ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖြန်မြို့နယ်အတွင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ နယ်ကျော်ဝင်ရောက်မှုအား ထိုင်းကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ အနေဖြင့် စုံစမ်းစစ်ဆေးသင့်ကြောင်း ထိုင်းတရားမျှတရေးပါတီ (Fair Party) လွှတ်တော်အမတ် Kannavee Suebsang က ဖိအားပေး တိုက်တွန်းလိုက်သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားခဲ့သော ထိုကိစ္စနှင်ပတ်သက်၍ Kannavee Suebsang က ထိုင်းလွှတ်တော်တွင် တင်ပြခဲ့သလို သတင်းမီဒီယာများကိုလည်း ယခုလ ၁၁ ရက်နေ့က ရှင်းပြခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်သည် အုန်းဖြန်မြို့နယ်အတွင်း စက်တင်ဘာလ ၃ ရက်တွင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ် မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ပြည်သူလူထုထံ ရှင်းပြရန် ထိုင်းလွှတ်တော်အမတ်က တောင်းဆိုထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များသည် ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်အခြမ်း ရွာ ၂ ရွာဖြစ်သည့် Ban Le Tong Khu နှင့် Ban Mo Ta Lua တွင် စခန်းချခဲ့ပြီး ယင်းလုပ်ရပ်သည် အချုပ်အခြာအာဏာထိပါးမှုဖြစ်ကြောင်း လွှတ်တော်အမတ်က ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင်လည်း ထိုင်းဘာသာစကားဖြင့် ရေးထားသည်။
အဆိုပါဖြစ်စဉ်ကို ဒေသခံများက ထိုင်းစစ်သားများထံ တိုင်ကြားခဲ့သော်လည်း ချက်ချင်း အရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း ၊ နောက်ပိုင်းတွင် ဒေသခံများက လူမှုကွန်ရက်ပေါ်တင်သည့်အခါမှသာ ထိုင်းစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နှင့် စစ်ကောင်စီတပ်အကြား ညှိနှိုင်းပေးခဲ့ကြောင်း ထိုင်းလွှတ်တော်အမတ်က ဆိုသည်။
သတင်းရင်းမြစ်တဦးကမူ ထိုင်းတော်ဝင်တပ်ဖွဲ့၏ နရဲစွမ်တပ်ဖွဲ့မှ အဖွဲ့တဖွဲ့က စစ်ကောင်စီတပ်နှင့် KNLA အကြား ညှိနှိုင်းပေးခဲ့ရာ KNLA ဘက်က မြန်မာဘက်သို့ စစ်ကောင်စီတပ် ပြန်ဆုတ်မည့် လမ်းကြောင်းပိတ်ဆို့ထားမှုကို ပြန်ဖွင့်ပေးရန် သဘောတူခဲ့ကြောင်း Bangkok Post သတင်းဌာနကို ပြောဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကနဦးတွင် မြန်မာဘက်အခြမ်းသို့ ပြန်ရန် ငြင်းဆန်ခဲ့သော်လည်း လက်ရှိတွင် တပ်ပြန်ဆုတ်သွားပြီ ဖြစ်ကြောင်း Bangkok Post သတင်းအရ သိရသည်။
အုန်းဖြန်မြို့၏ အနောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် ထိုင်း-မြန်မာနယ်စပ်ရှိပြီး နယ်စပ်သည် မြန်မာဘက်အခြမ်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးသည်။
KNU အဆင့်မြင့်အရာရှိတဦးကလည်း ထိုင်းနိုင်ငံပိုင်နက်ထဲ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျိုက်ဒုံမြို့မှ တပ်ဖွဲ့ဖြစ်ပြီး လမ်းမှားကာ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “ဒါမျိုးတွေက အရင်ကလည်းဖြစ်ဖူးတယ်။ အဲဒီဘက်မှာ နယ်နိမိတ်ပိုင်းခြားထားတဲ့ ချောင်းမရှိဘူး။ ကုန်းမြေက တဆက်တည်းဆိုတော့ ထိုင်းဘက်ကို ဝင်သွားတာပေါ့။ အခုတော့ မြန်မာဘက်ကို ပြန်ဝင်သွားပါပြီ” ဟု ဆိုသည်။
လွတ်လပ်သော သုတေသီတဦးဖြစ်သူ David Matheison ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံအတွင်း လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်သွားသည့် ကိစ္စသည် ထိုင်းနိုင်ငံအနေနှင့် စုံစမ်းစစ်ဆေးရမည့် ကိစ္စတခု ဖြစ်ကြောင်း ပြောသည်။
၎င်းက “ဒါ့အပြင် စစ်တပ်ရဲ့ အသေးစားကျူးကျော်မှုတွေကို သည်းမခံဘဲ ထပ်မဖြစ်စေရေး သေချာစေဖို့ အပြင်းထန်ဆုံး သတင်းစကား ပါးသင့်ပါတယ်” ဟု မှတ်ချက်ပေးသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ကော့သောင်းမြို့နယ် ဝိုင်းဒင်ရွာရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းကို ၂၀၂၃ ခုနှစ် မတ်လက တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ထိုင်းနိုင်ငံ၏ ပိုက်နက်ကို အသုံးပြုခဲ့ကြောင်း PDF ကော့သောင်းခရိုင် တပ်ရင်း ၁ က ဧရာဝတီကို ပြောဖူးသည်။
ကရင်ပြည်နယ် ၊ ဝေါလေမြို့နယ်ခွဲရှိ ဥကရစ်ထ စခန်း တိုက်ပွဲပြင်းထန်နေစဉ်ကာလ ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်း အတွင်းကလည်း စစ်ကောင်စီ၏ MIG – 29 တိုက်လေယာဉ်သည် ထိုင်းနိုင်ငံအတွင်း ၄ ကီလိုမီတာအထိ ကျူးကျော်ဝင်ရောက် ပျံသန်းခဲ့သေးသည်။
ယင်းကဲ့သို့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များ ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်း ဖြတ်ကျော်ပျံသန်းပြီး ကရင်ပြည်နယ် အတွင်းသို့ ဗုံးကြဲတိုက်ခိုက်သည့်လေကြောင်း တိုက်ခိုက်မှုတခုတွင် ပေါက်ကွဲစေတတ်သော လေယာဉ်ကျည်များသည် အုန်းခြံထဲသို့ ကျရောက်ခဲ့ပြီး ဒေသခံများ၏ ထရပ်ကားများ ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့ ကျူးကျော်ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်၏ လေတပ်အကြီးအကဲက ထိုင်းအစိုးရ တာဝန်ရှိသူများထံ တောင်းပန်ခဲ့ကြောင်း ထိုစဉ်က Bangkok Post သတင်းက ရေးသားဖူးသည်။
ယင်းကဲ့သို့မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်တလျှောက် ပြင်းထန်သော စစ်ဘေး ပဋိပက္ခဒဏ်ခံလာနေရသော ထိုင်းပြည်သူများကို အကာအကွယ်ပေးရန်နှင့် မြန်မာစစ်တပ်၏ လေကြောင်းရန်မှ ကာကွယ်ပေးရန် ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက ပြီးခဲ့သည့် ဩဂုတ်လအတွင်း စာပို့ တောင်းဆိုခဲ့သည်။
You may also like these stories:
မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
မြဝတီနှင့် ကော့ကရိတ်ကို ကရင်ပူးပေါင်းတပ်များ တိုက်ခိုက်