စာအုပ် စထွက် ကတည်းက စာကြည့်တိုက် အသိုင်းအဝိုင်းက သဘောကျ နှစ်သက်တယ် လို့ အသံကြားရပါတယ်။ အကြောင်းက ဒီစာအုပ်မှာ အက္ခရာစဉ် အညွန်း ပါလို့ပါ။ စာအုပ် တအုပ်မှာ အက္ခရာစဉ်အညွန်း ပါဝင်တဲ့ စာအုပ်က ရှားပါတယ်။ တကယ်လို့ အက္ခရာစဉ် အညွှန်း ပါခဲ့ရင်လည်း မှန်ကန်ဖို့က လိုပါသေးတယ်။ တချို့စာအုပ်တွေက မူရင်းမှာ အက္ခရာစဉ် အညွန်းပါပေမယ့် ပြန်ထုတ်တဲ့ အခါမှာ မပါတာမျိုး လည်း ရှိပါတယ်။ ဥပမာ…ကျော်မြင့်လွင်ရဲ့ မြန်မာ့ဗလခရီး၊ ကာယဗလဖခင်နှင့် မြန်မာ့လူသန်ဇော်ဝိတ်ကြီးစာအုပ်ပါ။
အခုပြောမယ့် “သူတို့နှင့် ကျွန်တော်” စာအုပ်ကတော့ မှန်ကန်တဲ့ အက္ခရာစဉ်အညွန်း ပါတဲ့အပြင် သက်ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ပုံတူ Sketch တွေလည်း ပါဝင်ပါတယ်။ ကာတွန်းဝင်းအောင်ရဲ့ လက်ရာတွေပါ။ ဓာတ်ပုံလေးတွေလည်း တွဲပါရင် ပိုကောင်းမယ် လို့ စာအုပ်ကို ဖတ်ရင်း လောဘတက်မိပါရဲ့။
“သူတို့နှင့်ကျွန်တော်” စာအုပ်မှာ ဆရာကြီးမောင်စွမ်းရည်နဲ့ သိကျွမ်းရင်းနှီး ခင်မင်လေးစားခဲ့ရတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် ၆၂ ဦး ပါဝင်ပါတယ်။ စာပေ၊ အနုပညာယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဘာသာရေး နယ်ပယ်စုံကပါပဲ။ အခုချိန်မှာတော့ အဲဒီ ပုဂ္ဂိုလ်တွေ ထဲက မောင်သာနိုး၊ မောင်မိုးသူ၊ ကိုလေး-အင်းဝဂုဏ်ရည်၊ ဦးသော်ကောင်း၊ ဒေါ်အောင်ဆန်းစုကြည် တို့လောက်သာ သက်ရှိထင်ရှားကျန်ရှိပါ တော့တယ်။
နယ်ပယ်စုံက ပုဂ္ဂိုလ်ကြီးတွေ ပါဝင်တာကြောင့် အကြောင်းအရာမျိုးစုံကို ဖတ်ရှုကြရမှာပါ။ သန့်ရှင်း-တည်မြဲ အကွဲမှာ တပ်က တည်မြဲဘက် မပါဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် ၁၉၅၆ ရွေးကောက်ပွဲမှာ နောင်သန့်ရှင်းနဲ့ ပေါင်းမယ့် ဘုတလင် အမတ် ဦးသိန်းဖေမြင့်ကို တားဖို့ တာဝန် ကျတာက စွယ်စုံအနုပညာရှင် ဝင်းဦး မဖြစ်သေးတဲ့ ဗိုလ်လှမြင့်ပါ။
“ရွေးကောက်ပွဲဖျက်ပုံ ကလွယ်လွယ်လေးပဲ။ စစ်သားတယောက်ကို ကုက္ကိုပင်ပေါ် အတက်ခိုင်းပြီး ဦးသိန်းဖေမြင့်ကို မဲပေးဖို့ ချီတက်လာတဲ့ လူထုပရိသတ်ရှေ့ကနေ ကပ်ပြီး ဘရင်းဂန်း ကျည်တကတ်လောက် ဆွဲလိုက်တာပဲ” တဲ့။ ဝင်းဦးက ဆရာတင်မိုး၊ ဆရာမင်းကျော်တို့ကို ပြောပြတာပါ။ “မုံရွာဦးလေးခန့်လည်း အသိပါပဲ” တဲ့။
မောင်စွမ်းရည်ဟာ မန်းတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု၊ အထက်ဗမာနိုင်ငံစာရေး ဆရာအသင်း၊ လူထုသတင်းစာတိုက်၊ အခြေခံ ပညာရေးဌာန၊ မြန်မာစာ ကျောင်းသုံးစာအုပ်များ ပြုစုရေးအဖွဲ့၊ ကျောင်းဆရာလောက၊ စာပေလောက၊ စာကြည့်တိုက် လောက တို့ကို ဖြတ်သန်းလာတဲ့ ရှေ့မီ နောက်မီ ဆရာကြီးဖြစ်လို့ အတွေ့အကြုံနဲ့ ဗဟုသုတလည်း ကြွယ်ဝလှပါတယ်။
“စပ်မိလို့ ပြောရရင် အခု ဝန်ကြီး ဦးအောင်သောင်း ကလည်း တောင်သာမြို့နယ်သား ဆိုတော့ မြင်းခြံခရိုင် အသင်းသား ပါပဲ။ ကျနော်က သမဂ္ဂအမှုဆောင် အရွေးချယ်ခံရတဲ့ နှစ်တွေမှာ သူက ကျနော်တို့နဲ့ ဆန့်ကျင်ဘက် အဖွဲ့က အရွေးခံဖို့ ကြိုးစား စည်းရုံးခဲ့တယ် လို့ မှတ်မိနေပါတယ်။ ယှဉ်ပြိုင်စာရင်းထဲမှာ သူပါ – မပါ မသေချာပေမယ့် ကျနော်တို့နဲ့ ဟိုးတုန်း ကတည်းက ဆန့်ကျင်ဘက်ပါ။ တင်မိုးနဲ့လည်း ရွာနီးချင်းပါ။ ကျနော်တို့ကို ပမညတ ကျောင်းသားတွေ၊ ကွန်မြူနစ်တွေ လို့ သူတို့က ခေါ်ပြီး သူတို့ကို ပြူစောထီး ပြောက်ကျား အဆက်၊ တည်မြဲ ဖဆပလ နောက်လိုက်တွေလို့ ခေါ်လေ့ရှိပါတယ်။ ကမ္ဘာရန်တွေလို့ ပြောရပါလိမ့်မယ်” လို့ မောင်စွမ်းရည်က ဆိုပါတယ်။
ဦးအေးနေဝင်းတို့ ညီအစ်ကိုတွေရဲ့ငယ်ဘဝနဲ့ ပတ်သက်လို့လည်း “အထက်တန်းကျောင်းတွေနဲ့ မူကြိုကျောင်းတွေလည်း အနည်းဆုံး ကဗျာရွတ်ဆိုပြိုင်ပွဲတွေ လုပ်လေ့ရှိပါတယ်။ မူကြို ၁ မှာ ဆိုရင် ဗိုလ်နေဝင်းရဲ့ မြေးတွေ (အေးနေဝင်းတို့ တတွေ) နေကြတာဆိုတော့ လုံခြုံရေးလည်း တင်းကြပ်ပါတယ်။ အေးနေဝင်းတို့လည်း ဝင်ပြိုင်ကြဖူးပါတယ်။ သူတို့ ဆရာမတွေက ဒီကလေးတွေ ဆုရစေချင်ကြပါတယ်။ ကလေးတွေက ကဗျာရွတ်ဆိုပွဲမှာ ပြောရဲ ဆိုရဲ ရှိပေမယ့် အဆင့် မမီကြလို့ တခါမှ ဆုမရခဲ့ကြပါ” လို့လည်း ဖော်ပြထားပါတယ်။
လူထုဦးလှက “အင်း…ဗထူးကွင်းက လေ့ကျင့်ပေးလိုက်တဲ့ ဘောလုံးသမားကောင်း လေးတွေဟာ တနေ့ကျရင် အောင်ဆန်းကွင်းကို ပြောင်းသွားကြတာပါပဲကွယ်” လို့ ဆိုသလို မောင်သာနိုး၊ မောင်မိုးသူ၊ မောင်စွမ်းရည်၊ တင်မိုး၊ မောင်သိန်းနိုင်၊ ဝင်းဖေ၊ ပေါ်ဦးသက် စတဲ့ ပုဂ္ဂိုလ်ကျော်တွေဟာ မန္တလေးကနေ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။
ဗထူးကွင်းထွက် ဘောသမားတွေ အောင်ဆန်းကွင်းမှာ ဘယ်လို ခြေစွာ ကြသလဲ ဆိုတာကိုလည်း ဒီစာအုပ်မှာ ဖတ်ရှုကြရမှာပါ။
လွန်ခဲ့တဲ့ ကာလက အမျိုးသား တသက်တာ စာပေဆု ရရှိခဲ့တဲ့ ဆရာကြီးမောင်သာနိုးဟာ လူငယ်ဘဝ၊ လူလတ်ပိုင်းတွေမှာ သူနဲ့ ခေတ်ပြိုင်တွေကြား ဘယ်လိုလွှမ်းမိုးမူတွေ ရှိခဲ့သလဲ ဆိုတာကိုလည်း သိရမှာပါ။
ဘကြီးမိုးလို့ အများက ခေါ်တဲ့ မောင်မိုးသူဟာ ၁၉၅၈ ခုနှစ်၊ မန်းတက္ကသိုလ် ကျောင်းသားဘဝမှာပဲ “ဒီမှာ ဗိုလ်နေဝင်း၊ သတ္တိရှိရင် တက္ကသိုလ်မှာ စာရင်းသွင်းပြီး စိန်မြင့်နဲ့ ယှဉ်ရွေးကြည့်လှည့်ပါ၊ တကသ အမှုဆောင်ရွေးပွဲမှာ မဲရွေးကြည့်လှည့် စမ်းပါ” လို့ စိန်ခေါ်ခဲ့သူပါ။ စိန်ခေါ်ပြီးရော ဇနီးဖြစ်သူနဲ့ ဝင်းလိုက်ရုံမှာ ရုပ်ရှင်သွားကြည့်တယ်။ ရုံက အထွက်မှာပဲ ရဲစုံထောက်တွေ ဖမ်းဆီးတာ ခံလိုက်ရတယ်။
နောက် ဂုန်-ယုန်ဂိုဏ်း၊ ဇော်-ဖော်-မော်-သင်း ဆိုတဲ့ စာပေတိုက်ပွဲ တွေအကြောင်း၊ ကျောင်းသားလှုပ်ရှားမှုတွေ အကြောင်း၊ လူထု တိုက်ထွက် မဟုတ်ဘူးဆိုတဲ့ ဆရာမောင်သာရ အပေါ် မောင်စွမ်းရည်ရဲ့ အမြင်၊ ဆရာတင်မိုးရဲ့ ရယ်ဖို့လည်း ကောင်း၊ အတုယူဖို့လည်း ကောင်းတဲ့ ကျောင်းသားဘ၀ ဖြတ်သန်းမှု၊ လူထုမောင်နှံရဲ့ လူငယ်တွေကို မြေတောင်မြှောက် ပေးမှုတွေ၊ ခေတ်ပြိုင်တွေ အဖမ်းခံခဲ့ပေမယ့် မောင်စွမ်းရည်တယောက်ဘာလို့ထောင်မကျခဲ့သလဲ ဆိုတာတွေကို လည်း တင်ပြထားပါတယ်။
၁၉၉၀ ရွေးကောက်ပွဲဝင်တဲ့ ဆရာကြီးမင်းသုဝဏ်ကို ဆရာတင်မိုးက “တို့ဆရာက အမတ်ဖြစ်တော့မယ်။ အဖွဲ့ချုပ်က အစိုးရ အဖွဲ့ ဖွဲ့ရရင် ငါတို့ ဆရာက သမ္မတကြီးဖြစ်လာမယ်” လု့ိ ဆိုတော့ ဆရာကြီးက မျက်နှာကြီးနီပြီး “ဟေ့..ဟေ့.. မောင်ဘဂျမ်း၊ တော် … တော်။ မဦးမချွတ်… ဟိုပြော… ဒီဟောတွေ လျှောက်မပြောနဲ့” လို့ တားခဲ့ပါတယ်။
အခုတော့ ဆရာကြီးရဲ့ သားက သမ္မတကြီး ဖြစ်လို့နေပါပြီ။ မောင်စွမ်းရည်တို့ ထိန်းသိမ်းထားချင်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အိမ်နဲ့ သပြေညိုခြံဟာလည်း တိုက်ခန်းကြီးတွေဖြစ်ကုန်ပါပြီ။
“သူတို့နှင့် ကျွန်တော်” စာအုပ်ကို မောင်မိုးသူရဲ့ လွမ်းတော်မူဖို့ စာကို စီတယ်၊ ဝင်းဖေရဲ့ လွယ်အိတ်စီးရီးတွေနဲ့ တွဲဖတ် ရင်တော့ ပိုပြီး ဇာတ်ရည်လည် စရာရှိတယ်လို့ ထင်မိပါတယ်။ စီစဉ်သူရဲ့ အမှာစကားမှာ ဆရာကြီး မောင်စွမ်းရည်ရဲ့ ညီဖြစ်သူ စီစဉ်သူ ကျော်ဆွေက “ပြည်တွင်းမှာ အစ်ကို မောင်စွမ်းရည်ရဲ့ စာစုစာရင်း ရှိရင် ကောင်းလေစွ လို့လည်း တောင့်တမိပါတယ်” လို့ ဆိုထားပါတယ်။ မောင်စွမ်းရည်ရဲ့ စာစုစာရင်းကို ၁၉၉၉ ခုနှစ်မှာ မစိုးစိုးစံ ပြုစုထားတာ ရှိပါတယ် လို့ သတင်းပါးပါရစေ။
မြန်မာ ပုဂ္ဂိုလ်ကျော် ၆၂ ဦးနဲ့ ဆရာမောင်စွမ်းရည်ရဲ့ထိတွေ့မှုတွေကတဆင့် မြန်မာ့စာပေ၊ ရုပ်ရှင်၊ ပန်းချီအနုပညာ ယဉ်ကျေးမှု၊ နိုင်ငံရေးလောက တစိတ်တဒေသကို လေ့လာဖတ်ရှု ခံစားကြပါလို့လည်း ညွန်းပါရစေ။
“သူတို့နှင့်ကျွန်တော်” စာအုပ်ထဲက ဆောင်းပါး၊ အမှာစာတွေကို မိုးဝေ၊ မိုးမခ၊ စာပေဂျာနယ်၊ မန္တလေးဂျာနယ်၊ ဒေါင်းမြန်မာဂျာနယ်၊ မိုးဂျာနယ်၊ ရင်ထဲက ပဲ့တင်သံ၊ ခေတ်ပြိုင် အင်တာနက်စာမျက်နှာ၊ ယမုန်ဦးမဂ္ဂဇင်း၊ သောင်းပြောင်း ထွေလာ မဂ္ဂဇင်း၊ ပန် ရုပ်စုံမဂ္ဂဇင်း၊ စံပယ်ဖြူမဂ္ဂဇင်း၊ ပန်းဝေသီ မဂ္ဂဇင်း၊ အတွေးအမြင်၊ ရုပ်ရှင်အမြုတေ၊ ရင်ခုန်သံ မဂ္ဂဇင်း၊ နှင်းဆီမဂ္ဂဇင်း၊ မြှားနတ်မောင် မဂ္ဂဇင်းစတဲ့ စာနယ်ဇင်းတွေနဲ့ ဒေါက်တာသန်းထွန်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ဝမ်းသာ စာတမ်းများ၊ လှိုင်းပုတ်သံ၊ အလင်းချစ်သူ၊ ဗမာစာပေ ဘာလဲ ဘယ်လဲ၊ လူထုချစ်သမျှ လူထုဦးလှ စတဲ့ စာအုပ်များထဲက စုစည်းပါတယ်။
ယခင် ငြိမ်းငြိမ်းချမ်းချမ်း စာအုပ်တိုက်က ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “သူတို့နှင့် ကျွန်တော်” စာအုပ်ထဲက ဆောင်းပါးတွေကိုလည်း ဒီစာအုပ်ကြီးထဲမှာ ပြန်လည်ထည့်သွင်း ထားပါတယ်။ အဲဒီဆောင်းပါးတွေကိုချည်း ရွေးဖတ်ချင်တယ် ဆိုရင် စာမျက်နှာ ၃၅၁ ကနေ စဖတ်နိုင်ပါတယ်။
ဆရာကြီးမောင်စွမ်းရည်ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ ထုတ်ဝေခဲ့ပြီးတဲ့ စာအုပ်စာရင်းလေးပါခဲ့ရင်တော့ စာအုပ်က ပိုမို ပြည့်စုံ သွားမယ်လို့ ယူဆမိပါတယ်။ ။
စာရေးသူ – မောင်စွမ်းရည်
စာအုပ်အမည် – သူတို့နှင့်ကျွန်တော်
အမျိုးအစား – အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ စာပေယဉ်ကျေးမှု
ထုတ်ဝေသည့်တိုက် – စိတ်ကူးချိုချို
တန်ဖိုး – ၆၅၀၀