့် ရေရှည် တည်တံ့သော တည်ငြိမ်မှုရရန် အခွင့်အရေးများ ဖန်တီးပေးခဲ့သည်ဟု အစီရင်ခံစာသစ်တခုက ဆိုလိုက်သည်။
ပြည်ပအစိုးရများက ချမှတ်သည့် အရေးယူပိတ်ဆို့မှုများနှင့် လူသားချင်းစာနာမှု အကူအညီသည် ကျိုးကြောင်းဆီလျော်သည့် စ မှတ်ဖြစ်သော်လည်း ထိုနည်းလမ်း နှစ်ခုအနက် မည်သည်ကမှ ပဋိပက္ခ၏ လမ်းကြောင်းအပေါ် ထူးထူးခြားခြား သြဇာသက်ရောက်ရန် စစ်မှန်သော အလားအလာ မရှိကြောင်း Lowy အင်စတီကျု သုတေသနဌာနမှ ထုတ်ပြန်သည့် “ဒေါသသည် မူဝါဒ မဟုတ်-အစိတ်စိတ်အမွှာမွှာကွဲနေသော မြန်မာနှင့် ဆက်ဆံခြင်း” (Outrage is not a policy: coming to terms with Myanmar’s fragmented state) အစီရင်ခံစာက ဖော်ပြသည်။
“အနောက်နိုင်ငံအစိုးရတွေက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ်ကို လုံလုံလောက်လောက် တုံ့ပြန်ဖို့ ရုန်းကန်နေရပြီး အခုလို သမိုင်းဝင်ဖြစ်ရပ်တွေရဲ့ ဒိုင်းနမစ်တွေ သို့မဟုတ် ထူးခြားမှုနဲ့ လိုက်လျောညီထွေ မဖြစ်တဲ့ သမားရိုးကျ နည်းလမ်းတွေကို အရမ်းမှီခိုနေရတယ်” ဟု ထိုအစီရင်ခံစာ ရေးသားသူနှင့် ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမှ နယူးဆောက်သ်ဝေးလ်တက္ကသိုလ် မြန်မာ့ရေးရာ အထူးပြု ဝါရင့် နိုင်ငံတကာ နိုင်ငံရေး ကထိက မော်တန် ပီဒါဆန်က ပြောသည်။
“အစိုးရတွေက မြန်မာမှာ အနောက်နိုင်ငံတွေနဲ့ တရုတ် လက်ဝေခံစစ်ပွဲ ဖြစ်စေနိုင်မယ့် တော်လှန်ရေး အင်အားစုတွေကို စစ်ရေးအကူအညီပေးဖို့ စိတ်မပါဘူးဆိုတာကို နားလည်နိုင်တယ်” ဟု ပီဒါဆန်က ပြောသည်။
“အစိုးရတွေက မြန်မာမှာ အနောက်နိုင်ငံတွေနဲ့ တရုတ် လက်ဝေခံစစ်ပွဲ ဖြစ်စေနိုင်မယ့် တော်လှန်ရေး အင်အားစုတွေကို စစ်ရေးအကူအညီပေးဖို့ စိတ်မပါဘူးဆိုတာကို နားလည်နိုင်တယ်” ဟု ပီဒါဆန်က ပြောသည်။
“ဒါပေမယ့် မူဝါဒချတဲ့ အသိုက်အဝန်းအချို့မှာ တွေးခေါ်စဉ်းစားမှု ကင်းမဲ့တာ ဒါမှမဟုတ် အသစ်စဉ်းစားဖို့ မလုံလောက်တာလို့ ကောက်ချက်ချရ ခက်တယ်” ဟု ၎င်းကပြောသည်။
အရေးယူပိတ်ဆို့မှုများနှင့် လူသားချင်းစာနာမှု အကူအညီများသည် မြန်မာအကျပ်အတည်းနှင့် ပတ်သက်သည့် အဓိက တုံ့ပြန်မှုဖြစ်သော်လည်း မည်သည့်အစိုးရကမှ တိုက်ရိုက် စစ်ရေးထောက်ပံ့ခြင်းဖြင့် အဓိက ပတ်သက်သူများဖြစ်သည့် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်အကြား တင်းမာမှု မြင့်မားခြင်းကို မလိုလားကြပေ။ သို့သော် ထိုသို့ စစ်ရေးထောက်ပံ့ခြင်းသည်လည်း သယ်ယူပို့ဆောင်ရေးအရ ခက်ခဲကြောင်း ကျွမ်းကျင်သူများက ပြောသည်။
သို့တိုင် ကမ္ဘာ့တုံ့ပြန်မှုသည် နွေးထွေးမှု မရှိကြောင်း ထိုအစီရင်ခံစာက မှတ်ချက်ချပြီး အစိုးရ အများအပြားသည် ဂါဇာနှင့် ယူကရိန်းစစ်ကဲ့သော အခြားပဋိပက္ခများကြောင့် အာရုံမရောက် ဖြစ်နေကြသည်။
မြန်မာအဝေးရောက်များက စီမံသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လွန်ခဲ့သောအပတ်တွင် ထုတ်ပြန်သည့် နောက်ဆုံး စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသည့် ပြည်သူ ၅,၀၀၀ ရှိပြီး လူပေါင်း ၂၆,၀၀၀ ကျော်ကို ဖမ်းဆီးကာ ၂၀,၀၀၀ ကျော်သည် စစ်ကောင်စီချုပ်နှောင်မှု ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းကဲ့သို့သော စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများသည် အများအားဖြင့် မထိရောက်သော ကစားနည်းနှင့်တူသည်ဟု ပီဒါဆန်က ပြောပြီး စစ်ကောင်စီ၏ ဘဏ္ဍာရေး အပေးအယူအချို့ကို ထိန်းချုပ်နိုင်သော်လည်း ဗိုလ်ချုပ်များသည် ၎င်းတို့ ဘဏ်လုပ်ငန်းစနစ်ကို ပြန်လည်တည်ဆောက်ခြင်းဖြင့် ထိုအားထုတ်မှုများကို တန်ပြန်နိုင်ကြောင်း ပြောသည်။
အရေးယူပိတ်ဆို့မှုများသည် မလုံလောက်သော နိုင်ငံတကာ ထောက်ခံမှုကြောင့် မထိရောက်ကြောင်း ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေးကို အထူးပြုလေ့လာသူ ပါမောက္ခ ဇာကာရီ အဘူဇာက ပြောသည်။ ပိုမိုသေနင်္ဂဗျူဟာကျသည့် ချဉ်းကပ်မှု၊ အထူးသဖြင့် လေယာဉ်ဆီတင်သွင်းမှုကို ထိန်းချုပ်ခြင်းသည် ပိုမို အောင်မြင်နိုင်ကြောင်း ၎င်းကပြောသည်။
သို့သော် ယူကရိန်းစစ်ကြောင့် ရုရှားအပေါ် ချမှတ်သည့် အလားတူ အရေးယူပိတ်ဆို့မှုများသည် မသမာသည့် တင်ပို့သူမျာကြောင့် ကျင့်သုံးရန် ခက်ခဲကြောင်း ပြသနေသည်ဟု ပါမောက္ခ ဇာကာရီ အဘူဇာက ပြောသည်။
အရေးယူပိတ်ဆို့မှု သက်သက်ကို အားကိုးခြင်းထက် ပိုမိုတီထွင်ဆန်းသစ်သည့် နည်းလမ်းများကို ပီဒါဆန်က အားပေးသည်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ဒေသများတွင် ပေါ်ပေါက်လာသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးစနစ်ကို ကူညီပြီး စင်ပြိုင်နိုင်ငံတော် တည်ထောင်ရေးကို ထောက်ခံရန် ၎င်းကအကြံပြုသည်။
အရေးယူပိတ်ဆို့မှု သက်သက်ကို အားကိုးခြင်းထက် ပိုမိုတီထွင်ဆန်းသစ်သည့် နည်းလမ်းများကို ပီဒါဆန်က အားပေးသည်။ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် မရှိသည့် ဒေသများတွင် ပေါ်ပေါက်လာသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးစနစ်ကို ကူညီပြီး စင်ပြိုင် နိုင်ငံတော် တည်ထောင်ရေးကို ထောက်ခံရန် ၎င်းက အကြံပြုသည်။
“ခုခံတော်လှန်ရေး အင်အားစုကို အကူအညီပေးဖို့ ဆွေးနွေးမှုတွေဟာ လက်နက်ကိုင်တိုက်ပွဲကို ထောက်ခံရေးအပေါ် အာရုံစိုက်နေပေမယ့် တော်လှန်ရေး အင်အားစု အုပ်ချုပ်ရေးကို ထောက်ခံဖို့ မလေ့လာ၊ မရှာဖွေရသေးတဲ့ အခွင့်အလမ်းတွေ အများကြီးရှိပြီး အန္တရာယ်လည်း ပိုမိုနည်းပါးတယ်” ဟု ပါမောက္ခ ဇာကာရီ အဘူဇာက ပြောသည်။
မြန်မာစစ်အုပ်စုကို ဆန့်ကျင်သည့် လှုပ်ရှားမှုသည် စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန် ဖွဲ့စည်းထားသည့် စင်ပြိုင် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှသည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအထိ ပါဝင်သည်။
ယခုအခါ ထိုအဖွဲ့အစည်းများသည် မြန်မာတွင် စင်ပြိုင် နိုင်ငံရေးအာဏာကို ထူထောင်နေသော်လည်း ရင်းမြစ်ချို့တဲ့နေပြီး နိုင်ငံတကာမှ အထောက်အကူ ရနိုင်ကြောင်း ပီဒါဆန်၏ ပြောကြားချက်အရ သိရသည်။ ကမ္ဘာ့အကူအညီသည် တော်လှန်ရေး အင်အားစုများသို့ လူမှုဝန်ဆောင်မှုများပေးခြင်းနှင့် ၎င်းတို့အကြား ညှိနှိုင်းဆွေးနွေးမှုများကို အထောက်အကူပြုနိုင်ကြောင်း ၎င်းကပြောသည်။
NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဆက်သွယ်မှု ရှာဖွေရန် နည်းလမ်းရှာပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စတားလင့်ခ် သို့မဟုတ် ဂြိုဟ်တု အင်တာနက် အဆက်အသွယ်များအတွက် ရန်ပုံငွေကို စဉ်းစားနိုင်ကြောင်း ဥပမာအားဖြင့် ပါမောက္ခ ဇာကာရီ အဘူဇာက ပြောသည်။
ထိုအဖွဲ့အစည်းများသည် ပိုမိုအုပ်ချုပ်နိုင်ရန် ပညာရေးနှင့် ဆေးဝါးအကူအညီ လိုအပ်နေကြောင်းလည်း ၎င်းကပြောသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် နိုင်ငံတကာအသိုက်အဝန်းထက် မြန်မာကို ပိုမိုထိရောက်စွာ ကူညီနိုင်ကြောင်း၊ အထူးသဖြင့် နိုင်ငံအနှံ့အပြားတွင် နေထိုင်နေပြီး လူမျိုးစု သုတ်သင်မှုအတွက် ထိခိုက်လွယ်သည့် ဒုက္ခသည် ၁ သန်းကျော်အတွက် ပိုမိုထိရောက်နိုင်ကြောင်း ဆစ်ဒနီအခြေစိုက် ပြည်သူ့ရေးရာမူဝါဒ အဖွဲ့ဖြစ်သည့် မူဝါဒဖွံ့ဖြိုးရေးစင်တာမှ အမှုဆောင်အကြီးအကဲ အင်ဒရူး ဟတ်ဆန်က ပြောသည်။
“ကမ္ဘာ့ အခြားဒေသတွေက လုပ်ဆောင်မှုတွေ မထိရောက်လို့ အာဆီယံက ထိရောက်တဲ့ ကြားဝင်စွက်မှုက အရေးပါတယ်” ဟု ၎င်းကပြောသည်။
မြန်မာက ဒေသတွင်းအဖွဲ့ဝင် ဖြစ်သောကြောင့် အာဆီယံသည် အရေးပါကြောင်း စင်ကာပူမှ အက်စ် ရာဂျာရတ်နမ် နိုင်ငံတကာ လေ့လာရေးကျောင်းမှ နိုင်ငံရေးနှင့် လုံခြုံရေး သုတေသီ ဟန်းနရစ် ဆီဂျန်းက ပြောသည်။
အာဆီယံသည် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အလားအလာရှိသော ဒေသတွင်း နိုင်ငံများနှင့် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကြားဝင်ရန် လိုအပ်လိမ့်မည်ဟု ၎င်းကပြောသည်။
အာဆီယံသည် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အလားအလာရှိသော ဒေသတွင်း နိုင်ငံများနှင့် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကြားဝင်ရန် လိုအပ်လိမ့်မည်ဟု ၎င်းကပြောသည်။
မြန်မာအပေါ် သြဇာသက်ရောက်မှုနှင့် ယခင် အပစ်အခတ်ရပ်စဲရေးများတွင် ပါဝင်ပတ်သက်မှုကြောင့် တရုတ်သည် စစ်ဖြစ်နေသည့် အုပ်စုများအကြား ဆွေးနွေးပွဲများကို အားပေးပြီး အာဆီယံနှင့် လုပ်ကိုင်သင့်ကြောင်း သုတေသီ ဟန်းနရစ် ဆီဂျန်းက ပြောသည်။
“စစ်ကောင်စီကို ဖြုတ်ချရေးမှာ တော်လှန်ရေးအင်အားစုကို အားပေးတာဟာ အကောင်းဆုံးနည်းလမ်းလို့ အနောက်နိုင်ငံအများစုက ယုံကြည်ကြတယ်” ဟု ၎င်းကပြောသည်။
“အဲဒီလို လုပ်ရပ်တွေက ရုရှားနဲ့ မဟာမိတ်ဖြစ်နေတဲ့ မြန်မာနဲ့ အာဆီယံဒေသကို ပိုမိုကျယ်ပြန့်တဲ့ အားပြိုင်မှုဖြစ်စေပြီး ဖြစ်စဉ်မှာ အာဆီယံ အချက်အချာကျမှုကို ထိခိုက်စေနိုင်တယ်” ဟု ၎င်းကပြောသည်။
(South China Morning Post ပါ Su-Lin Tan ၏ Myanmar’s civil war rages on despite ‘whack-a-mole’ sanctions, scant aid. What more can be done? ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီကို တရားဝင်မှုပေးသောကြောင့် အာဆီယံ ထပ်ဝေဖန်ခံရ
မြန်မာလူသားချင်းစာနာမှု အကူအညီ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလေးပေး
အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း
မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း