မြန်မာစစ်ကောင်စီက မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်သစ် ခန့်အပ်လိုက်ပြီး နယ်စပ်ဖြတ်ကျော် လုပ်ကြံသတ်ဖြတ်မှုမှသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအထိ ပါဝင်သည့် နှစ်နိုင်ငံကြား အငြင်းပွားဖွယ်ရာ ဆက်ဆံရေး ပြန်လည် ထူထောင်လိုက်သည်။ မြောက်ကိုရီးယားနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကြောင့် နျူကလီယားနည်းပညာများ မြန်မာကို လွှဲပြောင်းပေးမည်ကို အနောက်နိုင်ငံများအကြား စိုးရိမ်မှုဖြစ်စေခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေသည် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ (DPRK) ဟုခေါ်သည့် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံမတ်အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာသည်။
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ်တွင် ပထမဆုံး ထူထောင်ခဲ့သော်လည်း တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန်သို့ လာရောက် လည်ပတ်စဉ် မြောက်ကိုရီးယား ထောက်လှမ်းရေးများက လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုအပြီးတွင် ဆိုင်းငံ့ခဲ့သည်။
တောင်ကိုရီးယားသမ္မတ အသက်မသေ လွတ်မြောက်သော်လည်း ထိုဗုံးခွဲတိုက်ခိုက်မှုတွင် တောင်ကိုရီးယားအရာရှိ ၁၇ ဦးနှင့် မြန်မာအရာရှိ လေးဦး သေဆုံးသည်။ ထိုတိုက်ခိုက်မှုကြောင့် မြန်မာနှင့် မြောက်ကိုရီးယားအကြား သံတမန်အဆက်အသွယ် ဖြတ်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာသည်။
မြန်မာအာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် ၂၀၀၇ ခုနှစ်၊ ဧပြီလတွင် သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ပြီး ဦးသိန်းလွင်ကို သံအမတ်ခန့်ခဲ့သည်။
ထိုအချိန်မှစတင်ပြီး ဆက်ဆံရေး အလျင်အမြန် အရှိန်ရလာသည်။
ထို့နောက် တနှစ်ကျော်ခန့်အကြာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုစဉ်က စစ်အုပ်စု နံပါတ် ၃ ခေါင်းဆောင် သူရရွှေမန်း ဦးဆောင်သည့် မြန်မာစစ်တပ် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တဖွဲ့သည် ဘေဂျင်းမှတဆင့် ပြုံယမ်းသို့ ၇ ရက်ကြာ လျှို့ဝှက်သွားရောက်သည်။ ထိုခရီးစဉ်အတွင်း စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေး နှစ်ဖက်သဘောတူညီချက်များ လက်မှတ်ရေးထိုးသည်။
သူရရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယား ဂျက်လေယာဉ်များ၊ ဒုံးကျည်များ၊ တင့်ကားများ၊ နျူကလီးယားနှင့် ဓာတုလက်နက်များကို ဖုံးကွယ်ထားရန် တောင်များတွင် လျှို့ဝှက် လိုဏ်ခေါင်းများ တည်ဆောက်ထားသည့် မြိုဟန်းသို့လည်း သွားရောက်သည်။ ထိုခရီးစဉ်ကြောင့် မြန်မာစစ်တပ်၏ နျူကလီးယား ရည်မှန်းချက်နှင့် ပတ်သက်သည့် စိုးရိမ်မှုများ ဖြစ်လာပြီး အထူးသဖြင့် အနောက်နိုင်ငံများတွင် ပိုမိုစိုးရိမ်ကြသည်။
၂၀၁၂ ခုနှစ်က ဦးသိန်းစိန် အရပ်သားအစိုးရတုအောက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်သောအခါ ဦးရွှေမန်းက မြောက်ကိုရီးယားသို့ သွားသော ထိုကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းကာကွယ်ရေးစနစ်ကို လေ့လာရန် သွားခြင်းဖြစ်ကြောင်းနှင့် စစ်တပ် နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာတစောင် လက်မှတ်ရေးထိုးကြောင်း ပြောသော်လည်း နျူကလီးယား လက်နက်များသည် အစီအစဉ်တွင် မပါဝင်ကြောင်း ငြင်းသည်။
မြောက်ကိုရီးယားသံတမန် ကင်မ်ချိုနမ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူထားသည့် ကုမ္ပဏီတခုနှင့် ပတ်သက်နေသောကြောင့် မြန်မာက သူ့ကို ၂၀၁၇ ခုနှစ်တွင် နိုင်ငံမှ နှင်ထုတ်သောအခါ ဆက်ဆံရေး ပျက်စီးသည်။
သံတမန် ကင်မ်သည် ကိုရီးယား သတ္တုတူးဖော်ရေး တိုးတက်မှု ကုန်သွယ်ရေး ကော်ပိုရေးရှင်း (KOMID) နှင့် ပတ်သက်နေသည်ဟု ဆိုသည်။ ထိုလုပ်ငန်းသည် ဒုံးကျည်များအတွက် လက်နက်များနှင့် ကိရိယာများ တင်ပို့သည်ဟု သံသယရှိသောကြောင့် ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမည်ပျက် စာရင်းသွင်းထားသည့် လုပ်ငန်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ် အာဏာသိမ်းသောအခါ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်လာပုံရသည်။
၂၀၂၂ ခုနှစ်တွင် မြောက်ကိုရီးယား သံအမတ် ဂျုံဟိုဘွမ်သည် ရန်ကုန်ရှိ သံတမန် မိသားစုများအတွက် ရိုးရာသင်္ကြန် အခမ်းအနားတွင် ထိပ်ဆုံးမှ ဦးဆောင်ကြောင်း စစ်ကောင်စီအာဘော် Global New Light of Myanmar က ဖော်ပြသည်။ ကပြဖျော်ဖြေသူများကို ဆုငွေများပေးပြီး ၎င်းတို့ကို ရေပက်သောအခါ ထိုသံအမတ်သည် ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတို့နှင့်အတူ ပါဝင်သည်။
ရုရှားသည် ယူကရိန်းတွင် စစ်တိုက်နေသော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ၏နိုင်ငံသည် ရုရှားကို အပြည့်အဝ ထောက်ခံကြောင်း ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် ပြောသည်။ ရုရှားသည် မြန်မာစစ်ကောင်စီ၏ အဓိက မဟာမိတ်ဖြစ်သည်။
ပြုံယမ်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများကို အာခံပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Appoints New Ambassador to North Korea ကို ဘာသာပြန်သည်။)
You may also like these stories:
ဒီမိုကရေစီညွှန်းကိန်းတွင် မြောက်ကိုရီးယားအောက် မြန်မာရောက်
BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ
နိုင်ငံ့အကြောင်း ပုံဖော်ပြသမှုကြောင့် မြောက်ကိုရီးယားအစိုးရ တောင်ကိုရီးယားကို အပြစ်တင်
တောင်ကိုရီးယား ရုပ်ရှင်နဲ့ စီးရီးတွေထဲမှာ အသုံးချခံဖြစ်လာတဲ့ မြောက်ကိုရီးယား