မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေး အဖွဲ့ (DPAG) က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁၆ ရက် တွင် ရန်ကုန် ပြည်သူ့ရင်ပြင်ရှိ The Yangon Gallery ၌ “မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါး ပြဿနာများကို ကိုင်တွယ် ဖြေရှင်း ခြင်း – အပြောင်းအလဲ ပြုလုပ်ရန် အရေးယူ ဆောင်ရွက်နိုင်သည့် အဓိက နယ်ပယ် ကဏ္ဍ (၅)ခု” ခေါင်းစဉ်နှင့် ပတ်သက်သော ဆွေးနွေးပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
ထိုပွဲသို့ မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေး အသင်း (MANA) ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ဘိန်းစိုက် တောင်သူများနှင့် ဖွံ့ဖြိုး ရေး ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများလည်း တက်ရောက်ဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးပွဲကို ဦးဆောင်ခဲ့သည့် DPAG အဖွဲ့မှ ညှိနှိုင်းရေးမှူး ဒေါက်တာ နန်းပန်းအိခမ်း အား မြန်မာနိုင်ငံတွင်း ပျံ့နှံ့မှု မြင့်မားနေသော မူးယစ်ဆေးဝါး အန္တရာယ် နှင့် မူးယစ်ဆေးဝါး ဆိုင်ရာ မူဝါဒများကို ပြောင်းလဲရန် ကြိုးပမ်း မှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
DPAG အဖွဲ့သည် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများနှင့် အလေ့အထများ အပေါ် စိတ်ဝင်စားမှုရှိသည့် အကျိုးသက်ဆိုင် သူ ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ဆွေးနွေး အဖြေရှာရေးအဖွဲ့ တဖွဲ့ဖြစ်သည်။
DPAG ကို၂ဝ၁၄ တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲသူများ ကွန်ရက် (NDNM)၊ မြန်မာနိုင်ငံ ဘိန်းစိုက် တောင်သူများ ညီလာခံ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) နှင့် HIV/AIDS Alliance၊ Medecins du Monde (MdM)၊ Population Save the Children ကဲ့သို့သော နိုင်ငံတကာ အဖွဲ့များလည်း ပါဝင်သည်။
မေး။ ။ DPAG အကြောင်းကို အရင် မိတ်ဆက်ပေးပါရှင့်။
ဖြေ။ ။ ကျမတို့အဖွဲ့က Drug Policy Advocacy Group ၊ အတိုကောက်ခေါ်ရင် ဒီပက် (DPAG) ပေါ့။ ကျမတို့အဖွဲ့က ကွန်ရက် ဖွဲ့စည်း ထားတယ်။ အဖွဲ့ဝင်တွေကတော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေရော၊ ဘိန်းစိုက်တောင်သူ ကွန်ရက်၊ နောက်ပြီးရင် Local NGO, INGO တွေပါတာပေါ့။ ကျမတို့အဖွဲ့ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ မူဝါဒတွေ ပြုပြင်ဖို့ ပြစ်ဒဏ်ပေးရေးကို ဦးတည်ချက် မထားဘဲနဲ့ပေါ့။
ကျန်းမာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ မူဝါဒတွေ ရှေးရှုပြီးတော့ ဒီအဖွဲ့လေးကို ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီမှာ မြန်မာနိုင်ငံမှာ လှုပ်ရှားနေတဲ့အဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေပေးမယ်။ ကျန်းမာရေး ဝန်ဆောင်မှုပေးမယ်။ အန္တရာယ်လျှော့ချရေး ဝန်ဆောင်မှုတွေ ပေးတယ်ပေါ့နော်။ ဒါပေမယ့် တကယ် မူဝါဒပြောင်းလဲဖို့ ဆိုရင်၊ အရင်ကဆိုရင် ဒီလိုလှုပ်ရှားတဲ့အဖွဲ့တွေ၊ ပြောဆို ဆွေးနွေးတဲ့အဖွဲ့တွေ မရှိဘူး။ ဒါကြောင့် ကျမတို့က ဒီအဖွဲ့လေးကို ဖွဲ့စည်းတာဖြစ်တယ်။
မေး။ ။ ဖေဖော်ဝါရီ ၁၆ ရက်က ဆွေးနွေးပွဲမှာ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါး များ ဆိုင်ရာ ဥပဒေက မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အတွက် တကယ်မထိရောက်ဘူးလို့ ပြောသွားခဲ့တယ်။ ဒါဆိုရင် ထိရောက်ဖို့ ဘာတွေ လုပ်ဆောင် ရမလဲ။
ဖြေ။ ။ ၁၉၉၃ ခုနှစ် မူးယစ်ဥပဒေက ပြင်ဆင်ဖို့လည်း လိုအပ်တာပေါ့နော်။ ပြင်ဆင်ဖို့ကိုလည်း ကျမတို့ ၂၀၁၅ ခုနှစ် ကတည်း က ဆွေးနွေးခဲ့တာပေါ့။ မူးယစ်ဆေးဝါးသုံးစွဲမှုကို မှတ်ပုံမတင်မနေရ ဥပဒေကို ပယ်ဖျက်ဖို့၊ နောက်တခုက မူးယစ် ဆေးဝါး သုံးစွဲသူကလည်း တကိုယ်ရည်သုံးစွဲသူ လက်ဝယ် အနည်းငယ်တွေ့ရှိတဲ့သူ ဆိုရင် သူ့ကို ဖမ်းဆီး ထောင်ချခြင်း မပြုဖို့။ ပြီးတဲ့အခါကျရင် ဒီအန္တရာယ်လျှော့ချရေး လုပ်ငန်းတွေကို ကျမတို့က ဥပဒေကနေ အထောက် အကူပြုပေးဖို့။ ဒီအန္တရာယ် လျှော့ချရေး ဝန်ဆောင်မှုတွေကို သွားရောက် ယူဆောင်တဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို လည်း ဥပဒေကနေ အကာအကွယ်ပြုပေးဖို့ပေါ့နော်။ အဲဒီလိုမျိုး ပြင်ဆင်ဖို့အတွက်ကို ဆွေးနွေးနေတယ်။
မေး။ ။ ၁၉၉၃ ဥပဒေရဲ့ အဓိက အားနည်းချက်က ဘယ်အပိုင်းလဲရှင့်။
ဖြေ။ ။ ၁၉၉၃ ဥပဒေက ပြစ်မှုပြစ်ဒဏ်ကို ဦးစားပေးတာပေါ့။ ခုနက ပြောသလိုပေါ့။ သုံးစွဲသူကို ထောင်ဒဏ် ၃ နှစ် ကနေ ၅ နှစ်အထိချတယ်။ လက်ဝယ်တွေ့ရှိသူဆိုရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိချတယ်။ ဆိုတော့ မူးယစ်ဆေးဝါး သုံးစွဲ သူတစ်ယောက်ဟာ သုံးလည်းသုံးတယ်။ လက်ဝယ်လည်း တွေ့ရှိတယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် ၈ နှစ်အထိ ကျတာပေါ့နော်။ အဲဒီတော့ ထောင်ဒဏ် ၈ နှစ်ကျရင် လူတယောက်ရဲ့ ဘဝက အများကြီး နစ်နာသွားတယ်။ ၈ နှစ်ကျလို့လည်း ပြန်ထွက်လာလို့ ပြတ်လားဆိုတော့ မပြတ်ဘူး။ ဒီသံသရာမှာပဲ လည်နေတယ်။ ဒါကြောင့်မိုလို့ ဒီဥပဒေကို ပြုပြင်ပြောင်းလဲ သင့်တယ်။
မေး။ ။ အဓိက ပြုပြင်ပြောင်းလဲရမယ့် အချက်တွေက ဘာတွေဖြစ်ပါသလဲရှင့်။
ဖြေ။ ။ အဓိကကတော့ အချက် ၃ချက်ပေါ့။ အချက် ၃ ချက်က ဘာလဲဆိုရင် ဆေးသုံးစွဲသူတွေကို မှတ်ပုံမတင် မနေရ ပုဒ်မ (၁၅)ကို ပယ်ဖျက်ဖို့။ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုကိုလည်း မိမိရဲ့ တကိုယ်ရည်သုံး အတွက်ဆိုရင် သူ့ကို ဖမ်းဆီး ပြစ်ဒဏ် မပေးသင့်ဘူးပေါ့။ သူ့ကို ဖမ်းဆီးပြစ်ဒဏ် ပေးမယ့်အစား ကျန်းမာရေး ဝန်ဆောင်မှုတွေကို၊ နောက် လူမှုရေး အထောက်အပံ့တွေကို ပေးသင့်တယ်။ ပြီးတဲ့အခါကျတော့ ဒီမူးယစ်ဆေးဝါး သုံးစွဲသူတွေကို အထောက်အကူ ပေးနေတဲ့ အန္တရာယ်လျှော့ချရေး လုပ်ငန်းတွေကို ဥပဒေကနေပြီးတော့ တရားဝင် ကာကွယ်ပေးသင့်တယ်။ ဒီမြန်မာ နိုင်ငံမှာ အန္တရာယ် လျှော့ချရေး လုပ်ငန်းတွေ လုပ်လာတာဟာ အောင်မြင်မှုရှိတယ်။ ဒါကြောင့်မို့လို့ ဥပဒေကနေ အကာအကွယ် ပေးသင့်တာပေါ့။
မေး။ ။ မူဝါဒပြောင်းလဲဖို့ အတွက် ဆွေးနွေးတာတွေအပြင် တခြားဘာတွေများ လုပ်ကိုင်နေသေးလဲရှင့်။
ဖြေ။ ။ ကျမတို့အနေနဲ့ မူဝါဒပြောင်းလဲဖို့ အတွက်ဆိုရင် ဒီ အခုတော့ အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနကနေပြီး ဦးစီးပြီး တော့ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟို အဖွဲ့ (CCTAC) ကနေ ဦးစီးဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး ဆွေးနွေးပွဲတွေမှာ ကျမတို့ ပါဝင်တယ်။ နောက်တခု က ကျမတို့အနေနဲ့ ရပ်ရွာတွေကိုသွားပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေရော၊ ပြည်သူလူထုကိုရော မူးယစ် ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကို လုပ်တယ်။ အသိပညာပေး လုပ်ငန်းဆိုတာ သူတို့အပေါ်မှာ ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းမျိုးတွေ မရှိအောင်ပေါ့နော်။ ပြောဆို ဆွေးနွေးတာပေါ့နော်။
မေး။ ။ လွှတ်တော်ထဲအထိ ရောက်ရှိသွားဖို့ ဘာတွေ ဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ အမှန်တကယ်ကတော့ ကျမတို့အနေနဲ့ ဆွေးနွေး တင်ပြချင်တာပေါ့နော်။ ဒါပေမယ့် အခုလောလောဆယ် တော့ လွှတ်တော်မှာသွားပြီးတော့ ဆွေးနွေးတင်ပြခွင့်ကတော့ မရရှိသေးဘူး။ ကျမတို့ ကြိုးစားနေတုန်းပေါ့။ ကျမတို့ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရဦးမယ်။
မေး။ ။ အခု ထုတ်ဝေလိုက်တဲ့ “မြန်မာနိုင်ငံရှိ မူးယစ်ဆေးဝါး ပြဿနာများကို ကိုင်တွယ် ဖြေရှင်းခြင်း – အပြောင်း အလဲ ပြုလုပ်ရန် အရေးယူ ဆောင်ရွက်နိုင်သည့် အဓိက နယ်ပယ် ကဏ္ဍ (၅)ခု” အမည်ရှိ စာစောင်အတွက် ဘယ် ဒေသ တွေကို လေ့လာ ကောက်ယူထားတာမျိုး ရှိပါသလဲ ရှင့်။
ဖြေ။ ။ ကျမတို့က စစ်တမ်း ကောက်ယူတာတွေ၊ အင်တာဗျူးတွေတော့ မလုပ်ထားပါဘူး။ ရရှိတဲ့ သတင်း အချက် အလက် တွေပေါ်မှာပဲ အခြေခံ ရေးသားထားတာပါ။
မေး။ ။ စာစောင်မှာ ဖော်ပြထားတဲ့ မူဝါဒတွေက မြန်မာပြည်သူတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့်၊ အဆင်ပြေမယ့် အခြေအနေ ရှိပါသလား။
ဖြေ။ ။ မြန်မာပြည်သူတွေ အတွက် အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါး ပြဿနာဆိုတာ မြန်မာပြည် မှာ ရော၊ နိုင်ငံတကာမှာရော ဒီလူတွေ ရှိနေသရွေ့ကတော့ မူးယစ်ဆေးဝါးပြဿနာဆိုတာ ရှိနေမှာပဲ။ အဲဒီတော့ ပြဿနာကို ဘယ်လိုကိုင်တွယ်ရမယ်။ သူများတွေ ဘယ်လို ကိုင်တွယ်တယ် ဆိုတာ ရှိမှာပေါ့နော်။ ဒီ တားဆီး နှိမ်နင်း ရေးနဲ့ပဲ ဆောင်ရွက်နေလို့ကတော့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာ မဟုတ်ဘူး။
မေး။ ။ ဘိန်းစိုက်သူ ပပျောက်ရေးအတွက် ဘိန်းစိုက်တောင်သူတွေကို အစားထိုးသီးနှံပေးရုံနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မအောင်မြင်ဘူးလို့ ကြားသိရပါတယ်။ ဘယ်လိုမျိုး လုပ်ကိုင်သင့်တယ်လို့ အကြံပြုချင်ပါသလဲ ရှင့်။
ဖြေ။ ။ ကျမကတော့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သင့်တာ ပေါ့နော်။ တခုကတော့ ကာလ တိုမှာ ကြည့်မယ်ဆိုလည်း သူတို့စိုက်ခင်းတွေ ဖျက်ဆီးတာမျိုး၊ အတင်းအကျပ် တားမြစ်တာမျိုးထက် သူတို့ ဒေသတွေ မှာ ဘာတွေ လိုနေလဲ။ ပညာရေးလား၊ ကျန်းမာရေးလား။ လမ်းပန်း ဆက်သွယ်ရေးလား။ လိုအပ်ချက်တွေကို ဖော် ထုတ် သင့်တယ်။ နောက် အစားထိုး သီးနှံသက်သက်နဲ့ပဲ မအောင်မြင်ဘူး ဆိုတော့ ရေရှည်မှာ ဘယ်လို ဖွံ့ဖြိုး တိုးတက် ရေး ဆောင်ရွက်သင့်သလဲ ဆိုတာ ဖော်ထုတ်သင့်တယ်။
မေး။ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် သုံးစွဲသူ၊ စိုက်ပျိုးသူတွေ လောက်ကိုပဲ ဥပဒေက ရောက်နေတယ်။ ရောင်းချသူ ကြီးကြီးမားမားတွေကို ဖမ်းဆီးနိုင်တာ မရှိသေးဘူး။ သုံးစွဲသူ ၊ စိုက်ပျိုးသူတွေကို ပြောင်းလဲလာအောင် ကူညီ ထောက် ပံ့ နိုင်တာမျိုး မရှိဘူးဆိုတဲ့ အခြေအနေပေါ်မှာ ပြောပြပေးပါဦး။
ဖြေ။ ။ ကျမကတော့ တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေမှာ ပြစ်မှုကြီးတဲ့သူတွေကိုပဲ အာရုံစိုက်သင့်တယ်။ အသေးစား ဆောင်ရွက်နေသူတွေကိုပဲ အာရုံထား မနေသင့်ဘူး။
မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်အောင် ဘယ်လို လုပ်ကိုင်သင့်သလဲ။
ဖြေ။ ။ တိုက်ဖျက်ရေး လုပ်ငန်းတွေအနေနဲ့ ကျမမြင်တာက အခုက အရေအတွက်ပေါ့နော်။ ဒီဖမ်းဆီးတဲ့ သူတွေက မူးယစ်ဆေးဝါး သုံးစွဲသူ ဘယ်နှယောက် ဖမ်းဆီးမိလဲ။ နောက်ပြီးတော့ ဘိန်းကီလိုတွေ ဘယ်လောက် ဖမ်းဆီးရမိလဲ။ ဒါတွေကိုပဲ ပစ်မှတ်ထားတယ်။ အရေအတွက်ပြည့်မီဖို့ပဲ ပစ်မှတ်ထားနေတယ်။ တကယ်တမ်းကျတော့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ကျန်းမာရေး ဝန်ဆောင်မှုတွေ ဘယ်လောက်ရရှိသလဲ။ သူတို့ မက်သဒုန်းတွေ(မူးယစ်ဆေး ဖြတ်သူတွေ ကို ကျွေးတဲ့ဆေး) ဘယ်လောက် သောက် ဖြစ်လဲ။ ဘယ်လောက် ပြောင်းလဲလာလဲ စသဖြင့် အရည်အသွေးကို အခြေခံတဲ့ လုပ်ငန်းတွေကို ပြောင်းလဲမယ်ဆိုရင် အောင်မြင်လာမှာပါ။ ။