ထိုင်းနိုင်ငံသည် မြန်မာအကျပ်အတည်း ဖြေရှင်းရေး အားထုတ်မှုများကို အရှိန်မြှင့်တင်ပြီး သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု ချဲ့ထွင်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအရာရှိများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ တရုတ်၊ အိန္ဒိယနှင့် အမေရိကန် ပြည်ထောင်စုကဲ့သို့သော နိုင်ငံများနှင့် ဆွေးနွေးမှုများကို ကိုးကားပြီး အဓိကကျသည့် အရာရှိတဦးက Nikkei Asia သို့ ပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်သွားနေသူများအတွက် လူသားချင်းစာနာမှု အကူအညီပေးပို့ရေးနှင့် မြန်မာနှင့်ထိုင်း ကြက်ခြေနီအသင်းများ၏ အကူအညီများ (ကနဦးတွင် အစားအစာနှင့် ဆေးဝါးများ) ကို ကြီးကြပ်ရေးတွက် ထိုင်း-မြန်မာနယ်စပ်ဌာန ထူထောင်ရေး စီမံချက်များကိုလည်း အမြန်ဆုံးလုပ်နေကြောင်း တွေ့ဆုံမေးမြန်းမှုတခုတွင် ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖောင်ကက်ကောက တွေ့ဆုံမေးမြန်းမှုတခုတွင် ပြောသည်။
ထိုစီမံချက်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး လူသားချင်းစာနာမှု ညှိနှိုင်းရေးဌာန (AHA centre) ၏ လေ့လာစောင့်ကြည့်သည့် အခန်းကဏ္ဍ ပါဝင်သည်။ ထိုသို့ပါဝင်ခြင်းသည် အာဆီယံ၏ ပါဝင်ထောက်ခံမှုကို ကိုယ်စားပြုကြောင်း မစ္စတာ ဆီဟာဆက်က ပြောသည်။
မြန်မာနိုင်ငံအတွင်းတွင် လူပေါင်း ၂ ဒသမ ၆ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီသည် ကနဦးတွင် လူ ၂ သောင်းအတွက် ရရှိမည်ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းသည့် အရေးပါသည့် ပထမခြေလှမ်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ဖေဖော်ဝါရီလကုန်ရင် အကူအညီ စတင်ပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟု မစ္စတာ ဆီဟာဆက်က ပြောသည်။
မစ္စတာ ဆီဟာဆက်သည် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘဟစ်ဒ နုကာရာနှင့် ထိုင်း-မြန်မာနယ်စပ်သို့ မသွားမီ Nikkei နှင့် တွေ့ဆုံခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အကူအညီပေးရေးနှင့် လေ့လာစောင့်ကြည့်ရေးဌာန ထူထောင်မည့် နေရာကို သွားရောက်စစ်ဆေးခြင်း ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မစ္စတာ ဂျိတ်ဆူလီဗန်တို့ လွန်ခဲ့သော အပတ်တွင် ဘန်ကောက်သို့ လာရောက်ခြင်း အပါအဝင် ဒေသတွင်း သံတမန်ရေး လှုပ်ရှားမှု အများအပြား ပေါ်ပေါက်လာပြီးနောက်တွင် အထက်ပါအတိုင်း ၎င်းက ပြောကြားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးတို့သည် ၎င်းတို့ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဓိကအားဖြင့် ဘန်ကောက်သို့ ရောက်လာခြင်း ဖြစ်သည်။ ထိုနှစ်နိုင်ငံ ဆွေးနွေးပွဲများအတွင်း မြန်မာပြဿနာကိုလည်း ဆွေးနွေးကြသည်။ မစ္စတာ ဆီဟာဆက်က အမေရိကန်နှင့် ထိုင်းတို့က အထက်ပါ အကူအညီပေးရေး အစီအစဉ်ကို ထောက်ခံကြောင်း ဖော်ပြသည်ဟု ပြောသည်။
“ဖေဖော်ဝါရီလကုန်ရင် အကူအညီ စတင်ပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟု မစ္စတာ ဆီဟာဆက်က ပြောသည်။
ထိုင်း၏ မြန်မာ့အရေး အားထုတ်မှုများနှင့် လက်ရှိ အကျပ်အတည်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးပွဲများတွင် အရေးပါကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ပြောသည်။
“မြန်မာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်း ပြန်သွားရေးကို အားပေးဖို့ ဆက်လက် အာရုံစိုက်ဖို့လိုတော့ လာမယ့် အပတ်တွေနဲ့ လတွေမှာ အောက်ခြေအဆင့် နောက်ဆက်တွဲ ဆွေးနွေးပွဲတွေရှိမယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟု အဆိုပါအရာရှိက ပြောသည်။
ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက လာအိုနိုင်ငံ၊ လွန်ပရာဘန်တွင် ကျင်းပသည့် အစည်းအဝေးတွင် လွန်ခဲ့သောလက အတည်ပြုခဲ့ပြီး စစ်ကောင်စီကလည်း ယခုနှစ် အစောပိုင်းက သဘောတူထားသည်။
ထိုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် နှင့်ပတ်သက်သည့် ၎င်းတို့၏ ကတိကဝတ်များကို ထပ်မံအတည်ပြုသည်။ ထိုဘုံသဘောတူညီချက် ၅ ချက်သည် အရပ်သားများကို အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးနှင့် အာဆီယံမှတဆင့် လူသားချင်း စာနာမှု အကူအညီများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ရေးတို့ ပါဝင်သည်။ အာဆီယံအဖွဲ့ဝင်များနှင့် သဘောတူညီထားသော်လည်း နေပြည်တော်မှ စစ်ကောင်စီက ထို ၅ ချက်ကို လုံးဝ အကောင်အထည်ဖော်ခြင်း မရှိပေ။
မြန်မာသည် လွန်ပရာဘန် အစည်းအဝေးသို့ နိုင်ငံရေးရာထူး မဟုတ်သည့် ကိုယ်စားလှယ်တဦး စေလွှတ်ခဲ့ပြီး ထိုသို့စေလွှတ်ခြင်းသည် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးရာထူးရှိသူ ပါဝင်ခြင်းကို ပိတ်ပင်ရန် အာဆီယံက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆုံးဖြတ်လိုက်ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။
ထိုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် နှင့်ပတ်သက်သည့် ၎င်းတို့၏ ကတိကဝတ်များကို ထပ်မံအတည်ပြုသည်။
လွန်ခဲ့သောနှစ်တွင် ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး ခန့်အပ်ခံရပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အနည်းဆုံး နှစ်ကြိမ်တွေ့ဖူးသော မစ္စတာ ဆီဟာဆက်က စစ်ကောင်စီကို ထိုင်းက ထိတွေ့ဆက်ဆံသောကြောင့် လူ့အခွင့်အရေးအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက ဝေဖန်ခြင်းကို ဝန်ခံခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် သဘောထားကွဲလွဲသူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသောကြောင့် လူ ထောင်ပေါင်းများစွာ သေဆုံးစေကြောင်း ကုလသမဂ္ဂ အေဂျင်စီများက ပြောသည်။
“ကျနော်ပြောချင်တာက လူသားချင်းစာနာမှု အစီအစဉ်ဆိုတာ ပြည်သူတွေအတွက်ပဲ။ ဒီကိစ္စကို နိုင်ငံရေး ထည့်မတွက်ဘဲ နေကြပါစို့။ အဆင်ပြေရင် ကျနော်တို့ အရှိန်မြှင့်တင်လို့ရတယ်။ မြန်မာက သူတို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ အလုပ်လုပ်နိုင်တယ်လို့မြင်ရင် ဒါဟာကောင်းတဲ့ ကိစ္စဖြစ်တယ်” ဟု မစ္စတာ ဆီဟာဆက်က ပြောသည်။
ထိုင်းနိုင်ငံ၏ ထိုအားထုတ်မှု စတင်သည့် အချိန်ကာလမှာ ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင် အစိုးရသစ် ပေါ်ပေါက်လာချိန်ကြောင့် ဖြစ်သည်။ ထိုင်းအစိုးရသစ်သည် မြန်မာနိုင်ငံအတွင်း အခြေအနေ တစတစ ပိုမိုယိုယွင်းလာခြင်းကို စိုးရိမ်ပူပန်ကြောင်း ပြသခဲ့သည်။ ထိုင်းအစိုးရသစ်သည် ယခင် ပရာယွတ် ချန်အိုချာ အစိုးရက ချမှတ်ခဲ့သည့် မြန်မာဆိုင်ရာ မူဝါဒ၏ အစိတ်စိတ်အမွှာမွှာ ချဉ်းကပ်ပုံကို တဖြည်းဖြည်း ပြန်ပြင်ခဲ့သည်။ ယခင် ထိုင်းအစိုးရသည် အလွတ်သဘော Track 1.5 နည်းလမ်းကို စတင်ခဲ့ပြီး ထိုစဉ်က အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနှင့် အခြားအဓိကကျသည့် နိုင်ငံများကို ဖယ်ထုတ်သည့် သီးခြား လွန်းပျံ သံတမန်ရေးကို လုပ်ဆောင်သည်။
ထိုင်းနိုင်ငံ၏ အားထုတ်မှုများနှင့် ပတ်သက်သည့် ဒေသတွင်းမှ ယခင်က မကျေနပ်မှုများကို ရည်ညွှန်းပြီး မစ္စတာ ဆီဟာဆက်က “ကျနော့်အတွက်တော့ ဒါဟာ ထိုင်းနိုင်ငံ နိုင်ငံတကာ မြင်ကွင်းကို ပြန်ရောက်ဖို့လည်း ပါဝင်ပါတယ်” ဟု ပြောသည်။ တရုတ်-အမေရိကန် ဆွေးနွေးပွဲများအတွက် ထိုင်းနိုင်ငံကို ရွေးချယ်ခြင်းသည် လွန်စွာ အရေးပါကြောင်း ပြောသည်။ “အနည်းဆုံးတော့ ကျနော်တို့ဟာ အပြည်အဝ ရွေးကောက်ခံထားတဲ့ အစိုးရနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့ မြင်လာကြပြီ” ဟု ၎င်းကပြောသည်။
မြန်မာအစီအစဉ်သစ်နှင့် ပတ်သက်ပြီး မစ္စတာ ဆီဟာဆက်က ရှင်းပြသည်။ “ထိုင်းနိုင်ငံက မြန်မာနဲ့ကပ်လျက် တည်ရှိနေပြီး ကျနော်တို့ မလှုပ်ရှားရင် အာဆီယံလည်း လှုပ်မှာမဟုတ်ဘူး။ ကျနော်တို့ ဦးဆောင်တာကို သူတို့လိုလားတယ်။ ကျနော်တို့က အရိပ်မည်း မထိုးစေချင်သလို ကျေးဇူးတင်လည်း မခံချင်ဘူး။ ဒီအကျပ်အတည်းဟာ ထိုင်းနိုင်ငံကို အခြေခံအားဖြင့် ထိခိုက်တော့ ကျနော်တို့မှာ တရားဝင် လုပ်ပိုင်ခွင့်ရှိတယ်” ဟု ၎င်းကပြောသည်။
“သံတမန်ရေးဆိုတာ အမှတ်ကလေးတွေကို ဆက်သွယ်ပေးတဲ့ပုံစံနဲ့ အလုပ်လုပ်တယ်။ အခု ကျနော်တို့ အမှတ်ကလေးတွေကို ဆက်သွယ်ပေးဖို့ ကြိုးစားနေတယ်” ဟု သူကပြောကြားပြီး နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်သည် စစ်ကောင်စီနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ အပါအဝင် ပဋိပက္ခမှ သက်ဆိုင်သူအချို့အကြား ဆွေးနွေးပွဲများ အနည်းဆုံး ယခုနှစ်လယ်တွင် ဖြစ်လာနိုင်သည့် သဘောမျိုးပြောသည်။
ဂျပန်နှင့် နော်ဝေးတို့သည်လည်း ဘက်အားလုံးက ယုံကြည်လက်ခံသူများအဖြစ် ထိုလုပ်ငန်းစဉ်တွင် အသုံးဝင်သောအခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင်းမှ ပြင်းထန်လာသော ပဋိပက္ခသည် နိုင်ငံ အစိတ်စိတ်အမွှာမွှာကွဲမည့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေသောကြောင့် ပိုမို အရေးပေါ် လုပ်ဆောင်ရန် လိုအပ်လာသည်။ မကြာသေးမီလများအတွင်း တော်လှန်ရေးအင်အားစုများ အကြီးအကျယ် အားသာလာပြီး မြို့ပေါင်းအနည်းဆုံး ၃၅ မြို့ကို သိမ်းပိုက်ထားသည်။
“နောက်ထပ် အစိတ်စိတ် အမွှာမွှာကွဲတာကို ကျနော်တို့ မမြင်ချင်ဘူး။ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်က ငြိမ်းချမ်း၊ တည်ငြိမ်၊ ညီညွတ်တဲ့ မြန်မာနိုင်ငံပဲ” ဟု မစ္စတာ ဆီဟာဆက်က ပြောသည်။
ထိုင်းနိုင်ငံ၏ လူသားချင်းစာနာမှု အဆိုပြုချက်တွင် စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ရာတွင် အာမခံချက်ရှိသော အစဦး ဖြစ်သည့်သဘော မစ္စတာ ဆီဟာဆက်က ပြောသည်။ “ဒါဟာ စစ်ကောင်စီအနေနဲ့ အာဆီယံ ပြန်လည် ထိတွေ့ဆက်ဆံဖို့၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပြန်လည် ထိတွေ့ဆက်ဆံဖို့ လမ်းခင်းပေးတာ ဖြစ်တယ်။ ကျနော်တို့ရဲ့ လူသားချင်းစာနာမှု အဆိုပြုချက်က တွေ့ဆုံဆွေးနွေးဖို့လိုတယ်” ဟု ပြောသည်။
မစ္စတာ ဆီဟာဆက်သည် သူ၏ လွန်းပျံ သံတမန်ရေးကို လုပ်ဆောင်နေပြီး မြန်မာအကျပ်အတည်းကို ဆွေးနွေးရန် ဘရပ်ဆဲလ်၊ အိန္ဒိယ၊ လာအိုတို့သို့ သွားရောက်ခဲ့ပြီး မကြာမီ ဝါရှင်တန်နှင့် နယူးယောက်သို့ သွားရောက်မည် ဖြစ်သည်။
“နောက်ထပ် အစိတ်စိတ် အမွှာမွှာကွဲတာကို ကျနော်တို့ မမြင်ချင်ဘူး။ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်က ငြိမ်းချမ်း၊ တည်ငြိမ်၊ ညီညွတ်တဲ့ မြန်မာနိုင်ငံပဲ” ဟု မစ္စတာ ဆီဟာဆက်က ပြောသည်။
သူက အဓိကကျသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ပြင်ဆင်ထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့် စတင် တွေ့ဆုံမည် ဖြစ်သည်။ ထိုအဖွဲ့အစည်း နှစ်ခုသည် ထိုင်းနိုင်ငံတဖက်ကမ်း မြန်မာနယ်စပ်တွင် ကျယ်ပြန့်သော ဒေသများကို ထိန်းချုပ်ထားပြီး သက်တမ်းအရင့်ဆုံး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်သည်။
အာဆီယံအတွင်းရေးမှူးချုပ်သည် ကတိကဝတ်ပေးရေး ကွန်ဖရင့်တခု ခေါ်ယူရန် စဉ်းစားနေကြောင်းနှင့် ထိုသို့လုပ်ရန် ဘဏ္ဍာရေး လိုအပ်ချက်များနှင့် နယ်စပ်မှဖြတ်သွားမည့် အကူအညီအတွက် အကဲဖြတ်မှုများ လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။
နယူးယောက်မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံရေးကို တံခါးဖွင့်ထားမည် ဖြစ်ကြောင်း ထိုင်း ဒုဝန်ကြီးက ပြောသည်။ ဦးကျော်မိုးထွန်းသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုသည်ဟု ကြေညာထားသူဖြစ်သည်။ ထိုင်းနိုင်ငံသည် ၎င်းတို့ပိုင်နက်အတွင်း NUG ထောက်ခံသူများ ရှိသော်လည်း NUG နှင့် ထိတွေ့ဆက်ဆံမှု မလုပ်သေးပေ။ အစည်းအဝေးတခု ကျင်းပမည်ဆိုပါက ကုလသမဂ္ဂနောက်ခံတွင် ပြုလုပ်မည်ဖြစ်ကြောင်း မစ္စတာ ဆီဟာဆက်က ပြောသည်။
တချိန်တည်းတွင် NUG သည် လွန်ခဲ့သောအပတ်က တိုင်းရင်းသားတော်လှန်ရေး အဖွဲ့သုံးခုနှင့် ပူးတွဲကြေညာချက်တစောင်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့၏ ဦးတည်ချက် ခြောက်ခုကို ခြွင်းချက်မရှိ လက်ခံပါက စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန် တာဝန်သိသော စစ်ခေါင်းဆောင်မှုနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။
NUG သည် ထိုင်းနယ်စပ်မှ နေရပ်စွန့်ခွာ မြန်မာပြည်သူများကို ကူညီရန် ကြိုးစားနေကြောင်း NUG လူသားချင်းစာနာမှုနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဂျပန်နိုင်ငံ၊ တိုကျိုတွင် လွန်ခဲ့သော အပတ်က ပြောကြားခဲ့သည်။
“အခုထက် ဆက်ဆံရေး ပိုမိုကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်အောင် ကျနော်တို့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ်” ဟု ၎င်းကပြောသည်။
(Nikkei Asia ပါ Gwen Robinson ၏ Thailand to intensify efforts to resolve Myanmar crisis ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်
ထိုင်းပိုင်နက်ထဲ စစ်ကောင်စီတပ် ဝင်ရောက်မှု စုံစမ်းစစ်ဆေးရန် တိုက်တွန်း
တရုတ်၊ ထိုင်း၊ အိန္ဒိယတို့က စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေး
မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ