သတင်း

ဒီမိုကရေစီညွှန်းကိန်းတွင် မြောက်ကိုရီးယားအောက် မြန်မာရောက်

Economist Intelligence Unit (EIU) ၏ နောက်ဆုံးရ ဒီမိုကရေစီ ညွန်းကိန်းအရ ယမန်နှစ်က ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းကျ အနည်းဆုံးသော နိုင်ငံများအနက် မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန်တို့နှင့်အတူ ဇယားအောက်ဆုံးတွင် ကျရောက်နေသည်။

နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို လေ့လာဆန်းစစ်ချက်အရ ယမန်နှစ် စစ်အာဏာသိမ်းမှုအပြီး ဖရိုဖရဲအခြေအနေများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံသည် အဆင့် ၁၆၆ တွင် ရောက်နေပြီး အထက်တွင် မြောက်ကိုရီးယားနှင့် အောက်တွင် အာဖဂန်နစ္စတန်သာ ရှိတော့သည်ဟု EIU အစီရင်ခံစာသစ်က ဖော်ပြသည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုနှင့် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ ပြန်လည် ကြီးစိုးလာခြင်းက မြောက်ကိုရီးယားကို အဆိုပါ နှစ်နိုင်ငံအထက်သို့ ဇယားတွင် ရောက်သွားစေခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၃၅ ရှိခဲ့သည်။

EIU ၏ ဒီမိုကရေစီညွှန်းကိန်း

EIU က နှစ်စဉ် ထုတ်ပြန်သည့် စစ်တမ်းတွင် နိုင်ငံများ၏ ဒီမိုကရေစီကို အခြေခံ အချက် ၅ ချက်ဖြင့် တိုင်းတာသည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ဗဟုဝါဒ၊ အစိုးရလုပ်ငန်း လည်ပတ်မှု၊ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေ၊ ဒီမိုကရေစီနိုင်ငံရေး အလေ့အထနှင့် ပြည်သူလုထု လွတ်လပ်ခွင့်များတို့ ဖြစ်သည်။

နှစ်စဉ် ဒီမိုကရေစီ ညွှန်းကိန်း၌ နော်ဝေ၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်၊ အိုက်စ်လန်၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ဩစတြေးလျနှင့် ဆွစ်ဇာလန်တို့သည် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် အမြဲပါဝင်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ပွဲ မသမာဟု အကြောင်းပြကာ ရွေးကောက်ခံ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထားပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်။ ယမန်နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီသည် အနည်းဆုံး လူ ၁,၅၄၀ ဦးကို သတ်ဖြတ်ခဲ့ပြီး အခြား လူ ၁၂,၀၀၀ ကို ဖမ်းဆီးခဲ့ပြီးဖြစ်သည်။

You may also like these stories:

အချုပ်အခြာအာဏာပိုင်မှုတွင် စာမေးပွဲကျသော စစ်ကောင်စီ

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

ရှောင်တာနယ်ကို လွှတ်ပေးပါ

အင်အားသုံးဖို့သာ နားလည်သည့် မြန်မာစစ်တပ်

Loading