ရွေးကောက်ပွဲ ဦးဆောင်ကျင်းပနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်မှူးကြီးမင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနေချိန် မဲရုံတွေထဲအထိ ဝင်ရောက်ခဲ့သလို မဲလာပေးတဲ့ ပြည်သူတွေနဲ့လည်း ထိတွေ့ပြောဆိုခဲ့ပါတယ်။
ဒီလိုလုပ်တာဟာ မဲပေးတဲ့ပြည်သူတွေကို ဖိအားပေးရာရောက်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီ (USDP) ကို သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်ပေးတာဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ Spring Sprout ကိုထင်ကျော်အေးက ဝေဖန်လိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ အခုရွေးကောက်ပွဲဟာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံခိုင်ရေးပါတီ အနိုင်ရအောင်လုပ်ထားတဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေကတော့ ထောက်ပြပြောဆိုထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ စစ်တပ်အနေနဲ့ ဒိုင်လူကြီးနေရာမှာ ရှိမနေဘူးလို့လည်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ဝေဖန်ထားပါသေးတယ်။
စစ်ခေါင်းဆောင်ဟာ ရန်ကုန်တိုင်းက လှိုင်၊ အင်းစိန် နဲ့ လသာမြို့နယ်တွေကို သွားရောက်ကာ မဲရုံတာဝန်ခံတွေ ၊ လာရောက်မဲပေးတဲ့သူတွေနဲ့ စကားပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်ရောက်ရှိနေတဲ့ ရန်ကုန်မြို့မှာတော့ လုံခြုံရေးတင်းကြပ်ထားတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေနဲ့ မြေပြင်အခြေအနေသိရှိ သူတွေကပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













