ဒီနှစ် နွေအပူက စံချိန်တင်သည်။ မြန်မာပြည် အလယ်ပိုင်း ချောက်မြို့တွင် ဧပြီလက ၄၈ ဒဿမ ၂ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ပြီး စံချိန်တင်သွားခဲ့သည်။ ရန်ကုန် ၄၀၊ မန္တလေး ၄၄ ထိ ရောက်သည်။ အပူဒဏ်ကြောင့် လူကြီးသူမများ သေသည်။
သက်တော်ကြီးမြင့်လာပြီ ဖြစ်သော သီတဂူဆရာတော်အတွက်လည်း စိုးရိမ်စရာဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် အပူရှောင်ရန် ပြင်ဦးလွင်မြို့တွင် ဘုန်းကြီး ကျောင်းတကျောင်း ဆောက်လုပ်ခဲ့သည်။ အဆိုပါကျောင်းတော်အား သီတဂူ နွေရာသီ စံကျောင်းတော်ကြီးဟု အမည်ပေးထားသည်။
ရှမ်းပြည်နယ်တွင် တည်ရှိသော မေမြို့ ခေါ် ပြင်ဦးလွင်မြို့သည် ရာသီဥတု မျှတသည်။ ဟိုးယခင် ဗြိတိသျှ ကိုလိုနီခေတ်ကတည်းက မေမြို့က အပူရှောင်စရာ မြို့ဖြစ်သည်။ မြို့ဘေးဝန်းကျင် တောပြုန်းသွားသဖြင့် ယခင်လို မအေးတော့သော်လည်း ယနေ့ခေတ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများလည်း အပူရှောင်ရန် ပြင်ဦးလွင်သို့ လာကြသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်ကြီးများသည် ပြင်ဦးလွင်တွင် အိမ်ကြီးအိမ်ကောင်းများ ဆောက်လုပ်ထားကြသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မင်းဆရာ သက်တော် ၈၇ နှစ်ရှိပြီဖြစ်သော သီတဂူဆရာတော်သည်လည်း စစ်ဗိုလ်ချုပ်ကြီးများ နည်းတူ ပြင်ဦးလွင်မြို့တွင် နွေရာသီ သီတင်းသုံးရန် စံကျောင်းတော်အား ဆောက်လုပ်ခဲ့သည်။
သီတဂူဆရာတော်တွင် စစ်ကိုင်းတောင်ရိုးအပြင် ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ကျောင်းများစွာ ရှိသေးသည်။
ခေတ်အဆက်ဆက် ထေကြီးဝါကြီး ရဟန်းများနှင့် ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီးများသည် သီတဂူဆရာတော်ကဲ့သို့ နွေရှောင်ရန် ပြင်ဦးလွင်တွင် သီးသန့်ကျောင်းဆောက်နေထိုင်ခြင်းမျိုး မရှိခဲ့ပေ။
သီတဂူ နွေရာသီ စံကျောင်းအား ပြင်ဦးမြို့နယ် ထုံးဘိုရွာရှိ (ဒီဇင်ဘာခြံအနီး ) မြေဧက ၂ ဒဿမ ၁၉ ဧက ကျယ်ဝန်းသည့် မြေပေါ်တွင် ဆောက်လုပ်ထားသည်။ အဆိုပါ မြေပေါ်တွင် ဘုန်းကြီးကျောင်းအပြင် စေတီတဆူလည်း တည်ထားကိုးကွယ်မည်ဖြစ်သည်။ နွေရာသီစံကျောင်း တည်ဆောက်ရန် ကျပ်သိန်း ၂ ထောင်ကျော် ကုန်ကျခဲ့သည်ဟုလည်း သတင်းရင်းမြစ်တဦးက ဆိုသည်။
သီတဂူ နွေရာသီ စံကျောင်းတော်အတွင်း တပါးနေ ကျောင်းဆောင်များလည်း ပါရှိပြီး အဆိုပါ ကျောင်းဆောင်များ ဆောက်လုပ်ပြီး၍ ရေစက်ချလှူဒါန်းသည့် အလှူပွဲအား ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်တော် လှူဒါန်းပွဲသို့ အလယ်ပိုင်းတိုင်း စစ်ဌါနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် ဇနီး တက်ရောက်ခဲ့ပြီး သီတဂူဆရာတော်အား ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့သည်။
စစ်ဗိုလ်ချုပ်များမှ ဒေသခံများအား ကျောင်းဆောက်ရန် အသုံးပြုသည့် မြေကြီးကို လှူဒါန်းရန် ပြောဆိုခဲ့ပြီး မလှူနိုင်သည့်သူများအား ငွေလှူဒါန်းရန် ပြောဆိုခဲ့သည်ဟု ဒေသခံအချို့ကဆိုသည်။
“စစ်ဗိုလ်တွေက ကျောင်းဆောက်ဖို့ မြေကြီးလှူခိုင်းတယ်။ မလှူနိုင်ရင် ပိုက်ဆံထည့်ခိုင်းတယ်။ အချို့လူတွေက မလှူနိုင်တော့ ဆရာတော်ဆီ သွားပြီး တောင်းပန်တဲ့သူတွေ ရှိတယ်”ဟု ဒေသခံတဦးက ဆိုသည်။
ကျောင်းဆောင်နှင့် စေတီများ ဆောက်လုပ်ပြီးစီးသည့်အတွက် သီတဂူဆရာတော်သည် ပြီးခဲ့သည့် နွေရာသီတွင် ပြင်ဦးလွင်မြို့၌ သတင်းသုံးနေထိုင်ခဲ့သည်။ လာမည့် ပူပြင်းသည့်နွေရာသီများတွင်လည်း သီတဂူဆရာတော်သည် စစ်ဗိုလ်ချုပ်ကြီးများကဲ့သို့ ပြင်ဦးလွင်တွင် အပူရှောင် အနားယူတော့မည်ဖြစ်သည်။
You may also like these stories:
သီတဂူဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို ချီးကျူး
စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်
ကုသိုလ် တပဲ၊ ငရဲ တပိဿာနဲ့ အကုသိုလ် ဘုရားဒကာကြီး
ဘတ် ၇ သန်းတန် ဇိမ်ခံကားကို လက်ခံသောကြောင့် ထိုင်းဘုန်းကြီး ဝေဖန်ခံနေရ
Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား