တောင်သမန်အင်းစောင်း တောင်လေးလုံးကျောင်းတိုက်အတွင်းက သူဌေးဘုရားရင်ပြင်မှာ အရှေ့ဘက် အာ ရုံခံတန်ဆောင်းမှာ ကဗျာချစ်သူ စာချစ်သူတွေ တဖွဲဖွဲရောက်လာကြတယ်။ အာရုံခံတန်ဆောင်းမှာ ဗီနိုင်းပိုစတာတချပ် ချိတ်ဆွဲထားပြီး လေပြေထဲမှာ လွင့်နေတယ်။
ဗီနိုင်းမှာ ကဗျာဆရာကြီး မောင်စွမ်းရည် အသက်(၈၀) ပြည့်မွေးနေ့ အခမ်းအနား ၁၇-၂-၂၀၁၇၊ တောင်လေးလုံးကျောင်း ဆိုပြီး ရေးထားတယ်။ အမေရိကားရောက်နေတဲ့ ကဗျာဆရာမောင်စွမ်းရည်ရဲ့(၈၀)ပြည့်မွေးနေ့ကို တောင်လေးလုံး ကျောင်း မှာ ကျင်းပနေတာဖြစ်ပြီး ကဗျာချစ်သူ၊ စာချစ်သူတွေ စုဝေးရောက်ရှိနေကြတာပါ။
ဒီအခမ်းအနားမှာ ဆရာ မောင်စွမ်းရည်ရဲ့ငယ်သူငယ်ချင်း အင်းဝသားကဗျာဆရာ ကိုလေး(အင်း၀ ဂုဏ်ရည်)က ဦးဆောင် ကျင်းပတာပါ။ ဆရာမောင်စွမ်းရည်ရဲ့နှမ မြင်းခြံသူ ဒေါ်မြင့်မြင့်သန်းလည်း တက်ရောက်ပါတယ်။
လူထုဒေါ်အမာရဲ့သမီး ဒေါ်သန်းရင်မာ၊ ပန်တျာ ဒေါ်ဌေးဌေးမြင့် (လမင်းတရာ) မြို့ခံ စာရေးဆရာ၊ ကဗျာဆရာတွေဖြစ်တဲ့ ညီစေမင်း၊ မောင်နွေထက်၊ ညိုထွန်းလူ၊ မောင်နီဦး၊ နေဝင်းမြင့်၊ စိုးနိုင်(မန္တလေး တက္ကသိုလ်)၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဆူးငှက်၊ သင့်နော်၊ သိုက်ထွန်းသက်၊ ဂျိုဇော်၊ ရဲသျှမ်း စတဲ့သူတွေ စုံစုံညီညီ တက်ရောက်ကြတယ်။
ကဗျာဆရာ( ဦး)ကိုလေး(အင်းဝဂုဏ်ရည်)က “လွမ်းစရာလည်းကောင်း ပျော်စရာလည်းကောင်းလို့ ဒီပွဲလေး လုပ်တာပါ။ ငါက သူ့ကိုပြောတယ်။ ကိုစွမ်းရည် ခင်ဗျား အမေရိကားတောင်ရောက်နေပြီပဲ ဖေ့စ်ဘုတ်လေး ဘာလေးသုံးပါဗျာဆိုတော့ ငါက မင်းစာတွေ ဖတ်နေရမှာစိုးလို့ မသုံးတာ မင်းမျက်နှာပဲ ကြည့်ချင်တာ”လို့ ရယ်ရယ်မောမော ပြောပါတယ်။
ဆရာမောင်စွမ်းရည်နဲ့ ဆရာဦးကိုလေးတို့ တခါတရံ ဖုန်းနဲ့ ဆက်ပြီးလည်း အလွမ်းဖြေကြပါသေးသတဲ့။ မန္တလေးတက္က သိုလ်ထွက် ကဗျာဆရာတွေထဲမှာ တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး(အင်း၀ ဂုဏ်ရည်)တို့ လေးဦးကို ကဗျာ့ တပ်မှူးကြီးလေးဦးအဖြစ် တင်စားကြတယ်။
ကဗျာဆရာတင်မိုးက ဖန်မီးအိမ်၊ ကြည်အောင်က လမင်းတရာစာအုပ်တွေနဲ့ ကဗျာဆုတွေ သိမ်းပိုက်ခဲ့တယ်။ မောင်စွမ်း ရည်က အနီနဲ့ အပြာ၊ ကိုလေး(အင်း၀ ဂုဏ်ရည်)က လမ်းသစ်ကဗျာစာအုပ်တွေနဲ့ ဆုတွေရခဲ့ပြန်တယ်။ အခုအခါ ဆရာ ကြည်အောင်နဲ့ ဆရာတင်မိုးတို့ ကွယ်လွန်အနိစ္စရောက်ခဲ့ကြပြီ။
အဲဒီခေတ်က မန္တလေးတက္ကသိုလ်ရဲ့စာပေကောင်းကင်မှာ အနုပညာကြယ်ပွင့်တွေ လင်းလက်တောက်ပခဲ့တဲ့ ရွှေရောင် ကာလတွေဖြစ်ခဲ့တယ်။
မောင်သိန်းနိုင်၊ ဘုတလင်ချစ်လေး၊ မောင်သာနိုး၊ မောင်လေးမောင်၊ တက္ကသိုလ်မောင်ထွန်းဝေ၊ မောင်မိုးသူ၊ ဝင်းဖေ၊ မောင် မျိုးမြင့်၊ မောင်ပေါက်စည်၊ ဇော်ဇော်အောင်၊ တက္ကသိုလ် မောင်စောလွင်၊ မောင်သန်းဌေး စတဲ့သူတွေ မန်းတက္ကသိုလ် က လောင်ရှင်အသင်းမှာ လက်စွမ်းပြခဲ့ကြတဲ့ အချိန်လည်း ဖြစ်တယ်။
အဲဒီအချိန်က ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)က မန်းတက္ကသိုလ်မှာ ဆရာအဖြစ်တာဝန် ထမ်းဆောင်နေချိန် ဖြစ်တယ်။ ဆရာကောင်းတပည့်တွေ ပန်းကောင်းပန်ခဲ့ရုံမက ပန်းဥယျာဉ်ပါ စိုက်ပျိုးထွန်ယက်ခဲ့တဲ့ နှစ်ကာလတွေ ဖြစ်ခဲ့တယ်။
ဆရာမောင်စွမ်းရည် ယောက်ဖ ဦးစိန်မြင့်ကလည်း ဆရာစွမ်းအမှတ်တရ အခုလို အမှတ်တရ ပြန်ပြောင်းပြောပြပါတယ်။
“မြင်းခြံ ကန်ဆင့်ရွာက ဆရာစွမ်းရဲ့မိဘဘိုးဘွားတွေ နေခဲ့တဲ့ ရွာကြီးဖြစ်တယ်။ ဘုရားတည် ကျောင်းဆောက်ထားတာ တွေ အများကြီး။ ရေရှားပါးတဲ့ အရပ်ဆိုတော့ နွားတွေ သောက်ဖို့ရေကန်ပါတည်ပေးခဲ့တာ။ ဆရာမောင်စွမ်းရည်တို့ ဘိုးဘွားတွေပိုင်တဲ့ထန်းတောတွေဆိုတာ အများကြီးပဲ။ ဆရာကြည်အောင် မဆုံးခင်က ဆရာစွမ်းနဲ့အတူ ရွာကို တခေါက် ရောက်လာခဲ့တယ်။ ထန်းတောထဲက ကလေးတွေကို သူငယ်ချင်းတွေချစ်စိတ်နဲ့ ဘဂျမ်း၊ တင်မိုး၊ ကြည်အောင် ဆိုပြီး ဆရာစွမ်းက နာမည် ပေးခဲ့သေးတယ်။ အခု ဘဂျမ်းက ထန်းသမားဖြစ်နေပြီဆိုတော့ ငါနာမည်ပေးခဲ့တဲ့ကောင်က အခု တော့ အမြင့်ရောက်နေပြီ”လို့ အတိတ်အကြောင်းတွေ ပြန်ပြောပြတယ်။
ဆရာ ညီစေမင်းက ဆရာစွမ်းတို့ မိသားစုနဲ့ ရင်းနှီးတဲ့သူဖြစ်ပါတယ်။ ဆရာစွမ်းရဲ့ညီက ဆရာညီစေမင်းရဲ့သူငယ်ချင်း ရဲဘော်ရဲဘက်ဖြစ်ခဲ့သလို ဆရာညီစေမင်းရဲ့အကို မောင်လေးမောင် (ကိုကိုးကျွန်းမှာ ကျဆုံးခဲ့သူ)ကလည်း ဆရာစွမ်းရဲ့ ရဲဘော်ရဲဘက် သူငယ်ချင်းဖြစ်ခဲ့သူပါ။
မိဘချင်းလည်း ရင်းနှီးကျွမ်းဝင်ကြတာကြောင့် နွေကျောင်းပိတ်ရက်တွေမှာ ဆရာစွမ်းရဲ့အိမ်က ဆရာညီစေမင်းတို့အတွက် စားအိမ်သောက်အိမ်ဖြစ်ခဲ့ရတယ်။
“ ဆရာစွမ်းတို့ အဖေ သူကြီးက ခေတ်မီတဲ့သူကြီး၊ သူ့အိမ်က စာအုပ်တွေနဲ့ နွေရာသီ ဖြတ်သန်းခဲ့ရတာပါပဲ။ သူတို့အမေ ဒွေးတင်ကြည်ကလည်း မငြူစူဘူး။ ချက်ပြုတ်ကျွေးတာပဲ။ ဆရာစွမ်းရဲ့ညီ ကျော်ဆွေက အခုထိ ပြည်ပတနေရာမှာ သူ ယုံကြည်တာ သူလုပ်နေတုံးပါပဲ” လို့ ပြောတယ်။
အဲဒီအချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ ဆရာမောင်စွမ်းရည်က သူ့နှမ ဒေါ်မြင့်မြင့်သန်းရဲ့ လက်ကိုင်ဖုန်းကို ခေါ်ပါတယ်။ မွေးနေ့ အခမ်းအနားမှာ ရောက်နေတဲ့ ဒေါ်မြင့်မြင့်သန်းက ဖုန်းကို အခမ်းအနားမှူး ဆရာသင့်နော်ထံ လက်ဆင့် ကမ်းတယ်။ ဗီဒီယိုဖုန်းနဲ့ ခေါ်ဆိုနေတာပါ။
ဆရာမောင်စွမ်းရည် တဖက်က ပြောသမျှကို ဆရာသင့်နော်က ပရိတ်သတ်ကြားအောင် တဆင့်ပြန်ဖောက်သည်ချတယ်။
“ဒီမွေးနေ့ပွဲ ကျင်းပပေးတာ သိရတော့ ဝမ်းနည်းဝမ်းသာ ဖြစ်ရတယ်။ ကျနော်မရှိဘဲ လုပ်ပေးကြလို့၊ ဒီမှာတော့ အသက် ၆၅ နှစ်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုခံကြရတယ်။ ဘကြီးမိုးတို့ မောင်သာနိုးတို့ အသက်ရှည်တာ ဆေးလိပ် မသောက်ကြလို့။ ဆေးလိပ်သောက်ကြသူတွေ အသက်တိုကြတယ်။ ကျန်းမာရေးက ကောင်းပါတယ်။ ချောင်းဆိုးတခုပါပဲ။ ဒီမှာ နှင်းတွေ တအားကျနေတယ်။ တချို့လည်း အမတ်တွေ ဘာတွေ ဖြစ်နေတာကြားတယ်။ ဘုရားရှိခိုးတယ်။ အမျှ ေ၀ တယ်။ ဆွမ်းပန်းရေချမ်း ကပ်တယ်။ တနင်္ဂနွေနေ့တိုင်း ပဌာန်းရွတ်ပါတယ်”လို့ တယ်လီဖုန်းက တဆင့် ပြောပါတယ်။
တယ်လီဖုန်းထဲက ဆရာစွမ်းရဲ့အသံကို အခမ်းအနားတက်ရောက်လာကြသူတွေက ငြိမ်ငြိမ်သက်သက် နားထောင်နေ ကြတယ်။ ဆရာစွမ်းရဲ့ပုံရိပ်ကို လက်ကိုင်ဖုန်းမှာ မြင်နေရတယ်။ အကျီ အကွက်ဝတ်ဆင်ထားပြီး မျက်မှန်တပ်ထားတဲ့ ဆရာစွမ်းရဲ့ ပုံရိပ်ကြည့်ရတာ ဇရာကြောင့် နွမ်းနယ်ပုံရပေမယ့် ကျန်းကျန်းမာမာပါပဲ။
ဆရာဦးကိုလေး (အင်း၀ ဂုဏ်ရည်)က ဆရာမောင်စွမ်းရည်ရဲ့ကဗျာ အခုပဲ ရောက်ရှိလာကြောင်း မွေးနေ့အခမ်းအနား တက်ရောက်ကြသူတွေကို သတင်းစကားပါးတယ်။ ဆရာဦးကိုလေး(အင်း၀ ဂုဏ်ရည်)က သူ့ လက်ကိုင်ဖုန်းထဲ ရောက် လာတဲ့ ဆရာမောင်စွမ်းရည်ရဲ့လေးပွင့်ဆိုင်ကဗျာကို ဖတ်ပြပါတယ်။
“လေးပွင့်ဆိုင်”
တင်မိုးနဲ့ မောင်စွမ်းရည်
ကြည်အောင်နဲ့ ကိုလေး
မြင်းခြံနဲ့ အင်းဝ
ဆုံကြတော့ မန္တလေး။
လေးပွင့် ကဗျာ
အညာမှာ ပျံ့မွှေး။
ကဗျာ အချက်ဗဟို
တမာ တက္ကသိုလ်
ဘဝဂ်ကို ရနံ့ချင်းအောင်
သင်းပျံ့လို့ အေး။
လေးပွင့်ဆိုင်
မြိုင်ပေရဲ့ကဗျာပန်း။
အညာတမာ က
ဗမာ ကမ္ဘာ စာဂုဏ်မြင့်အောင်
မြှင့်စို့ တခန်း ။ ။