တနိုင်ငံလုံးရှိ ကျေးလက်ဒေသများတွင် လျှပ်စစ်မီး ရရှိရေးအတွက် ဖွဲ့စည်းထားသည့် ကျေးရွာ မီးလင်းရေး ကော်မတီများကို ဖျက်သိမ်း၍ ယင်းကိစ္စရပ်များကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်သို့ ပြန်လည် ထားရှိရန် အစိုးရအား တိုက်တွန်း ကြောင်း အဆိုတခုကို ဩဂုတ်လ ၁၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
ယခင် အစိုးရလက်ထက်ကတည်းက လျှပ်စစ်မီး ရရှိရန် ကျေးလက် မီးလင်းရေး ကေ်ာမတီများ ဖွဲ့စည်း၍ မီးရရှိရေး ဆောင်ရွက် ခဲ့ကြသော်လည်း လျှပ်စစ်မီး ရရှိပြီးနောက် ကော်မတီများသည် ပြည်သူလူထုထံသို့ ငွေစာရင်းရှင်းတမ်း ပြုလုပ်ခြင်း မရှိဘဲ အလွဲ သုံးစား လုပ်ဆောင်ခဲ့ကြကြောင်း ယင်းအဆိုကို တင်သွင်းသူ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်မိကွန်ချမ်းက ပြောသည်။
ဒေါ်မိကွန်ချမ်းက “ကျမဒေသမှာ ကျေးရွာတွေက မီးလိုချင်ရင် မီးလင်းရေး ကေ်ာမတီတွေကိုပဲ အားကိုးရတယ်။ ဈေးကျတော့ မ တန်တဆကြီး ပေးနေရတယ်။ အရင်က ၁၂ သိန်းထိ ပေးရတယ်။ အဲဒီနောက် ၁၀ သိန်း၊ ၇ သိန်းလောက်အထိ ပေးနေရတယ်။ တွက်ကြည့်လိုက်ရင် အများကြီး ကွာဟမှု ရှိတယ်”ဟု လွှတ်တော် အပြီး သတင်းထောက်များကို ပြောသည်။
မီးရရှိပြီးနောက် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း အလေ့အလွင့် မရှိအောင် နိုင်ငံတော်က တာဝန်ယူသင့်ကြောင်း၊ ပြည်သူ့ဘဏ္ဍာများစွာ သုံးစွဲနေရသည့် လုပ်ငန်းကို စနစ်တကျ ဖြစ်စေရန် အစိုးရက ဝင်ရောက်ထိန်းသိမ်းသင့်ကြောင်း၊ ပြည်သူများ သည်လည်း ၎င်းတို့ ခက်ခက်ခဲခဲ ရှာဖွေထားရသည့် ငွေကြေး အတိုင်းအတာတခုကို မီးလင်းရေး ကေ်ာမတီသို့ ပုံအပ်လိုက်ရသည် မှာ မဖြစ်သင့်တော့ကြောင်း ၎င်းက ပြောသည်။
“လူထုက မီးလိုချင်တယ်။ မီးရပြီး သုံးစွဲရတော့ မီးအားမပြည့်တာတို့ အရည်အသွေး မမီတာတို့ ကြုံရတယ်။ စိစစ်တဲ့ နေရာမှာလည်း လာဘ်စားမှုတွေ ရှိတဲ့အတွက်ကြောင့်မိုလို့ နိုင်ငံတော် အနေနဲ့ ထိန်းသိမ်းဖို့ တိုက်တွန်းတာပဲ ဖြစ်ပါတယ်”ဟု ဒေါ်မိကွန်ချမ်းက ပြောသည်။
အစိုးရက ကမ္ဘာ့ဘဏ် ချေးငွေနှင့် ဆောင်ရွက်နေသည့် အမျိုးသား လျှပ်စစ် ဓာတ်အား စီမံကိန်းအရ မဟာဓာတ်အားလိုင်းနှင့် ၂ မိုင်၊ ၅ မိုင်၊ ၁၀ မိုင် အကွာရှိ ကျေးရွာများကို တဆင့်ချင်း မီးပေးတော့မည် ဖြစ်ရာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေသည့် မီးလင်း ရေး ကော်မတီများကို ဖျက်သိမ်း၍ ယင်းနေရာတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက တာဝန်ယူရန် ရှိကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ အရာရှိတဦးက ပြောသည်။
“ကျနော်တို့ ဌာနတွင်းမှာလည်း မီးလင်းရေး ကော်မတီတွေ ဖျက်သိမ်းဖို့ သဘောထား တောင်းခံထားတယ်။ ကျနော်တို့လည်း ဖျက် သိမ်းဖို့ သဘောထားပေးလိုက်တယ်။ ဒီကော်မတီတွေကလည်း ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာ အမှန်ပဲ။ ကျနော် မြို့ နယ်ထဲမှာတင် မီးလင်းရေး ကော်မတီကို လာတိုင်တာ ရွာ ၄ ရွာတောင် ရှိတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ပြည်သူများကလည်း ၎င်းတို့ဒေသ မီးမလင်းသည့်အခါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အပြစ်ဖို့ကြပြီး တကယ်တန်း အလွဲ သုံးစား လုပ်နေသည်မှာ လူတစုက ချယ်လှယ်နေသည့် ကျေးရွာ မီးလင်းရေး ကော်မတီများပင်ဖြစ်ကြောင်း၊ လျှပ်စစ်မီး သွယ် တန်းခြင်း၊ တပ်ဆင်ခြင်းနှင့် သုံးစွဲခြင်းများကို သက်ဆိုင်ရာ နိုင်ငံတော် အဖွဲ့အစည်း၏ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခွင့် ပြုမထားကြောင်း ပေါင်မြို့နယ် အမတ်က လွှတ်တော်တွင် ပြောသည်။
ဝမ်းတွင်းမြို့နယ် ညောင်ပင်သာဆည် ရွာသားတဦးက ၎င်းတို့ဒေသတွင်းလည်း မီးလင်းရေး ကော်မတီမှာ အားမကိုးရကြောင်း၊ အားကိုးမရ၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အတွင်း လျှပ်စစ်မီးရရှိရေး တင်ပြတောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်သူများ လျှပ်စစ်မီး တိုးမြင့် သုံးစွဲခွင့် ရရှိရန် ဘက်ပေါင်းစုံံမှ ချင့်ချိန်စဉ်းစားပြီးနောက် ၂၀၃၀-၃၁ ခုနှစ်အထိ ဓာတ်အား လိုအပ်ချက်ခန့်မှန်းမှုကို ဖြည့်ဆည်းနိုင်ရန် ရေအား ၃၈ ရာခိုင်နှုန်း၊ သဘာဝ ဓါတ်ငွေ့ ၂၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၃၃ ရာခိုင်နှုန်း၊ ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ၉ ရာခိုင်နှုန်းတို့ကို အချိုးကျ ပေါင်းစပ်၍ ရေးဆွဲထားပြီး ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ယနေ့ လွှတ်တော်တွင် ပြောကြားခဲ့သည်။
၎င်းက လွှတ်တော် ကိုယ်စာလှယ်တဦး၏ မေးခွန်းကို ပြန်လည် ဖြေကြားစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး နွေရာသီ တွင်ပါ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု မရှိစေရန် အစိုးရဘတ်ဂျက်၊ နိုင်ငံတကာ ချေးငွေအပြင် ပုဂ္ဂလိက ကဏ္ဍတို့ပါ ပါဝင်၍ စီမံချက်ချ ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။