အာရက္ခတပ်တော် (AA)၏ ထိုးစစ် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့အနီး ရောက်လာပြီးနောက် စစ်ကောင်စီက ရေကြောင်းမှ လူနှင့်လက်နက် အလုံးအရင်း ဖြည့်တင်းနေသလို မြို့ပေါ်နှင့်အနီးရှိ ရွာများမှ အရပ်သားတို့ တင်းတင်း ကျပ်ကျပ် စစ်ဆေးနေကြောင်း သိရသည်။
ဇွန် ၉ ရက်မှစ၍ ကျောက်ဖြူနှင့် သုံးမိုင်ခန့်ကွာ ပြိုင်းစေ့ကေရွာအနီးမှ အမှတ်(၃၂) ရဲတပ်ရင်း ကာကင်းများကို AA က တိုက်ခိုက်နေရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျရှုံးမှုများပြီး တဖြည်းဖြည်းဆုတ်ပေးနေရကြောင်း၊ ထို့အတွက် ဇွန် ၁၁ ရက်က မြို့တော်စစ်တွေမှ စစ်ရေယာဉ်အချို့နှင့် စစ်ကူပို့အင်အား ဖြည့်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သည့် စစ်ရေး သတင်းရင်း မြစ်များက ဆိုသည်။
“စစ်တွေဘက်က တပ်ရင်းတွေ ဝင်လာတယ်၊ နေဗီ သုံးစီးလောက်နဲ့ ဓညဝတီရေတပ်မှာ လာချသွားတာ၊ အင်အား အတိ အကျတော့ မသိရဘူး၊ ရာချီမယ်”ဟု ဒေသခံသတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲပြင်းထန်နေသော အမှတ်(၃၂) ရဲတပ်ရင်းသို့ စစ်ကူအများအပြားပို့နေပြီး လေကြောင်း၊ လက်နက်ကြီးတို့နှင့်လည်း တနေ့လုံးနီးပါး ပစ်ခတ်၊ ဗုံးကြဲနေကြောင်း သိရသည်။
မေလအတွင်းကလည်း ကျောက်ဖြူမြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်စခန်းများသို့ ရာနှင့်ချီ၍ အင်အားများ ဖြည့်တင်းခဲ့သေး သည်။
ပြိုင်းစေ့ကေ့ရွာအနီး တိုက်ပွဲလေးရက်အတွင်း စစ်ကောင်စီတပ်က အကြိမ်နှစ်ဆယ်ခန့် ဗုံးကြဲခဲ့ပြီး ပြိုင်းစေ့ကေနှင့် အနီးရှိ ရွာများမှ အိမ်များ ပျက်စီးခဲ့ကြောင်း၊ ကျောက်ဖြူမြို့တွင်းနှင့် မြို့အနီးဝန်းကျင် ကျေးရွာများမှ အရပ်သားများကိုလည်း ငါးဖမ်း၊ ဟင်းရှာ စသည့် အပြင်ထွက်သွားလာခွင့် ကန့်သတ်ထားကြောင်း ဒေသခံများက ဆိုသည်။
ကျောက်ဖြူမြို့ပေါ်တွင် အရပ်သားပြည်သူ သုံးပုံတပုံခန့် ရှိနေသေးပြီး မြို့နီးဝန်းကျင် တပ်ရင်းများအနီး ကျေးရွာများ ဖြစ် သော ဂုံးချွိန်၊ အုန်းတောစသည့်ကျေးရွာမှ ပြည်သူများလည်း တိမ်းရှောင်ခွင့်မရကြဘဲ ရွာထဲ ပိတ်မိနေကြသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ရာ ပြိုင်းစေ့ကေရွာသည် စစ်ကောင်စီ ရဲတပ်ရင်းအတွက် ရှေ့ထွက် ကာကင်းနေရာဖြစ်၍ ကျသွားပါက AA တပ် ရဲတပ်ရင်းအတွင်းသို့ ဝင်လာမည်ဖြစ်သည်။
AA နှင့် နီးစပ်သည့် မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ရဲတပ်ရင်းပတ်ပတ်လည်မှာ ဖြစ်နေတာ၊ ပြိုင်းစေ့ကေ ကျရင် ရဲတပ်ရင်းပါကျမယ့်အခြေအနေရှိနေတော့ အင်အားစုပြီး အသည်းအသန် ကာကွယ်နေတဲ့အခြေအနေ၊ ဒါပေမယ့် စကစ ဘက်က ဆုတ်ပြေးနေရတဲ့အခြေအနေ တွေ့နေရတယ်” ဟု ပြောသည်။

ပြိုင်းစေ့ကေရွာသည် တရုတ်အစိုးရပိုင် Power China သဘာဝဓာတ်ငွေ့ဓာတ်အား ပေးစက်ရုံ၊ ကုန်းတွင်းသဘာဝဓါတ်ငွေ့ လက်ခံသိုလှောင်ပို့ဆောင်ရုံ (OGT)တို့နှင့် နှစ်မိုင်ကျော်သာ ကွာဝေးပြီး ခြေမြန်တပ်ရင်းများဖြစ်သည့် ၅၄၃၊ ၅၄၂၊ ခလရ ၃၄ တို့နှင့် သုံးမိုင်ခန့် အကွာတွင် ရှ်ိသည်။
“ရဲတပ်ရင်းကျရင်တော့ မြို့ပေါ်ထိ ရောက်ဖို့ လွယ်သွားပြီ” ဟု ရခိုင်အခြေစိုက် စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
ကျောက်ဖြူမြို့နယ် တောင်ပိုင်းတခုလုံးကို ထိန်းချုပ်ထားသည့် AA သည် မြို့အနီးရှိ တပ်ရင်း၊ တပ်စခန်းများကိုပါ ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကာ လက်ရှိ ကျောက်ဖြူမြို့မှ ဓညဝတီ ရေတပ်ဌာနချုပ်နှင့် တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းသို့ သွားရာ လမ်းတလျှောက်ရှိ မင်းတက်တောင်၊ နှမ်းဖဲတောင်၊ ပြားတဲတပ်စခန်းတို့ကို သိမ်းပိုက်ပြီး ကုန်းလမ်းကို ဖြတ်တောက်ထားသည်။
ကျောက်ဖြူတွင် ခလရ ၃၄၊ ခမရ ၅၃၄၊ ခမရ ၅၄၂၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်စခန်းတို့ ရှိပြီး အဆိုပါတပ်ရင်း၊ တပ်စခန်းများကို ဆယ်ချီသည့် ကာကင်းစခန်းများနှင့် ကာကွယ်ထားကာ ရှေ့တန်းစစ်မျက်နှာ၌ စစ်မှုထမ်းဥပေဒအရ စုဆောင်းထားသော သင်တန်းဆင်း အမြောက်အမြား ပါဝင်သည်ကို တွေ့ရကြောင်း AA နှင့် နီးစပ်သူများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ ထိုးစစ်၊ တိုက်ခိုက်မှုများတွင် တရုတ်က ဒရုန်းအပါအဝင် ခေတ်မီ စက်ကိရိယာများ ထောက်ပံ့ခြင်း၊ ဒရုန်းမောင်းပေးခြင်းစသည့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုများ ရှိနေသည်ဟုလည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
တိုက်ပွဲဖြစ်နေသည့် ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်အထိရှိနေပြီး မိုးတွင်းအတွက် ခြင်ထောင်၊ အဝတ်အစားနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကာ လေကြောင်းနှင့် စစ်ရေယာဉ်များမှ ပစ်ခတ်သည့် လက်နက်ကြီးအန္တရာယ်ကိုလည်း စိုးရိမ်နေကြရကြောင်း စစ်ရှောင်ကူညီပေးနေသူများထံက သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့နှင့် ကျေးရွာများကို ဝင်ထွက်သွားလာခွင့် ဖြတ်တောက်ထားပြီး အရေးပေါ် ဆေးကုသရန် လိုအပ်သူများကိုပင် မြို့တွင်းသို့ အလွယ်တကူဝင်ခွင့် မပေးဘဲ မြို့တွင်းဝင်လိုပါက နီးစပ်ရာ ပွဲစားများမှတဆင့် ငွေပေး ဝင်ကြရကြောင်း ကျောက်ဖြူဒေသခံများက ပြောသည်။
ထိုသို့ ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည် ကျောက်ဖြူမြို့နှင့် နယ်ကျေးရွာများတွင် အဝင်အထွက် တင်းကျပ်ထား သဖြင့် လုပ်ကိုင်စားသောက်ရန် မလွယ်ကူဘဲ အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနှင့် ကြုံနေရကြောင်း သိရသည်။
You may also like these stories:
ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်းအနီး တိုက်ပွဲများ ပြင်းထန်
AA အသာစီးရနေသည့် ကျောက်ဖြူတိုက်ပွဲ
AA ဝိုင်းထားလည်း ကျောက်ဖြူစီမံကိန်း ဆက်လုပ်ရန် စစ်ကောင်စီ ပြော














