“၁၀၂၇ စစ်ဆင်ရေး”၏ နောက်ဆက်တွဲ တကျော့ပြန်တိုက်ပွဲများ ဇွန် ၂၅ ရက်မှ စ၍ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် ထိစပ် နေသည့် မြို့ရွာများတွင် ဖြစ်ပွားနေရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မန္တလေးနှင့် စစ်တက္ကသိုလ်များ ဖွင့်ထားသည့် ပြင်ဦးလွင်မြို့တို့၌ လုံခြုံရေး တင်းကျပ်ထားသည်။
ဇွန် ၂၆ရက်မှစ၍ မန္တလေးမြို့တွင်းသို့ ဝင်ရောက်နိုင်သည့် အရှေ့ဘက် ၂၂ မိုင် ဇီးပင်ကြီး စစ်ဆေးရေးဂိတ်၊ ၁၆ မိုင် စစ်ဆေး ရေးဂိတ်နှင့် မြောက်ဘက်ရှိ ရွှေကျင်စစ်ဆေးရေးဂိတ်တို့၌ ခရီးသည်အပါအဝင် ကားအတွင်း ပိုက်စိတ်တိုက်ရှာဖွေခြင်း၊ မြို့ ပတ်လမ်းများပေါ်အထိ လုံခြုံရေးကင်းများ ချထားသလို လှည့်ကင်း၊ ပတ်ကင်းများလည်း မြို့တွင်းတွင် ပိုမို တွေ့နေရ ကြောင်း သိရသည်။
မန္တလေးမြို့ခံတဦးက “မြို့အဝင်တွေကို သေချာစစ်ဆေးတာတွေ လုပ်လာတယ်၊ ကားတွေကအစ အကုန်လုံးကို အစစ် အဆေး တော်တော်ကြမ်းတယ်၊ မြို့ထဲမှာလည်း ကင်းပုန်းတွေအပြင် အရပ်ဝတ်တွေနဲ့ ပါ စောင့်ကြည့်တာမျိုးတွေ ရှိလာ တယ်၊ မြို့ရဲ့ လုံခြုံရေးပိုင်းကို တော်တော်လေး တင်းတင်းကျပ်ကျပ် လုပ်လာတာ တွေ့ရတယ် ”ဟု ပြောသည်။
မတ္တရာ၊ မိုးကုတ်တိုက်ပွဲများက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တည်ရှိရာ မန္တလေးမြို့ကို ခြိမ်းခြောက်နေရာ လုံခြုံရေး တင်းကျပ်မှုများအပြင် ပျူစောထီးများ၊ စစ်မှုထမ်းဟောင်းများဖြင့်ပါ အင်အားဖြည့် လုပ်ဆောင်နေကြောင်း သိရသည်။
မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက “တိုက်ပွဲတွေက နေရာစုံဆိုတော့ စစ်တပ်မှာ လုံခြုံရေးအတွက်တောင် လုံလောက် တဲ့အင်အား မရှိတော့ဘူးဆိုတာ စစ်မှုထမ်းဟောင်းနဲ့ ပြည်သူ့စစ်တွေကိုပါ မြို့တွင်းလုံခြုံရေး အနေနဲ့ သုံးလာတာကို ကြည့်ရင် သိနိုင်တယ်၊ တိုက်နိုင်ခိုက်နိုင်တဲ့သူတွေကို ရှေ့တန်းကို တောက်လျှောက်ပို့နေတယ်၊ ပြီးတော့ လူငယ်တွေ ကိုလည်း ဖမ်းတာ ဆီးတာမျိုးတွေ ရှိလာတာမို့ သတိလေးနဲ့ သွားကြလာကြပါလို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ထိုသို့သော အခြေအနေများကြောင့် မြို့ခံများမှာ အထိတ်တလန့် ဖြစ်နေပြီး ဘဏ်များတွင်လည်း ငွေထုတ်ယူသူ များပြား နေသလို ဆန်၊ ဆီစသည့် စားသုံးကုန်နှင့် ဆေးဝါးများကိုလည်း ဝယ်ယူစုဆောင်းနေကြကြောင်း၊ စစ်ကောင်စီ၏ ရပ်ကွက် အုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့များကလည်း ညစဉ်နီးပါး ဧည့်စာရင်း စစ်ဆေးခြင်းများ ပြုလုပ်ကာ ဖမ်းဆီး ဒဏ်ရိုက်ခြင်းများကိုပါ ပြုလုပ်နေကြကြောင်း သိရသည်။

“မြို့ထဲမှာတော့ အလုပ်သွား အလုပ်ပြန်တွေ ပုံမှန်အတိုင်းပဲ အခုရက် ည ၈ နာရီ နောက်ပိုင်း အပြင်မထွက်ကြဖို့ အချင်းချင်း သတိပေးတာမျိုးတွေ ရှိတယ်၊ အချို့ရပ်ကွက်တွေဆိုရင် အုပ်ချုပ်ရေးပိုင်းကပါ သတိပေးတာမျိုးတွေ လုပ်လာကြ တာရှိ တယ်၊ ဧည့်စာရင်းစစ်တာတွေလည်း ညတိုင်း လုပ်လာကြတယ်၊ မြို့ခံတွေကတော့ စိုးတထိတ်ထိတ်နဲ့ နေ နေကြရတာ ပေါ့”ဟု အခြားမြို့ခံတဦးက ပြောသည်။
မန္တလေးမြို့အထိ တိုက်ပွဲများ ရောက်ရှိမလာနိုင်စေရန် ပုသိမ်ကြီးမြို့နယ်နှင့် နယ်နမိတ် ထိစပ်နေသည့် မတ္တရာမြို့နယ်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားသလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ်အတွင်းရှိ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း အပါအဝင် တပ်စခန်း ၈ ခုကို အပြီးသတ် သိမ်းပိုက်ထားသည်။
သိမ်းပိုက်ထားသောစခန်းများမှာ မတ္တရာမြို့နယ်အတွင်းရှိ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများ ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။
မန္တလေး PDF သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂” နှင့်အတူ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာ များတွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ယခု ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲသည် မန္တလေးမြောက်ဘက် မတ္တရာ၊ မိုးကုတ်နှင့် ပြင်ဦးလွင်အရှေ့ဘက် နောင်ချို၊ ကျောက်မဲ၊ သီပေါနားအထိ တိုက်ခိုက်နေသောကြောင့် ပြင်ဦးလွင်နှင့် မန္တလေးအား တိုက်ရိုက်ခြိမ်းခြောက်နေသော စစ်ဆင်ရေးတခုဖြစ်ကြောင်း စစ်ရေးလေ့လာသူ တဦးက သုံးသပ်သည်။

ထိုအခြေအနေများကြောင့် လုံခြုံရေး တင်းကျပ်၍ အင်အားဖြည့်တင်းမှုများ လုပ်နေသည်မှာ မှန်ကန်ကြောင်း၊ မြို့ လုံခြုံရေး အတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ အရေးပေါ်အခြေအနေကြေညာထားခြင်း မရှိသေးဟု မန္တလေးမြို့အုပ်ချုပ်ရေး ပိုင်းမှ အမည်မဖော်လိုသူတဦးက ဧရာဝတီသို့ ပြောသည်။
တော်လှန်ရေး အင်အားစုများကလည်း တိုက်ပွဲများကြောင့် မန္တလေး-မိုးကုတ် ကားလမ်းနှင့် မန္တလေး- မြစ်ကြီးနား ကား လမ်းတို့ကို ဇွန် ၂၅ ရက်မှ စ၍ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုရန် သတိပေးထားသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက ကျောက်မဲ၊ နောင်ချိုမြို့နယ်များမှ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်းများကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေမှုကြောင့် နောင်ချိုနှင့် ပြင်ဦးလွင် ကြားရှိ ရွာများမှ ဒေသခံများမှာ မိုင် ၃၀ ကျော်သာ ကွာဝေးသည့် ပြင်ဦးလွင်မြို့သို့ ထွက်ပြေး တိမ်းရှောင်ခြင်းများ ရှိသည်။
ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိသေးသူများလည်း မြေကျင်းများ တူး၍ လုံခြုံရေးသတိဖြင့် နေနေကြကြောင်း၊ လက်ရှိ ပြင်ဦးလွင်မြို့တွင်း၌ သွားလာမှုရှိနေသေးပြီး ကျေးရွာများတွင်မူ ဈေးဆိုင်များမှအစ ပိတ်ထားပြီး ခြောက်ကပ် တိတ်ဆိတ် လျက်ရှိကြောင်း သိရသည်။
မန္တလေး-ပြင်ဦးလွင်လမ်းပေါ်ရှိ အနီးစခန်းလေဆိပ်တွင် ဇွန်လ ၂၇ ရက်မှ စတင်ကာ လေယာဉ် အတက်အဆင်းများ ပြန်လည် ပြုလုပ်လာသလို ပြင်ဦးလွင်မြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများ၊ ပြည်သူ့စစ်ခေါ် ပျူစောထီးများအပါအဝင် ၅၀၀ ခန့် အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါအခြေအနေများအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။
You may also like these stories:
ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR