မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကရင်နီ (ကယား) ပြည်နယ်တွင် စာသင်ကျောင်းတကျောင်းကို လေကြောင်း တိုက်ခိုက်မှုတွင် ကလေးငယ် လေးဦးသေဆုံးပြီး အနည်းဆုံး အခြားသူ ၁၅ ဦး ဒဏ်ရာရသည်ဟု မျက်မြင် သက်သေ ငါးဦးက ပြောသည်။
သေဆုံးသူများ အားလုံးသည် အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ယောကျ်ားလေးများ ဖြစ်ကြသည်။ ကျောင်းသား ၂၀၀ ခန့်ရှိသည့် ဒေါဆီးအီကျေးရွာမှ စာသင်ကျောင်းကို ဒေသလူမှုအသိုက်အဝန်းနှင့် ယခင် ဆရာ၊ ဆရာမများက စီမံသည်။ နောက်ထပ် ကျောင်းသားကလေးငယ် နှစ်ဦးသည် ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် ဒဏ်ရာရပြီး စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်။
သေဆုံးသူ ကလေးများအနက် တဦး၏မိခင်က ရွာပေါ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီက လေယာဉ်တစင်း ရောက်လာပြီး ဂျက်တိုက်လေယာဉ်တစင်း နောက်က လိုက်လာသည်ကိုတွေ့ရကြောင်း ပြောသည်။
“ဗုံးတွေကျလာပြီးတော့ အပြင်ထွက်ပြီး သွားမကြည့်ရဲဘူး” ဟု ဟေးဘလုမူးက ပြောသည်။ “ကျမ ကလေးတွေက ကျမဘဝအတွက် တန်ဖိုးထားရလွန်းလို့ သူတို့ကို ကုတင်အောက်မှာ ဝှက်ထားပြီး လေကြောင်းတိုက်ခိုက်မှုက လွတ်မြောက်လာတဲ့အခါ သူတို့ငိုကြတယ်။ အငယ်ဆုံးက အငိုဆုံးပေါ့။ သူက ကျမကိုဖက်ပြီး အကြာကြီးငိုတယ်” ဟု ပြောသည်။
ထိုစာသင်ကျောင်းမှ ကျောင်းသားများသည် လေကြောင်းတိုက်ခိုက်မှု စတင်ချိန်တွင် ဗုံးခိုကျင်းသို့ပြေးရန် ကြိုးစားသည်ဟု မျက်မြင်သက်သေများက ပြောသည်။ မြန်မာမှ လူမှုအသိုက်အဝန်းများသည် စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် ဗုံးခိုကျင်းများ တူးထားကြသည်။
ထိုလေကြောင်းတိုက်ခိုက်မှုသည် စာသင်ကျောင်းအဆောက်အအုံကို အုတ်ပုံဖြစ်စေရုံသာမက ပတ်ဝန်းကျင် ဒေသကိုလည်း သွေးစွန်းစေသည်။
တိုက်ခိုက်မှုအပြီး မကြာမီ ရောက်လာသော ၁၆ နှစ်အရွယ် ကျောင်းသားတဦးက ၁၄ နှစ်အရွယ် ညီဖြစ်သူ အပါအဝင် အလောင်း သုံးလောင်းကို တွေ့ကြောင်း ပြောသည်။ စတုတ္ထမြောက် တဦးသည် သူ့ကို ပြည်သူများက အနီးဆုံး တော်လှန်ရေးအင်အားစုများနှင့် လူမှုအသိုက်အဝန်း၏ ဆေးခန်းသို့ ပို့ဆောင်စဉ် သေဆုံးသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား နှိမ်နင်းနေရပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေလှန် မီးရှို့စနစ်များကိုသာ အားကိုးနေရသည်။
စစ်တပ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် အရပ်ဘက် နယ်မြေများ၊ အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့သည်။
စစ်ကောင်စီနှင့် ပတ်သက်သည့် သတင်းမီဒီယာများက ထိုကျေးရွာအား လေကြောင်းတိုက်ခိုက်သည့် သတင်းများကို ငြင်းသည်။
စစ်တပ်သည် သေနင်္ဂဗျူဟာ တစိတ်တပိုင်းအဖြစ် ကျန်းမာရေး အဆောက်အအုံများနှင့် စာသင်ကျောင်းများ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ အကာအကွယ်ပေးထားသည့် နေရာများကို ပစ်မှတ်ထားသည်ဟု ကုလသမဂ္ဂက ဇန်နဝါရီလတွင် ပြောခဲ့သည်။ အခြေခံ ဆက်သွယ်ရေးဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းကြောင့် အရပ်သားများသည် ထိုတိုက်ခိုက်မှုများကို ကြိုတင်မသိနိုင်ကြောင်း ဖော်ပြသည်။
ကရင်နီပြည်နယ်သည် စစ်တပ်နှင့် ဒီမိုကရေစီ အင်အားစုများအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသောနေရာ ဖြစ်သည်။ ဒေသခံတော်လှန်ရေး အင်အားစုများက ထိုးစစ်သစ် ဆင်နွှဲသည့် နိုဝင်ဘာလတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ကလည်း အရပ်ဘက် နေရာများအပါအဝင် နေရာများကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ကာ လက်တုံ့ပြန်သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ၁၂ နှစ်အရွယ်သားကို ဆုံးရှုံးခဲ့သည့် ကိုမော်လေးက ထိုတိုက်ခိုက်မှုသည် ကျောင်းသားများ စာမေးပွဲဖြေရန် ပြင်ဆင်နေချိန်တွင် ဖြစ်ပွားကြောင်း ပြောသည်။ “ကျနော် အရမ်းဝမ်းနည်းတယ်။ ဒါပေမယ့် စစ်ဖြစ်နေချိန်မှာ ကျနော့်အိမ်ကို စစ်တပ်က ပစ်မှတ်ထားရင်တောင် ကျနော်ဘာမှ မတတ်နိုင်ဘူး” ဟု ပြောသည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားချိန်၌ ကျောင်းတွင်ရှိနေပြီး လုံခြုံရေးအရ အမည်မဖော်လိုသော ဆရာမတဦးက စစ်တပ်သည် မည်သည့်အတွက် စာသင်ကျောင်းများကို ပစ်မှတ်ထားသနည်းဟု မေးခွန်းထုတ်သည်။ “ကျမတို့ကျောင်းက တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ အဝေးကြီးပဲ။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေလည်း မရှိဘူး။ အပြစ်ကင်းစင်တဲ့ကလေးတွေပဲ စာသင်ယူနေတဲ့နေရာ” ဟု သူက ပြောသည်။
ယင်းနေရာမှ နှစ်မိုင်ခန့်ဝေးသော သီးခြားလေကြာင်းတိုက်ခိုက်မှုတွင် လွိုင်နန်းဖကျေးရွာကို တိုက်ခိုက်စဉ် ကျောင်းအနီး ဆန်စက်၌ အလုပ်လုပ်နေသည့် အလုပ်သမားတဦး သေဆုံးကြောင်း ဒေသခံတဦးက ပြောသည်။ ထိုတိုက်ခိုက်မှုကြောင့် ဆရာတဦး ခြေထောက်တဖက် ဆုံးရှုံးခဲ့သည်။
စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ကရင်နီပြည်နယ်မှ ပြည်သူ ၈၀ ရာခိုင်နှုန်းသည် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ပြည်နယ်အတွင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်းဖြစ်သော ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က တိုက်ခိုက်အမှုကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြစ်တင်ရှုတ်ချပြီး “စစ်ကောင်စီက အရပ်ဘက် အခြေခံ အဆောက်အအုံတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ကရင်နီပြည်သူ ထောင်ပေါင်းများစွာ ခိုလှုံနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတယ်။ ကျောင်းတွေကို တိုက်ခိုက်မှု များပြားလာခြင်းဟာ စစ်တပ်က ကလေးတွေအသက်ကို ဂရုမစိုက်ဘူးဆိုတာ ပြသနေတယ်” ဟု ပြောသည်။
အောက်တိုဘာလ နောက်ပိုင်းတွင် မြန်မာမှ အရပ်သား ၅၅၄ ဦး အသတ်ခံရပြီး ၂၀၂၃ ခုနှစ်တွင် သတ်ဖြတ်ခံရသူ ၁,၆၀၀ ကျော်ကာ ယခင်နှစ်ကထက် ၃၀၀ ခန့် ပိုမိုများပြားကြောင်း၊ ထို့ပြင် လူ ၁၉,၉၇၃ ဦးသည် နိုင်ငံရေးကြောင့် အဖမ်းခံနေရသည်ဟု ကုလသမဂ္ဂက ပြောသည်။
(The Guardian မှ Esther J နှင့် Emily Fishbein ရေးသားသော Myanmar: airstrike on school killed four children, witnesses say သတင်း ကို ဘာသာပြန်သည်။)
You may also like these stories:
လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့ရ
ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ
အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ
ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်ရှုတ်ချ
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ