စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နေရာတွင် အစားထိုးကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌအဖြစ် ခန့်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့အစားထိုးခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်ကြောင်း စစ်ကောင်စီပြန်တမ်းအရ သိရသည်။
သို့သော် ထိုစေ့စပ်ညှိနှိုင်းသူ အသစ်အနေဖြင့် အောင်မြင်စရာ များများစားစား မရှိပေ။
စစ်ကောင်စီ ငြိမ်းချမ်းရေး ညှိနှိုင်းမှုကော်မတီကို မည်သူ ဦးဆောင်သည်ဖြစ်စေ မည်သည့်အရာမှ ပြောင်းလဲမည် မဟုတ်ကြောင်း မြန်မာအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။ “မြန်မာမှာ ပြည်တွင်းစစ်ဖြစ်နေပြီး စစ်ကောင်စီကို တိုက်နေတဲ့ ဘယ် လက်နက်ကိုင်အဖွဲ့မှ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး မဆွေးနွေးချင်ဘူး” ဟု ၎င်းက ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်၏ အမျိုးသား လုံခြုံရေးအကြံပေး ရာထူးကိုလည်း ရေတပ်ခေါင်းဆောင်ဟောင်း မိုးအောင်ဖြင့် အစားထိုးခဲ့သည်ဟု ပြန်တမ်းအရ သိရသည်။ သူသည် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ တွင် တက်ရောက်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီနှင့် နောက်ပိုင်းတွင် အဓိက ငြိမ်းချမ်းရေးဆွေးနွေးရေး တာဝန်ယူခဲ့သည်။

အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာနကို မင်းအောင်လှိုင်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် အစားထိုးသောအခါ ရာပြည့်ကို ဥက္ကဋ္ဌခန့်သည်။
စစ်ကောင်စီတွင် မကြာခဏ ရာထူးအပြောင်းအလဲ လုပ်သော်လည်း ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး တာဝန်ကိုသာ ယူရသည်။ သယ်ယူပို့ဆောင်ရေး ဝန်ကြီး မြထွန်းဦး၊ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးတို့နှင့်အတူ သူသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ မှ ဖြစ်သည်။
နိုင်ငံတကာဖိအားနှင့် အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသည့် တော်လှန်စစ်ကြောင့် မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) ခေါင်းဆောင်များကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သည်။ EAO ခေါင်းဆောင်များကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ချော့ခေါ်ရန် ဘွဲ့တံဆိပ်များကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးခဲ့သည်။
သူ ဘွဲ့တံဆိပ် ပေးအပ်ခဲ့သူများတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်ဟောင်း မူတူးစေးဖော၊ ပအိုဝ်း PNLO ခေါင်းဆောင် ခွန်ဥက္ကာ၊ ရှမ်း RCSS ဥက္ကဋ္ဌ ယွက်ဆစ်တို့ ပါဝင်သည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင် ၁၀ ဖွဲ့တွင် ခုနစ်ဖွဲ့သည် ကနဦးက တော်လှန်ရေးတွင် ပူးပေါင်းခြင်း မရှိဘဲ မင်းအောင်လှိုင်နှင့် ဆွေးနွေးကြသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အခြားအဖွဲ့ သုံးဖွဲ့ဖြစ်သော KNU, ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က မင်းအောင်လှိုင်နှင့် ဆွေးနွေးရေးကို ပယ်ချသည်။
သူနှင့်ဆွေးနွေးနေသည့် အဖွဲ့ ခုနစ်ဖွဲ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) တို့ ဖြစ်သည်။
NCA လက်မှတ်မထိုးသော အဖွဲ့ သုံးဖွဲ့ဖြစ်သည် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည်လည်း စစ်ကောင်စီနှင့် ဆွေးနွေးကြသည်။
ပအိုဝ်း PNLO ၏ လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်များ ရှမ်းပြည်မြောက်ပိုင်းတွင် လွန်ခဲ့သောလက တိုက်ပွဲဖြစ်ပွားသည်အထိ ထို EAO ၁၀ ဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိပေ။
အခြား EAO များသည် စစ်ကောင်စီကိုတော်လှန်သော အင်အားစုများကို လျင်မြန်စွာ ထောက်ခံကြသည်။ ထို အဖွဲ့အစည်းများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်း CNF တို့ ပါဝင်သည်။ ထိုအဖွဲ့အစည်းများသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ဟုခေါ်သည့် တော်လှန်ရေး အဖွဲ့များကို ဖွဲ့စည်းသည့် လူငယ်များကို စစ်သင်တန်းပေးပြီး လက်နက်ထောက်ပံ့သည်။ ထို အဖွဲ့အစည်း သုံးခုသည် PDF များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပသော်လည်း စစ်ကောင်စီသည် မကွေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းများနှင့် ကရင်၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။ စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာနှင့် ကချင်ပြည်နယ် အနန်းပါကို လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အသေအပျောက်အများဆုံး လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချသည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလ နှောင်းပိုင်း ၁၀၂၇ စစ်ဆင်ရေးနှင့် ၎င်း၏ နောက်ဆက်တွဲ စစ်ကောင်စီဆန့်ကျင်ရေး ထိုးစစ်များနောက်ပိုင်း စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ မြို့ပေါင်း ၃၀ ကျော်ကို EAOs နှင့် PDFs များလက်တွင် ဆုံးရှုံးသည်။
တရုတ်က ကြားဝင်စေ့စပ်ပေးသောကြောင့် မကြာသေးမီက ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ နည်းလာသော်လည်း တိုက်ပွဲများသည် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ် အပါအဝင် အခြား စစ်မျက်နှာများတွင် ပြင်းထန်နေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ကောင်စီသည် နိုင်ငံဘဏ္ဍာငွေ အများအပြားကို စစ်စရိတ်အတွက် သုံးနေသည်။ နောက်ဆုံးကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မင်းအောင်လှိုင်က လက်နက်ကိုင်ပုန်ကန်မှုများကို ချေမှုန်းမည်ဟု ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Shoots to Revive Peace Talks, Replaces Top Negotiator ကို ဘာသာပြန်သည်။)
You may also like these stories:
အပစ်အခတ်ရပ်စဲရေးပြောပြီး တပ်တွေ နင်းကန်လွှတ်နေတာ
မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ
အရပ်သားများအား လေကြောင်းတိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီ ပြင်းထန်စွာရှုတ်ချ
အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ
ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်ရှုတ်ချ
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး













