ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးအိုက်ထွန်းမှ မြန်မာပြည် ပညာရေးအတွက် နိုင်ငံအနှံရှိ ကျောင်းများတွင် ကျောင်းဆောင် များ ဆောက်လုပ်လှူဒါန်းနေရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများနှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၆ရက်နေ့က Pan Pacific ဟိုတယ်၌ ကျင်းပခဲ့သည်။
“၁၉၉၆ ခုနှစ်တုန်းက ပထမ ၁ ကျောင်းဆောက်တယ်။ အဲဒီတုန်းကတော့ ကျောင်းပေါင်း ၁၀၀ ပြည့်အောင် ဆောက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ စီးပွားရေးလုပ်ငန်းတွေ လုပ်ရင်းနဲ့ ဒီတိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်နဲ့ ကျနော် ငယ်ငယ်တုန်းက ၇ တန်းပဲအောင်ခဲ့တာဆိုတော့ နောင်လာနောင်သားတွေ ပညာရေးမှာ ကျောင်းကျောင်းကောင်းကောင်းနဲ့ ပညာဆည်း ပူးနိုင် အောင် ကျောင်းဆောင်တွေ တခုပြီးတခု ဆောက်လုပ်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ရွှေတောင်လုပ်ငန်းစုမှ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီလိုနဲ့ ကျောင်းတွေဆောက်လာတာ ကျောင်းဆောက်လုပ်မှု ပေါင်း ၆၀ ကျော်ကျတော့ မိတ်ဆွေ တယောက်က မေးတယ်။ ခင်ဗျားကျောင်းဆောက်တာ ဘယ်တော့ရပ်မလဲ ဆိုတော့ ကျနော်က မရပ်ဘူး။ ၂၀၂၀ ခုနှစ်ကျရင် ကျောင်း ၁၀၀ ပြည့်အောင်ဆောက်မယ်လို့ ကတိပေးခဲ့ပါတယ်။ အခု ၂၀၁၈ ခုနှစ်မှာ ကျောင်း ၁၀၀ ပြည့်ပါပြီ” ဟု ပြောသည်။
ပထမဆုံး ဆောက်လုပ်လှူဒါန်းသည့် စာသင်ကျောင်းဆောင်မှာ ရန်ကုန်တိုင်းဒေသကြီး လိူင်မြို့နယ်တွင် ၁၉၉၅ ခုနှစ်၌ စတင်တည်ဆောက်ခဲ့ပြီး ယခုဖွင့်လှစ်သည့် စာသင်ကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ ရှိကာ အမှတ် စဉ် ၁၀၀ တိတိပြည့်သည့် ကျောင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ထိုသို့ ကျောင်းများ လှူဒါန်းခြင်း၊ သင်ထောက်ကူ ပစ္စည်းကိရိယာများ လှူဒါန်းခြင်းဖြင့် မျိုးဆက်သစ်လူငယ်များအနေနှင့် ပညာကို ကောင်းမွန်စွာ ဆည်းပူးနိုင်ပြီး တိုင်းပြည်တိုးတက်အောင် အလုပ်အကျွေးပြုနိုင်မည်ဖြစ်သောကြောင့် တိုင်းပြည် တိုးတက်လာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ရွှေတောင်လုပ်ငန်းစု ကုမ္ပဏီသည် ပညာရေး ကဏ္ဍသာမက ကျန်းမာရေးကဏ္ဍ၊ ရေကောင်းရေသန့်ရရှိရေး ၊ အားကစား ကဏ္ဍ၊လမ်းတံတားကဏ္ဍနှင့် သဘာဝဘေးသင့် ဒေသများ အစရှိသည်တို့အပြင် အထွေထွေ လူမှုကူညီရေး ကဏ္ဍများတွင် လည်း ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က “ရွှေတောင်လုပ်ငန်းစုက ပညာရေးကဏ္ဍမှာ အများဆုံး လှူဒါန်းခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ကျောင်းအလိုက် စာသင်ခန်းလိုအပ်ချက်ပေါ်မူတည်ပြီး ကျောင်းဆောင် များ ကို ၁ ထပ်၊ ၂ ထပ် နဲ့ ၃ ထပ်ဆောင်များအထိ ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ ရွှေတောင်အုပ်စုက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ကျောင်းဆောင်ပေါင်း ၁၀၀ လှူဒါန်းခဲ့ပါတယ်” ဟုပြောသည်။
အမှတ်စဉ် ၁၀၀ ပြည့် လှူဒါန်းသည့် ကျောင်းဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ရှိ အမှတ် ၁ အခြေခံပညာ ကျောင်းကို ၂၀၁၈ ခုနှစ်ဇွန်လ ၁၀ ရက်တွင် ရွှေတောင်ကုမ္ပဏီအုပ်စုမှ ပညာရေးဝန်ကြီးဌာနသို့ ဆောက်လုပ် လွဲပြောင်းပေးပြီးဖြစ်သည်။
ရွှေတောင်လုပ်ငန်းစုသည် ကယားပြည်နယ်တွင် ကျောင်း ၃ ကျောင်း၊ ချင်းပြည်နယ်တွင် ၁ ကျောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ၄ ကျောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ ကျောင်း၊ မကွေးတိုင်းဒေသကြီးတွင် ၄ ကျောင်း၊ မန္တလေးတိုင်း ဒေသကြီး တွင် ၉ ကျောင်း၊ မွန်ပြည်နယ်တွင် ၃ ကျောင်း ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၅၂ ကျောင်း၊ ရှမ်းပြည်နယ်တွင် ၁၀ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၇ ကျောင်းနှင့် နေပြည်တော်ကောင်စီတွင် ၃ကျောင်းတည်ဆောက်ခဲ့ရာမှ ကျောင်းဆောင် ပေါင်း ၁၀၀ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း လှူဒါန်းမှု မှတ်တမ်းများအရ သိရသည်။
အဆိုပါ ရွှေတောင်အုပ်စုအနေဖြင့် ၁၉၉၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကဏ္ဍစုံတွင်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး နည်းပညာတက္က သိုလ် တခုအပါအဝင် ကျောင်းပေါင်း ၁၀၀ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆ သန်းခန့် လှူဒါန်းမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။
အထက်ပါ ဂုဏ်ပြုချီးမြှင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီး ၊ သံရုံးများမှ သံအမတ်ကြီး များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ဲကြသည်။
ထို့အပြင် ဂုဏ်ပြုချီးမြှင့်ပွဲတွင် လူမှုအကျိုးပြုဆုကို ရွှေတောင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးအိုက်ထွန်းသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးမှ ဆုချီးမြင့်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများရင်းနှီးမြှုပ်နှံ လှူဒါန်းခဲ့သော သံအမတ်များအပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးကိုလည်း ရွှေတောင်လုပ်ငန်းစုမှ လူမှုအကျိုးပြုဆုများ ပြန်လည်ချီးမြှင့်ခဲ့သည်။
ထပ်မံ၍ ရွှေတောင်လုပ်ငန်းစု အနေနှင့် တိုင်းနှင့် ပြည်နယ်များတွင် စာသင်ကျောင်း ၄ ကျောင်းကို ဆောက်လုပ်လျက်ရှိ ကြောင်း သိရသည်။