တရုတ်က နယ်စပ်မှ ကုန်ပစ္စည်းတင်ပို့ခွင့် ပိတ်ဆို့မှု တပတ်ကျော်အကြာ ရှမ်းမြောက်နှင့် ကချင်ပြည်နယ်တို့၌ စက်သုံးဆီ နှင့် ကုန်စည်များ ပြတ်လပ်လာသလို ဈေးနှုန်းများမှာ နှစ်ဆ၊ သုံးဆခန့် ဈေးတက်လာကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ကစ၍ မူဆယ်နယ်စပ်၌ စက်သုံးဆီပြတ်လာပြီး လက်ကျန်ဆီဆိုင်များတွင် လူအများ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်း ဝယ်ယူရသလို ယခင်စက်သုံးဆီ တလီတာ ၄၅၀၀ ကျပ်မှ ယခုတပတ်အကြာ၌ ကျပ် ၁ သောင်းအထိ မြင့် တက်လာကြောင်း ဒေသခံများက ပြောသည်။
ရှမ်းမြောက်ဒေသခံ ကုန်သည်တဦးက “တရုတ်ဘက်က စက်သုံးဆီတွေ မဝင်တော့တဲ့အတွက် မူဆယ်မှာဆို ဆိုင်တွေ တော်တော်ပြတ်သွားပြီ။ ဆီဈေးတွေကလည်း ပထမ မပိတ်ခင်တုန်းက တလီတာ ၄၅၀၀ ကျပ်ကနေ အခု ကျပ် ၉ ထောင် ၁ သောင်းတွေ ဖြစ်ကုန်ပြီ။ ရတဲ့ဆိုင်လည်း တော်တော်နည်းသွားပြီ။ နမ့်ခမ်းတို့ ဘာတို့ ဘက်ဆို ပိုဆိုးတယ်”ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ယခင်က ပြည်မဘက်မှ ရှမ်းမြောက်သို့ စက်သုံးဆီ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတချို့ ဝင်ရောက်ခြင်း ရှိသော် လည်း တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်သောကြောင့် တရုတ် သွင်းကုန်ကိုသာ အားထားနေရခြင်း ဖြစ်သည်။
အထက်ပါ ကုန်သည်က “လမ်းတွေက မကောင်းတော့ စရိတ်တွေက ကြီးမြင့်တယ်။ တောလမ်း ဖြတ်လမ်းတွေက လာရ တော့ မမြင်ရတဲ့ ကုန်ကျစရိတ်တွေလည်း ရှိတယ်။ လူတောင်မှ အရင် လာရင် ကျပ် ၁ သိန်းလောက်ပဲကျတာ။ အခုက ကျပ် ၄ သိန်းလောက် ပေးရတယ်။ အဲဒါတောင်လမ်းမှာ ၂ ညအိပ်၊ ၃ညအိပ် ”ဟု ရှင်းပြသည်။
ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) စသည့် မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့မှ ထိန်းချုပ်ထားသည့် မြန်မာ- တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ရှိ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန် ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်တို့ကို ဇူလိုင်လမှ စတင်၍ တရုတ်ဘက်မှ ပိတ်ထားသလို လက်ရှိ တွင်လည်း ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးနှင့် ပန်ဝါမြို့ရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ယခု ရက် ပိုင်းအတွင်း တရုတ်ဘက်က ပိတ်ထားကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း၌ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ မူဆယ်တွင် စားသောက် ကုန်ဈေးနှုန်းများမှာ မြင့်တက်လာသည်မှာ မသိသာသော်လည်း ယခုနယ်စပ်ဂိတ်ပိတ်ခြင်းကြောင့် စက်သုံးဆီဈေးမှာ နှစ်ဆခန့် သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ဆေးဝါးကတော့ အရင်ထဲက ပိတ်ထားတာဆိုတော့ အခက်အခဲက ရှိတယ်။ ဆင်ဖြူဂိတ်ပိတ်ထားပေမယ့် တချို့ နေရာလေးတွေက ဝင်တာလည်း ရှိတယ်။ အခုကတော့ တရုတ်ဘက်က လုံးဝ ဝင်ခွင့်မပေးဘူး။ သူတို့(တရုတ်) လက်လှမ်းမီသမျှ အကုန်ထိန်းချုပ်ထားတာဆိုတော့ နောက်ပိုင်းဆို ပိုဆိုးလာနိုင်တယ်။ နယ်စပ် တလျှောက်မှာတော့ တရုတ်ဘက်က လက်နက်ကိုင်တွေနဲ့ ပိတ်ထားတာ”ဟု ၎င်းက ဆက်ပြောသည်။
တရုတ်အစိုးရသည် စစ်ကောင်စီအား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေးသည် ဆိုကာ အောက်တိုဘာလ ၂၂ ရက်မှစ၍ နယ်စပ်ဂိတ်မှ မြန်မာဘက်သို့ တင်ပို့နေသော စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ် ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း အစရှိသည့် ကုန်စည်များကို တင်သွင်းခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်း ဖြစ်သည်။
မူဆယ်ဒေသခံ တဦးက “ကျနော်တို့ ရှမ်းမြောက်မှာက တိုက်ပွဲကြောင့် လမ်းတွေပိတ်နေသလို တိုက်ပွဲကြောင့်လည်း ဘာမှ မစိုက်ပျိုးနိုင်ကြတော့ တရုတ်ဘက်ကနေ ကြက်သွန်၊ ငရုတ်၊ ဆန်၊ဆီ၊ ဆား အကုန်လာတာ။ အခုကတော့ ကုန်ဈေးနှုန်းက တက်တာပေါ့ဗျာ။ သေချာသာ မပြောတတ်တာ။ ပဲပြုတ်ဆိုရင်တော့ အရင်က ၁၀ သား ၅၀၀ ကျပ် အခု ၁၀၀၀ ကျပ်ဗျာ။ စက်သုံးဆီကတော့ တန်းစီပြီးဝယ်ရတယ်။ အရင်ပိတ်တာထက် အခု ပိုခက်ခဲသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ-တရုတ် နယ်စပ်၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် ၁၀၅ မိုင်ဂိတ်မှာ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်သာရှိတော့ရာ နန်းတော်ဂိတ်တွင် လူဝင်/လူထွက်သာ ခွင့်ပြုထားပြီး ဆင်ဖြူဂိတ်မှ တနိုင်တပိုင် ဒေသတွင်း ကုန်သွယ်မှုကို လူတဦးလျှင် ယွမ် ၈၀၀၀ အထိ ခွင့်ပြုထားရာမှ ယခုအခါ လုံးဝပိတ်လိုက်ခြင်း ဖြစ်သည်။
ထို့သို့ ပိတ်လိုက်ခြင်းကြောင့် နယ်စပ်ဂိတ်ကို မှီခိုပြီး ကုန်ထမ်း၊ ကယ်ရီပို့ခြင်းစသော အလုပ်များ လုပ်ကိုင်နေသည့် အလုပ်သမားများမှာ ယခင် တရက်လျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရသော်လည်း ယခုအခါ အလုပ်လက်မဲ့ ဖြစ်နေကြောင်း အထက်ပါဒေသခံက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ဝ ဒေသတွင် တရုတ်ဘက်မှ သွင်းကုန်တင်ပို့မှု ပိတ်သောကြောင့် စက်သုံးဆီဆိုင်တချို့ ပိတ်ထား သည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် ပုံများနှင့်တကွတင်ထားသလို မူဆယ်မြို့၌လည်း စက်သုံးဆီတန်းစီ နေသည့် ကားတန်းရှည်များကို တွေ့ရသည်။
မြစ်ကြီးနား ဝိုင်းမော်ဒေသခံ တဦးက “ကျမတို့ဘက်မှာတော့ ၁ ဂါလံကို ၄၀၀၀၀ ကျပ်လောက်ရှိတယ်။ တရုတ်ဘက်က လာတဲ့ ဆီပေါ့။ အခုကတော့ လမ်းတွေ ပြန်ပိတ်သွားတယ်ဆိုတော့ ဓာတ်ဆီတောင်မှ ပြတ်လပ်တဲ့ အပိုင်းဖြစ်နေပြီ။ ကားတွေလည်း အကန့်အသတ်နဲ့ပဲ ရောင်းပေးတယ်။ နှစ်ဂါလံကနေကျော် မရဘူး။ ဆန်ကတော့ တအိတ် ကျပ် ၁ သိန်း ကျော်ပဲ။ ဖားကန့်တို့ ပူတာအိုတို့၊ ဆွမ်ဘရာဘွမ်တို့ဘက်တော့ ကျပ် ၂ သိန်းခွဲ ရှိတယ်။ လမ်းပိတ်တာနဲ့ ကုန်ကားတွေက မသွားနိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မြစ်ကြီးနား၊ ဝိုင်းမော်ဘက်တွင် အင်တာနက်လိုင်းသာမက ဖုန်းလိုင်းများပါ ပြတ်တောက်နေသဖြင့် ဖုန်းလိုင်းရသည့် နေရာသို့ သွား၍ အင်တာနက်သုံးပါက တနာရီလျှင် ၁ သောင်းကျပ်မှ ၃ သောင်းကျပ်အထိ ပေး၍ သုံးရကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ဆေးဝါးများတွင် ကျောက်ကပ်ဆေးမှာ ပစ္စည်းပြတ်နေသလို အကိုက်ခဲပျောက်ဆေး ယခင် ၁၀၀၀ ကျပ်မှ ယခု ၅၀၀၀ ကျပ်၊ ဓာတ်ဆား တထုတ်လျှင် ၃၅၀၀ ကျပ်နှင့် ကြက်ဥတလုံးလျှင် ၈၀၀ မှ ၁၀၀၀ ကျပ်အထိ ရှိနေကြောင်း သိရသည်။
ယင်းသို့ တရုတ်ဘက်မှ မြန်မာဘက်သို့ တင်သွင်းနေသော ကုန်စည်များကို တင်ပို့ခွင့် ပိတ်ထားသော်လည်း ကချင်ပြည် နယ် ဖီမော်မြို့ နယ်စပ်ဂိတ်တွင်မူ တရုတ်နိုင်ငံသားများကို ဝင်/ထွက်ခွင့်ပြုထားပြီး တရုတ်လုပ်ငန်းရှင်များက မြန်မာဘက် တွင် ကျောက်ဖြူတူးဖော်ခြင်း၊ သံသတ္တုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း ဒေသ သတင်းများတွင် ဖော်ပြထားသည်။
You may also like these stories:
မြန်မာ-တရုတ်နယ်စပ် ပိတ်လိုက်ပြီးနောက် ငွေကြေးဖောင်းပွနိုင်ဖွယ်ရှိ
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်
နယ်စပ်မှ မြန်မာသို့ ပို့ကုန်အားလုံး တရုတ်ပိတ်
တရုတ်က နယ်စပ်ပိတ်၍ ရှမ်းမြောက်၌ ကုန်ဈေးနှုန်းမြင့်ကာ ဆေးဝါးပြတ်လာ