ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ မန္တလေး- လားရှိုး လမ်းမကြီးပေါ်မှ အရေးပါသော အုမ္မသီးလမ်းခွဲ ထိန်းချုပ်ရေး စစ်တပ် က ကြိုးစားနေရာ ၃မိုင်ခန့်အကွာရှိ ဂန့်ကော်ရွာသို့ ဝင်ရောက် တပ်စွဲသဖြင့် ပလောင် (တအာင်း) အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) (MDY-PDF) တို့ ဝိုင်းပတ်ပိတ်ဆို့ ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
အုမ္မသီးလမ်းခွဲသည် နှစ်ဘက်လုံးအတွက် အရေးပါသလို ရှမ်းပြည်မြောက်ပိုင်းနှင့်သာမက မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်းမြို့များသို့ သွားရာ လမ်းဆုံဖြစ်သည်။
“ဂန့်ကော်ရွာက ဘန့်ဘွေးနဲ့ အုမ္မတီး အုမ္မခါးကြားမှာရှိတဲ့ ရွာလေးတရွာပါပဲ၊ အဲဒီရွာကို စစ်တပ်က ရှေ့တဆင့် တိုးလာ တာမျိုးပေါ့။ ပြီးခဲ့တဲ့ ၂၂ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ စစ်ကြောင်းထိုးတော့ TNLA က တပ်ဆုတ်ပေးပြီးတော့မှ ရွာကို ပြန်ဝိုင်းထားတယ်။ ဂန့်ကော်ရွာက နှစ် ဖက်စလုံးအတွက် ဘန့်ဘွေးရွာလောက်တောင် အရေးမပါဘူးလို့ ပြောလို့ရပေမယ့် ဘန့်ဘွေးကနေ အုမ္မတီး အုမ္မခါး ဘက်ကို တိုးဖို့ဆိုရင် ပိတ်ဆို့ နိုင်ဖို့လိုတာမို့ စစ်တပ်က တိုးလာတာမျိုးပါ” ဟု နောင်ချိုမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ အုပ်စုရှိ ဂန့်ကော်ကျေးရွာသည် ပြင်ဦးလွင်မြို့နှင့် ၁၆ မိုင်ခန့်သာ ကွာဝေးပြီး TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အောက်တိုဘာ ၂၇ ရက် ညနေပိုင်းတွင် ဆုတ်ခွာပေးခဲ့ရခြင်းဟု သိရသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် TNLA တိုက်ခိုက်သိမ်းပိုက်ထား သော နောင်ချိုမြို့နယ်၊ ဂန့်ကော်ရွာ၊ အုမ္မသီးကျေးရွာလမ်းခွဲနေရာအထိ စစ်ကြောင်းထိုးလာခြင်းကြောင့် အောက်တိုဘာ ၁၉ ရက်မှစတင်၍ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဟု သိရသည်။
MDY-PDF မှ ပြောရေး ဆိုခွင့်ရှိသူ ကိုအော်စမွန်က “ဘန့်ဘွေး ဂန့်ကော်တဝိုက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ တာ ၁၀ ရက်ကျော်သွားပါပြီဗျ။ ဒေသခံတွေကတော့ အများစုက စစ်ရှောင်သွားကြပြီလို့ ပြောလို့ရပါတယ်၊ ကျန်တဲ့ အသေး စိတ် အခြေအနေကတော့ ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။
ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သည် ရွာအတွင်း၌နေရာယူထားကာ တော်လှန်ရေးတပ်များက ယင်းကျေးရွာအနီးတဝိုက်၌ ပိတ်ဆို့ထားဆဲဟု ဆိုသည်။
မန္တလေး-လားရှိုးလမ်းပေါ်မှ အုမ္မသီးလမ်းခွဲသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ၊ သပိတ် ကျင်းမြို့များကို ဆက်သွယ်ထားသော လမ်းကြောင်းတခုဖြစ်ကာ လက်ရှိအချိန်ထိ TNLA က ထိန်းချုပ်ထားနိုင်ဆဲဟု သိရသည်။
မန္တလေး-လားရှိုးလမ်းပေါ်မှ အုမ္မသီးလမ်းခွဲသည် နှစ်ဖက်လုံးအတွက် အရေးပါသလို ရှမ်းပြည်မြောက်ပိုင်းနှင့်သာမက မန္တလေးတိုင်း၊ မိုးကုတ်နှင့် ပြင်ဦးလွင်မြို့များသို့ သွားရာ လမ်းဆုံဖြစ်သည်။
စစ်တက္ကသိုလ်နှင့် သင်တန်းကျောင်းများတည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၆ မိုင်ခန့်အကွာ၌ ဖြစ်ပွားနေသော အဆိုပါ တိုက်ပွဲအတွင်းသို့ ဝက်ဝံစစ်ဆေးရေးဂိတ်၊ ဘန့်ဘွေး Asia World ဂိတ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့မှ လက် နက်ကြီးများဖြင့် ပစ်ကူပေးနေသလို တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၂ ရက်မှ စတင်၍ လေကြောင်း ပစ်ကူများပါ ပေးခဲ့ ကြောင်း သိရသည်။
နိုင်ငံရေး စစ်ရေးလေ့လာသုံးသပ်သူတဦးက “ဂန့်ကော်က ဒီလောက်ကြီး ဗျူဟာကျတဲ့ တိုက်ပွဲ မဟုတ်ပါဘူး၊ သူက အုမ္မတီး အုမ္မခါးဘက်ကို တဆင့်ချင်း တိုးတဲ့ သဘောပါပဲ။ ကျနော်သိရတာကတော့ မြေပြင်သတင်းအရ ရွာထဲ ဝင်တာကို ဟ ပေးလိုက်ပြီးတော့မှ ရွာကို ပြန်ဝိုင်းထားတယ်လို့ ပြောတယ်။ အဲဒီတော့ ဘယ်သူက သာတယ် နာမယ်ဆို တာတော့ ပြောဖို့က စောင့်ကြည့်ရဦးမှာ ဖြစ်တယ်။ ဂန့်ကော်ရွာလေးထဲကို စစ်တပ်က ဝင်လိုက်နိုင်တာနဲ့ စစ်တပ်က သာသွားပြီးလဲ မဟုတ်ဘူး၊ TNLA နဲ့ မန်း PDF က ဆုတ်ပေးပြီး ပြန်ဝိုင်းထားရုံနဲ့ သူတို့ သာသွားပြီလဲ မဟုတ်သေးဘူး။ အဲဒီတော့ အခုက နှစ်ဖက်စလုံး စစ်ကစားနေကြတာမျိုးပဲ။ အဆုံးအဖြတ်က ထွက်မလာသေးဘူး” ဟု ပြောသည်။
အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် နောင်ချိုမြို့နယ် ဂန့်ကော်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း နေရာ တို့ကို စစ်ကောင်စီစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဘန့်ဘွေး၊ ဂန့်ကော်ရွာနှင့်အနီးဝန်းကျင်မှ ဒေသခံ ၂ ထောင်ကျော်ထိ စစ်ဘေးရှောင်နေရပြီး အများစုမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် ဘေးလွတ်ရာကျေးရွာများနှင့် တောတောင်များအတွင်း တိမ်းရှောင်နေကြပြီး
တိုက်ပွဲများမှာ ပြင်ဦးလွင်မြို့နှင့် နီးလာသော်လည်း မြို့အတွင်း၌မူ တည်ငြိမ်နေပြီး ည ၇နာရီ နောက်ပိုင်း နေရာအချို့၌ စစ်ဆေးမှုရှိကြောင်း ပြင်ဦးလွင်မြို့ခံများထံက သိရသည်။
TNLA သည် နောင်ချိုမြို့နယ်တခုလုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ တောင်းခမ်းရွာအမြောက်တပ်စခန်း ၂ ခုသာ နောက်ဆုံးလက်ကျန် စစ်စခန်းအဖြစ် ကျန်ရှိပြီး စစ်ကောင်စီက အမြောက်တပ်များမကျရေးနှင့် နောင်ချိုမြို့ကို ပြန်လည်ရရှိရေးအတွက် ရှမ်းပြည်တောင်ပိုင်းနှင့် ပြင်ဦးလွင်မြို့နယ်များဘက်နေ၍ နှစ်ဖက်ညှပ်၍ စစ်ကြောင်းထိုး နေခြင်းဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
You may also like these stories:
ပြင်ဦးလွင်အနီး တိုက်ပွဲကြောင့် ဝက်ဝံဂိတ်ပိတ်၍ စစ်ရှောင်တို့ အခက်ကြုံ
တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်