ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အကြမ်းဖက် အာဏာသိမ်းပြီးနောက် လေးနှစ်နီးပါး ကြာသောအခါ မြန်မာကို နိုင်ငံရေး အကျပ်အတည်းက ဆက်လက် ဝါးမြိုနေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် များပြားလှသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ တနိုင်ငံလုံးတွင် ပြင်းထန်သော ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်ရသောကြောင့် နိုင်ငံ၏ ထက်ဝက်ကျော်ကိုသာ ထိန်းချုပ်နိုင်တော့သည်။
လွန်ခဲ့သော အပတ်အတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သွေးချောင်းစီး ပြည်တွင်းစစ်ကို အဆုံးသတ်ရေးအတွက် နိုင်ငံ၏ အကြီးမားဆုံး EAO ၂၁ ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် နှစ်လအတွင်း ဒုတိယအကြိမ် ဖိတ်ခေါ်သည်။ လက်ရှိအချိန်အထိ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကမှ မတုံ့ပြန်သေးပေ။
တရုတ်သည် မြန်မာတွင် သြဇာအကြီးမားဆုံး နိုင်ငံတကာ ပါဝင်ပတ်သက်သူဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မရှိမဖြစ် ဖြစ်စေရန် အပြင်းအထန် ကြိုးစားနေသည်။ သို့သော် ၎င်း၏ ဒေသတွင်းမှ အားပြိုင်နေသော အကျိုးစီးပွားများသည် ပဋိပက္ခ ပိုမိုရှည်ကြာစေမည့်အန္တရာယ် ရှိနေသည်။
တရုတ်သည် မြန်မာတွင် သြဇာအကြီးမားဆုံး နိုင်ငံတကာ ပါဝင်ပတ်သက်သူဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မရှိမဖြစ် ဖြစ်စေရန် အပြင်းအထန် ကြိုးစားနေသည်။ သို့သော် ၎င်း၏ ဒေသတွင်းမှ အားပြိုင်နေသော အကျိုးစီးပွားများသည် ပဋိပက္ခ ပိုမိုရှည်ကြာစေမည့်အန္တရာယ် ရှိနေသည်။
မြန်မာ၏ ထူးခြားသော လက်နက်ကိုင်အဖွဲ့အစည်းတခုစီက လူ့အဖွဲ့အစည်း၏ ကြီးမားသော အစိတ်အပိုင်းများကို ကိုယ်စားပြုသည်ဟု ပြောကြသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်း အထိရှိသော လူမျိုးစု တိုင်းရင်းသားများသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဗမာအစိုးရ အဆက်ဆက်အောက်တွင် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကို ခံရပြီး အများအပြားသည် နိုင်ငံတော်ကို လက်နက်ကိုင် ပုန်ကန်ရသည်။
ထိုသို့သော အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ကွဲပြားခြားနားသူ အမျိုးမျိုးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက ဒေါ်အောင်ဆန်းစုကြည် လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အဝေးရောက် အရာရှိများ ဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပတ်သက်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် အခြား ပြည်သူ့ကာကွယ်ရေးတပ်များပါ စစ်ကောင်စီကို တိုက်ခိုက်ရန် လက်နက်စွဲကိုင် တော်လှန်ခြင်းဖြစ်သည်။
အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ညီနောင်မဟာမိတ် သုံးဖွဲ့ဟုခေါ်သည့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး တိုက်ခိုက်မှု ပြင်းထန်လာသည်။
မြေပြင်အခြေအနေကို စောင့်ကြည့်နေသည့် နိုင်ငံတကာလေ့လာသူများသည် ၎င်းတို့၏ မြန်မာနှင့်ပတ်သက်သော တုံ့ပြန်မှုတွင်ဖြစ်စေ၊ နိုင်ငံခြားရေးမူဝါဒတွင်ဖြစ်စေ ညီညွတ်ခြင်း မရှိကြပေ။ အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများသည် စစ်ကောင်စီကို ပြစ်တင်ရှုတ်ချပြီး အရေးယူပိတ်ဆို့မှုများ ချမှတ်သော်လည်း ရုရှားနှင့်ထိုင်းကဲ့သို့သော အခြားနိုင်ငံများသည် စစ်ကောင်စီကို လူသိရှင်ကြား ရှုတ်ချခြင်းမရှိဘဲ ရုရှားသည် စစ်တပ်သို့ ဒေါ်လာ ၄၀၆ သန်းတန်သည့် လက်နက်များ ပေးပို့ကြောင်း ကုလသမဂ္ဂက ပြောသည်။
တရုတ်သည် ၎င်း၏ ပထဝီနိုင်ငံရေး နီးကပ်မှု၊ စီးပွားရေးအင်အားနှင့် နိုင်ငံရေးဂုဏ်သိက္ခာကြောင့် မြန်မာတွင် သြဇာအကြီးမားဆုံး ကမ္ဘာမှ ပါဝင်ပတ်သက်သူဖြစ်သည်။ သို့သော် တရုတ်သည် ဆန့်ကျင်ဘက်များဖြင့် ပြည့်နေပုံရသော သေနင်္ဂဗျူဟာအရ အဓိပ္ပာယ် နှစ်ခွ သက်ရောက်စေသည့် ချဉ်းကပ်မှုကို ချမှတ်သည်။
တဖက်တွင် တရုတ်သည် မင်းအောင်လှိုင် စစ်ကောင်စီအတွက် အရေးပါသော စီးပွားရေး၊ စစ်ရေးနှင့် သံတမန်ရေး ထောက်ပံ့မှုကိုပေးပြီး စစ်ကောင်စီကို ထိရောက်စွာ အသက်ဆက်စေသည်။ အခြားတဖက်တွင်လည်း တရုတ်သည် စစ်ကောင်စီအာဏာကို အသိအမှတ်ပြုရန် ငြင်းဆန်သည့် များပြားလှသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငွေကြေး သို့မဟုတ် လက်နက် ထောက်ပံ့သလို NUG နှင့်လည်း အဆက်အသွယ် ထိန်းသိမ်းထားသည်။
ထိုတချိန်လုံးတွင် တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီး (SOE) များနှင့် ပုဂ္ဂလိကလုပ်ငန်းများသည် မြန်မာမှ အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးစီးပွား စီမံကိန်းများ အထူးသဖြင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်စပ်ချင်း နီးကပ်သော အရှေ့တောင်ပိုင်း ကုန်းမြင့်များတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြသည်။
ထိုသို့သော ဘက်စုံချဉ်းကပ်သည့် နည်းလမ်းကို ရှုပ်ထွေးသည့် ပထဝီနိုင်ငံရေး စဉ်းစားသုံးသပ်မှုများက မောင်းနှင်သည်။ တရုတ်အစိုးရ၏ ပထမဦးစားပေး ရည်မှန်းချက်ပန်းတိုင်သည် အရှေ့တောင်အာရှတွင် သြဇာချဲ့ထွင်ရင်း အနောက်ဘက်နယ်စပ်များတွင် တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် ယူနန်ပြည်နယ်သို့ ဒုက္ခသည်များ အလုံးအရင်း စီးဝင်လာခြင်းကို တားဆီးရေး ဖြစ်သည်။
ထိုသို့သော ဘက်စုံချဉ်းကပ်သည့် နည်းလမ်းကို ရှုပ်ထွေးသည့် ပထဝီနိုင်ငံရေး စဉ်းစားသုံးသပ်မှုများက မောင်းနှင်သည်။ တရုတ်အစိုးရ၏ ပထမဦးစားပေး ရည်မှန်းချက်ပန်းတိုင်သည် အရှေ့တောင်အာရှတွင် သြဇာချဲ့ထွင်ရင်း အနောက်ဘက်နယ်စပ်များတွင် တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် ယူနန်ပြည်နယ်သို့ ဒုက္ခသည်များ အလုံးအရင်း စီးဝင်လာခြင်းကို တားဆီးရေး ဖြစ်သည်။
အမေရိကန်က မြန်မာစစ်ကောင်စီကို စကားအရ ဆန့်ကျင်ခြင်းသည်လည်း တရုတ်အရာရှိများ စိုးရိမ်ပူပန်မှု ဖြစ်စေသည်။ သမ္မတ ဘိုင်ဒင်က Burma Act ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီးနောက် ထိုစိုးရိမ်ပူပန်မှုများ ဆက်လက်မြင့်မားနေသည်။ ထိုဥပဒေသည် စစ်ကောင်စီကို နောက်ထပ် စီးပွားရေးနှင့် သံတမန်ရေးကန့်သတ်မှုများ ပြုလုပ်ပြီး NUG နှင့် PDF အချို့အပါအဝင် မြန်မာမှ လူမှုအခြေပြုအဖွဲ့အစည်းများအတွက် လက်နက်မဟုတ်သည့် အကူအညီ ဒေါ်လာသန်း ၄၅၀ ခန့် အာမခံသည်။
တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မရှိမဖြစ် ဆက်လက်ဖြစ်လိုနေသောကြောင့် အမေရိကန် ပြည်ထောင်စုက မြန်မာ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်မည့် အလားအလာသည် (မည်မျှပင် မဖြစ်နိုင်စေကာမူ) တရုတ်အစိုးရတွင် စိုးရိမ်ပူပန်မှုများဖြစ်စေသည်ဟု “အချိုးအစားမညီသော အိမ်နီးချင်းများ – တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား နယ်စပ်နိုင်ငံတော် တည်ဆောက်ခြင်း” (Asymmetrical Neighbors: Borderland State Building between China and Southeast Asia) ကို ရေးသားသူ အန်ဇီဟန်က ဖော်ပြခဲ့သည်။
မြန်မာတွင် အမေရိကန်၏ မည်သည့်သြဇာတိုးချဲ့မှုကိုမဆို ငြင်းဆန်ရန် အားထုတ်ပြီး စစ်ကောင်စီကို ၎င်းတို့ ထောက်ခံခြင်းသည် ပြည်တွင်းမှ စစ်ကောင်စီဆန့်ကျင်သူများကို ဒေါသထွက်စေမည်ဆိုသည့်အသိဖြင့် တရုတ်အစိုးရသည် မြေပြင်တွင် ၎င်းတို့ရပ်တည်မှု ဆက်လက်ထိန်းသိမ်းရေးအတွက် ၎င်းတို့သစ္စာခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီအပေါ် ၎င်းတို့သြဇာကို ဆက်လက်ခိုင်မာအောင် ကြိုးစားသည်။
တရုတ်အစိုးရအတွက် အလားတူ စိုးရိမ်စရာကောင်းသောကိစ္စမှာ နယ်စပ်ဒေသများတွင် လုပ်ကိုင်နေသည့် အချိတ်အဆက်မရှိဟု ထင်ရသော်လည်း ဆက်စပ်နေသည့် မြန်မာမှ ရာဇဝတ်ဂိုဏ်းများ ဖြစ်သည်။ ထိုရာဇဝတ်ဂိုဏ်းများက ကျူးလွန်နေသည့် ဆိုက်ဘာငွေကြေးလိမ်လည်မှု လုပ်ငန်းများသည် တရုတ်နိုင်ငံသားများကို ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားပြီး တရုတ်အမျိုးသားလုံခြုံရေးအတွက် ကြီးမားသာ ခြိမ်းခြောက်မှုဖြစ်သည်ဟု မြင်သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်က ဆိုက်ဘာငွေကြေးလိမ်လည်မှု ဂိုဏ်းတခုတွင် တရုတ်နိုင်ငံသား ၆၀ ကျော် သေဆုံးပြီးနောက်တွင်ပင် စစ်ကောင်စီက ထိုရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် စွမ်းရည်မရှိခြင်း သို့မဟုတ် စိတ်အားထက်သန်မှု မရှိခြင်းကို တရုတ်က စိတ်ပျက်မှုကြောင့် တရုတ်အစိုးရက လွန်ခဲ့သောနှစ်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ထိုးစစ်ကို ကနဦး တိတ်တဆိတ်ထောက်ခံမှုကို ဖြစ်စေပုံရသည်။
ထိုပထဝီနိုင်ငံရေး စိုးရိမ်ပူပန်မှုများအပြင် တရုတ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ်အရ မြန်မာတနိုင်ငံလုံးမှ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသောကြောင့် စီးပွားရေးအကျိုးစီးပွားများသည် မြန်မာတွင် တရုတ်၏ သေနင်္ဂဗျူဟာအတွက် အရေးပါသည်။
ထိုပထဝီနိုင်ငံရေး စိုးရိမ်ပူပန်မှုများအပြင် တရုတ်သည် ရပ်ဝန်းနှင့်ပိုးလမ်းမ အစီအစဉ်အရ မြန်မာတနိုင်ငံလုံးမှ အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသောကြောင့် စီးပွားရေးအကျိုးစီးပွားများသည် မြန်မာတွင် တရုတ်၏ သေနင်္ဂဗျူဟာအတွက် အရေးပါသည်။
တရုတ်က အကြီးအကျယ် ငွေကြေးစိုက်ထုတ်ထားသည့် ထိုစီမံကိန်းများတွင် အိန္ဒိယသမုဒ္ဒရာရှိ ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်နိုင်ငံအနောက်ပိုင်း၊ ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ရေနံနှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံတန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းဂျိုင့်ကဲ့သို့ ဓာတ်အားပေး စက်ရုံများလည်း ပါဝင်သည်။

အထူးသဖြင့် ထိုပိုက်လိုင်းများသည် တရုတ်၏ စွမ်းအင်ဖူလုံရေး တောင့်တင်းစေရန် သေနင်္ဂဗျူဟာကျသော အားထုတ်မှုများ၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ ထိုပိုက်လိုင်းများသည် ထိခိုက်လွယ်ရန် အလားအလာရှိသော မလက္ကာရေလက်ကြားကို အစားထိုးမည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြစ်သည်။ ထိုရေလက်ကြားသည် လက်ရှိ တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ တင်သွင်းများဖြတ်သန်းသည့် နေရာဖြစ်ပြီး အင်အားကြီး နှစ်နိုင်ငံအကြား ပဋိပက္ခဖြစ်ပါက အမေရိကန် ပြည်ထောင်စုက အလွယ်တကူ ဖြတ်တောက်နိုင်မည့် လမ်းကြောင်း ဖြစ်သည်။
တရုတ်၏ အကုန်အကျများသည့် လုပ်ငန်းမျာသည် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ နှစ်ဖက်လုံးက ထိန်းချုပ်ထားသည့် မြန်မာပိုင်နက်များကို ဖြတ်သန်းနေသောကြောင့် တရုတ်သည် ထိုအဖွဲ့များအားလုံးနှင့် ဆက်ဆံရေးကို အထူးဂရုစိုက် ကိုင်တွယ်ရမည်ဖြစ်သည်။
အထူးသဖြင့် ယူနန်ပြည်နယ်အစိုးရနှင့် နိုင်ငံပိုင်လုပ်ငန်း အများအပြားကဲ့သို့သော တရုတ်မှသက်ဆိုင်သူများသည် နယ်စပ်တလျှောက်တွင် နက်ရှိုင်းသော ကုန်သွယ်ရေးရှိသောကြောင့် အထူးဂရုစိုက်ကိုင်တွယ်ရန် လိုအပ်သည်။
ထို့ကြောင့် တရုတ်၏ အားပြိုင်နေသည့် မြန်မာမှ အကျိုးစီးပွားများသည် စစ်ကောင်စီကို ဆက်လက်ရှင်သန်စေရန် ထိန်းသိမ်းထားပြီး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း စစ်တပ်က မချေမှုန်းစေရန် အပြင်းအထန် လုပ်ဆောင်ရကာ တရုတ်ကို ဖြန့်ခွဲထားသည့် သေနင်္ဂဗျူဟာတွင် ပိတ်မိစေသည်။
အန်ဇီဟန်၏ ကြိုတင်ခန့်မှန်းမှုအရ တရုတ်အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရေးပါသည့်အခန်းမှ ပါဝင်ဖွယ်ရှိသည်။ သို့သော် လေးနှစ်နီးပါးကြာသည့် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေပြီး မြင့်မားနေသော ဖိအားများ စစ်ကောင်စီ၏ နိုင်ငံအပေါ်ချုပ်ကိုင်မှု ဆက်လက် အားနည်းနေချိန်တွင် နိုင်ငံမှ အားပြိုင်နေသောအုပ်စု အားလုံးကို ချက်ချင်း ကျေအေးစေရန် တရုတ်၏ အားထုတ်မှုများသည် ပိုမိုခက်ခဲလာမည်ဖြစ်သည်။
မကြာမီ တရုတ်သည် တဖက်ဖက်ကို ရွေးချယ်ရနိုင်သည်။
(Reaction ပါ Gabriel Lane ၏ China’s competing interests in Myanmar risk prolonging the conflict ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်
စစ်ကောင်စီကို ထောက်ပံ့တာရပ်ဖို့ တရုတ်ကို ဆန္ဒပြ (ရုပ်/သံ)
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ
စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ














