ပညာရေးတွင် ဝေဖန်ပိုင်းခြားသော သင်ယူမှု အနုပညာ လိုသည်

သိန်းနိုင် (မောက္ခပညာရေး)
ဆန်းစစ်လေ့လာခြင်း၊ ဝေဖန်ပိုင်းခြားခြင်းတို့ဖြင့် အပြုသဘောဆောင်သော လူ့အဖွဲ့အစည်း ပြုပြင် ပြောင်းလဲရေးကို လုပ်ဆောင် နိုင်စွမ်းရှိသည်
Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ပညာရေး စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုများ အတွက် ဆွေးနွေး ပြောဆိုမှုများမှာ ပိုမို ကျယ်လောင် လာနေပြီ ဖြစ်သည်။

ပြောင်းလဲရန်လည်း များစွာ နောက်ကျနေခဲ့ပြီဟု ရှုမြင်သုံးသပ်မှုများ၊ ရင်ထုမနာ ဖြစ်နေမှုများကို မြင်တွေ့ရသည်။ ကန့် ကွက်မှုများနှင့် ထောက်ခံမှုများ ကြားတွင် ပိုမိုစိုးရိမ်ဖွယ်ရာမှာ လက်ရှိ ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်မှုများသည် အနာဂတ် မျိုးဆက်များအတွက် ပညာခရီးနှင့် ဘ၀ အာမခံချက်ကို အမှန်တကယ် ပေးနိုင်ပါမည်လောဟူ၍ ဖြစ်သည်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်းသို့ ရှေးရှုလျက် ပြုပြင်ပြောင်းလဲရာတွင် ကဏ္ဍစုံ၊ ဘက်စုံမှ စိန်ခေါ်ချက်များ ရှိနေသည်မှာ လည်း ပိုမို ထင်ရှားလာခဲ့ပြီ။

ပညာရေးစနစ်ကို အခြေခံကျက ျပြောင်းလဲရန် လိုအပ်ချက်မှာကား ငြင်းချက် ထုတ်ရန် မလိုတော့ပါ။ ဤတွင် မည် သည့် အချက်များကို ဦးစားပေးပြီး ပြောင်းလဲရမည်နည်း။ ဟိုတစ၊ ဒီတစ ပညာရေး အဆောက်အအုံကို ပြုပြင် ဖာထေး ရုံမျှဖြင့် လူထုပညာရေး ဦးတည်ချက်များအတွက် အဆင်ပြေပါမည်လား။ နှစ်ပေါင်း များစွာ စနစ်တကျဖြင့် ပျက်စီး၊ ဖျက်ဆီး ခံခဲ့ရသည် မဟုတ်ပါလား။ အကြီးမားဆုံးသော အတားအဆီးမှာ မည်သည်နည်း။

ပြုပြင်ပြောင်းလဲရန် အဓိက လိုအပ်ချက်တစ်ခုအနေဖြင့် ပညာရေးဒဿန တည်ဆောက်မှုဟု ရှုမြင်သုံးသပ်မိပါသည်။ လမ်းညွှန် အတွေးအမြင်တရပ် လိုအပ်နေဆဲ ဖြစ်သည်။ မျက်မှောက် ပညာရေးစနစ်ကို တိုးတက်ပြောင်းလဲရန် ဖြည့် ဆည်း ပေးနိုင်စွမ်းရှိသော ဒီမိုကရက်တစ် မြန်မာ့ အတွေးအမြင်သစ် တစ်ရပ်ကို အခြေခံအားဖြင့် ထားရှိသင့်သည်။

၂၀ ရာစု အထင်ကရ ပညာရေးသမား တဦး ပညာရေး ဒဿနပညာရှင် တဦးဖြစ်သူ ဘရာဇီးလ် နိုင်ငံသား ပေါလိုဖရေး Paulo Freire က ပညာရေး ဦးဆောင် ဒဿန ပညာရှင် ဂျွန်ဂျူဝီ၏ အတွေးအမြင်များ အပေါ်တွင် အခြေခံလျက် ထပ် ဆင့် တည်ဆောက်ထားသည့် ဒဿအမြင်ကို တင်ပြလိုပါသည်။

လက်ရှိ မြန်မာ့ပညာရေးကို ဖရေး၏ အမြင်အားဖြင့် သုံးသပ်ရသော် “ဘဏ်ကဲ့သို့ အပ်နှံသိုမှီးသော ပညာရေး” ဟု ဆိုရ ပါလိမ့်မည်။

သင်ယူသူ (ကျောင်းသားများ) ကို ဘာမှမသိ၊ မရှိသေးသော ဦးနှောက် ဗလာများအနေဖြင့် ရှုမြင်ပြီး (လူကြီးများက ထင်မြင်ယူဆသည့်) “တန်ဖိုးရှိသော အသိပညာ” အစုစုကို ဖြည့်ဆည်း ထည့်သွင်းပေးရမည့်သူများဟု (လွဲမှားစွာ) သတ်မှတ်ထားရှိခြင်းဖြစ်သည်။

ဖြည့်ဆည်း ထည့်သွင်း ပေးနေသူများမှာ “တတ်သိနားလည်သူ” ဆရာများ ဖြစ်သည်။ “အသိပညာ” ကို မျှဝေ လွှဲပြောင်း ပေးသည့် ဖြစ်စဉ် အတွင်းမှာပင် (အပိတ်သဘောဖြင့်) ပညာရေးစနစ်ကို အခြေခံထားသည်။ အကျိုးဆက် အနေဖြင့် ဒါဖတ်၊ ဒါမှတ်၊ ဒါကျက်၊ ဒါဖြေ ပညာရေးစနစ်ကို ဝမ်းနည်းဖွယ် ကောင်းစွာ တွေ့မြင်နေရသည်။

အင်းဝခေတ် မြန်မာ့ပညာကျော် စာဆိုကျော် ရှင်မဟာရဋ္ဌသာရ၏ အဖိုးတန် အစဉ်အလာ မြန်မာ့ပညာရေး ဒဿန နှင့် လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်။ သု-စိ-ပု-ဘာ အစချီသော ပညာ လမ်းညွှန် ရှစ်လုံးထဲတွင် ဓာရေယျ (နှုတ်ငုံဆောင်ရမည်) ဟူသော တလုံးတည်းနှင့် စခန်းသွားနေဆဲ ပညာရေး။ ပညာ အရှင်မြတ်၏ တန်ဖိုးရှိသော ကျန် ခုနစ်လုံးမှာ ဖတ်စာအုပ်များထဲတွင် အိပ်ပျော်နေဆဲ။

ဤလက်ရှိ ကျင့်ထုံးမှာ အစဉ်အလာအရ မိသားစု၊ သက်ငယ်-သက်ကြီး ဆက်ဆံရေး၊ ဆရာ-တပည့် ဆက်ဆံရေး အစ ရှိသော လူမှုစနစ်၏ ထိန်းချုပ်မှု အောက်တွင် ကျင့်သုံးခဲ့ကြသည်။ ကျင့်သုံးလျက် ရှိနေဆဲ။ အသက်ငယ်ရွယ် သေး သော ကလေးသူငယ်များအား ထိန်းကျောင်း၊ သွန်သင် ဆုံးမရာတွင် တစုံတခုသော အတိုင်းအတာအထိ တန်ဖိုး ရှိကောင်း ရှိပါမည်။ သို့ရာတွင် အတန်း ကြီးပြင်းလာသောအခါတွင်မူ မလုံလောက်တော့ပါ။ ဤ အစဉ်အလာ အတိုင်း ဆက်လက် ပညာသင်ကြားပါမူ စိုးရိမ်ဖွယ်ရာ အခြေအနေ တရပ်ဆီသို့ ဦးတည်စေနိုင်သည်။

ဤသည်ကို ပညာရှင် ဖရေးက “တုဏှိဘော ဆိတ်ဆိတ်နေ ယဉ်ကျေးမှု” (Culture of Silence) ဟူ၍ ကင်ပွန်းတပ် သည်။ လူ့ အဖွဲ့အစည်းနှင့် လူမှုပြဿနာများ အပေါ်တွင် “ဝေဖန်ပိုင်းခြား ဆန်းစစ် အကဲဖြတ်နိုင်စွမ်း” ပျောက်ကွယ် မည့် အန္တရာယ် ရှိနေသည်ဟု ရှုမြင်သည်။ “တုဏှိဘော ယဉ်ကျေးမှု” က ပညာရေး၏ အဓိပ္ပာယ်များစွာကို ပိတ်ဆို့ ဖုံးကွယ် ထားရှိသည်။

စာဆိုရှင် မဟာရဋ္ဌသာရ၊ ပေါ်လိုဖရေး နှင့် ဂျွန်ဂျူဝီ တို့၏ သဘောတရား၊ အဘိဓမ္မာတို့ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့် ကျင် လျက် ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေး အတွက် စာသင်ခန်းများ၊ ကောလိပ် ကျောင်းများ၊ တက္ကသိုလ်များ၏ အထင်ကရ အခန်းကဏ္ဍကို မှေးမှိန် ကွယ်ပျောက် နေစေပါသည်။

ဆက်တွေးသော် အမျိုးသားနိုင်ငံ တည်ဆောက်ရေးတွင် ပညာရေးစနစ်၏ အားဖြည့်ဆောင်ရွက်မှု လျော့ပါးစေသည်။ အမျိုးသားယဉ်ကျေးမှု၊ စွမ်းရည်အမျိုးမျိုး၊ ကျင့်ဝတ်နီတိ၊ ပေါင်းသင်း ဆက်ဆံရေးနှင့် ကုန်ထုတ်စွမ်းအားတို့ အပေါ် တွင် ဆန့်ကျင်ဘက် ရလဒ်များပင် ရှိနေနိုင်လေသည်။

ပညာရှင်ဖရေးက အဖြေရှာသည့် အနေဖြင့် “ဝေဖန်ပိုင်းခြားသော သင်ယူမှု အနုပညာ” (Critical pedagogy) ခရစ်တစ်ကယ် ပက်ဒါဂေါ်ဂျီ ကို အဆိုပြုခဲ့သည်။ မြန်မာ အများစုနှင့် ဝေဖန်ပိုင်းခြား ဆန်းစစ် စဉ်းစား တွေးတောခြင်း (Critical Thinking) အယူအဆမှာ အလွန်အမင်းတော့လည်း စိမ်းလှသည်တော့ မဟုတ်ပါ။

Critical Thinking ကို စာသင်ခန်းအဆင့်တွင် အသုံးချမှုကို ဆွေးနွေးလိုပါသည်။ ဖတ်စာအုပ်ကို ဖတ်ရှုရာတွင် “ဘ” ခြောက်လုံးကို အခြေခံလျက် စူးစမ်းမေးမြန်း၊ စုံစမ်းမှုပြု၍ ဖတ်ရှုခြင်းဟု အကျဉ်းချုပ် ဆိုနိုင်သည်။ ဘယ်သူရေးထား တာလဲ၊ ဘယ်အချိန်တုန်းကလဲ၊ ဘယ်နေရာမှာ ဖြစ်တာလဲ၊ ဘာကြောင့် ဒီလိုဆိုရသလဲ၊ ဘာရည်ရွယ်ချက် ရှိနေသလဲ၊ ဘာသင်ခန်းစာ ထုတ်နုတ်ယူနိုင်သလဲ၊ သဘော မတူနိုင်တာတွေက ဘာဖြစ်မလဲ။

ခရစ်တစ်ကယ် ပက်ဒါဂေါ်ဂျီမှာ ဝေဖန်ပိုင်းခြား ဆန်းစစ် တွေးတောခြင်းကို အခြေခံလျက် လူ့အဖွဲ့အစည်း တရပ်လုံး အပေါ် ရှုမြင် သုံးသပ်ခြင်း ဖြစ်သည်။ စာသင်သား ဗဟိုပြုသင်ကြားခြင်း၊ ပြဿနာ အခြေပြုလေ့လာခြင်း၊ ကျိုးကြောင်း ဆီလျော်စွာ ချဉ်းကပ်လေ့လာခြင်း၊ လူသားဗဟိုပြု အားထုတ်ခြင်း တို့၏ အစုအဝေးဟု ဆိုနိုင်ပါသည်။ ရလဒ်အနေဖြင့် “တုဏှိဘော ယဉ်ကျေးမှု” ကို ဖြိုခွဲ၊ ဖောက်ထွက် နိုင်စွမ်းဖြစ်၏။

မြန်မာ့ ပညာရေးကို Critical Pedagogy ပညာရေးဒဿန ရှုထောင့်မှ ဆင်ခြင် သုံးသပ်ကြည့်ပါက မြန်မာ့ ပညာရေး ပြဿနာများ၏ ရင်းမြစ်တို့ကို ရှာဖွေတွေ့ရှိ နိုင်ပါလိမ့်မည်။

ဥပမာအားဖြင့် မြန်မာ့ ပညာရေးတွင် အဂတိတရားများ ပြည့်နှက်နေခြင်း၊ ဆရာ အလွန်အမင်း ဗဟိုပြုခြင်း၊ အစွန်း ရောက် လူစွမ်းကောင်း၊ သူရဲကောင်းဝါဒကို သွတ်သွင်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ ဖတ်စာအုပ် အလွန် အမင်း ဗဟိုပြုခြင်း၊ အလွတ်ကျက်မှတ် တပွဲတိုး စာမေးပွဲကို အလေးပေးခြင်းနှင့် အာဏာရှင် စစ်ဝါဒ တို့ကို ရိုက်သွင်း နေခြင်းတို့ကြောင့် “တုဏှိဘော ယဉ်ကျေးမှု” ကို စဉ်ဆက်မပြတ် အသက်သွင်းပေး နေသလိုမျိုး ဖြစ်ကြောင်း တွေ့မြင် ရပါမည်။ မတူကွဲပြားမှုများ အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။

မူ၊ လယ်၊ ထက် မှသည် တက္ကသိုလ်ပညာရေး အထိ အဆင့်တိုင်းတွင် ဖရေး၏ ဝေဖန်ပိုင်းခြား ဆန်းစစ်သော ပညာရေး ဒဿနမှာ မြန်မာ့ ပညာရေးကို တခေတ်ဆန်း စေလိမ့်မည်ဟူ၍ ယုံကြည်ရသည်။ ပုဂ္ဂလဖွံ့ဖြိုးမှုနှင့် လူ့ အဖွဲ့အစည်း ပြောင်းလဲရေးတို့ အတွက်လည်း “ပညာ မောင်းနှင်အား” အစစ်အမှန်ကို ရရှိနိုင်ပါသည်။

ဖရေး၏ ဒဿနမှာ မြန်မာမှု၊ မြန်မာ့ အစဉ်အလာတို့နှင့် အလွန်အမင်း ဝေးကွာလှသည်၊ သက်ဆိုင်မှုမရှိ ဟူ၍ တော့ လည်း ငြင်းဆိုစကား မပြောသင့်ပါ။

ဥပမာ အနေဖြင့် မြန်မာ့ဆေးပညာ လောကကို လေ့လာကြည့်ကြပါစို့။

ရှေးရိုး အစဉ်အလာရ ကျောင်းသင် ဘာသာရပ်အနေဖြင့် ဆေးကျောင်းသားများသည် ခန္ဓာဗေဒကို လေ့လာရာဝယ် အလောင်း အစစ်များဖြင့် လေ့လာခဲ့ကြသည်။ ခန္ဓာဗေဒကို လေ့လာခြင်းဖြင့် ခွဲစိတ်ပညာ ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေခဲ့သည်။ ရောဂါနှင့် ပြဿနာ အခြေပြု သင်ယူ လေ့လာနိုင်ကြသည်။ ဥပမာအားဖြင့် အူအတက်ရောင် ရောဂါကို ကုသခြင်း။

ခေတ်မီ ဆေးပညာက ဤထက်ကို တဆင့်တိုးမြှင့် လုပ်ဆောင်သည်။ ဆရာဝန်များနှင့် ကျန်းမာရေး လုပ်သားများကို လူ့ အဖွဲ့အစည်းအား ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြုစေခြင်းဖြစ်သည်။ လူထုအခြေပြု ကျန်းမာရေး သုတေသန အားဖြင့် ကူးစက်ရောဂါကို စူးစမ်း လေ့လာကြည့်မည်။

ကြက်ငှက်တုပ်ကွေး ရောဂါကဲ့သို့ ကျန်းမာရေး ပြဿနာ၏ ဇာစ်မြစ် နောက်ခံနှင့် ဖြစ်ပွားပုံ၊ သက်ရောက်မှုများကို စူးစမ်း လေ့လာခြင်း ဖြစ်သည်။ နောက်ထပ်၍လည်း တဆင့်တက်ပြီး စူးစမ်းလေ့လာ နိုင်ပါသေးသည်။

ဆင်းရဲသားတို့ အဖြစ်များသော ရောဂါများ အပေါ်တွင် ဆေးပညာရှင်တို့က စုံစမ်း လေ့လာကြခြင်းပင်။ ပညာရေး သင်ကြားမှု အနုပညာသစ် – ခရစ်တစ်ကယ် ပက်ဒါဂေါ်ဂျီက နောက်ထပ် တဆင့်တိုး စူးစမ်း လေ့လာမှုပြုသည်။

ဆင်းရဲနွမ်းပါးသူများနှင့် မကျန်းမမာ ဖြစ်နေသူများ၏ ဇာစ်မြစ်နောက်ခံကို ကာလ ဒေသ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး နှင့် ယဉ်ကျေးမှုတို့ ဆက်စပ်ယှဉ်တွဲလျက် ကျန်းမာရေး လုပ်သားများက စူးစမ်းလေ့လာကြခြင်းဖြစ်သည်။

အခွင့်အာဏာနှင့် ဆက်နွှယ်နေသော ပြဿနာများကို ထဲထဲဝင်ဝင် ရှုမြင် သုံးသပ်မှုပြုမည်။ လူမှုပြဿနာ၊ ကျန်းမာ ရေး ပြဿနာများကို တဆင့်တိုးပြီး နိုင်ငံရေးအရ အဖြေရှာကောင်း ရှာဖွေ ဖြေရှင်း ပါလိမ့်မည်။

မြန်မာ့ ဆရာဝန်များနှင့် ကျန်းမာရေး လုပ်သားများမှာ များမကြာသေးခင်က နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးဆက်များကို မိမိတို့ လုပ်ငန်းနယ်ပယ် အတွင်း သက်ရောက်မှုများစွာ ကြုံတွေ့နေရလေသည်။

ပိုမိုသန့်စင်သော၊ အဂတိတရား ကင်းရှင်းသော၊ ပြည်သူဗဟိုပြုသော ကျန်းမာရေး စနစ် ဖြစ်လာစေရန် အားထုတ်မှု များကို ကြိုဆိုသင့်ပါသည်။ လက်တွဲပါဝင် ဆောင်ရွက်သင့်သည်။ ချစ်ခြင်းမေတ္တာတရား အခြေခံလျက် ကျိုးကြောင်း ဆင်ခြင်တုံတရား ပေါင်းစပ်ပြီး လူသားဆန်စွာ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ဤသည်ကို ပညာရေး ဒဿနပညာရှင် ပေါ်လိုဖရေးက“လူထု၏ နိုင်ငံရေးအသိ နက်ရှိုင်းနိုးကြားမှု” (Conscientisation) ဟူ၍ အဓိပ္ပာယ်ဖွင့်ဆို သုံးနှုန်းထားသည်။

အဂတိတရားများ၊ မလိုအပ်သော ဗျူရိုကရေစီယန္တရားများ၊ နိုင်ငံရေး အင်အားစု တည်ဆောက်ပုံများ၊ အာဏာ လမ်း ကြောင်းနှင့် ဆက်ဆံရေး ပုံစံများ၊ လူမျိုးနွယ်စုနှင့် လူတန်းစား ပြဿနာများကို ရှုမြင်သုံးသပ်တတ်လာမည်။ လူ့ အဖွဲ့ အစည်း အတွင်း အင်အား အနည်းဆုံး အုပ်စုဝင်တို့သည် အဆင်းရဲဆုံး၊ အခံစားရဆုံး၊ မကျန်းမမာ အဖြစ်ဆုံး ဟူ၍ ရှုမြင် လာခြင်း ဖြစ်သည်။

သို့ဖြစ်လေရာ ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်သူ လုပ်သားများက ခရစ်တစ်ကယ် ပက်ဒါဂေါ်ဂျီ နည်းလမ်း များဖြင့် “တုဏှိဘော ယဉ်ကျေးမှု” ကို ထိုးဖောက်ဖြိုခွင်း ဖောက်ထွက် ပေးနေသူများ ဖြစ်လာပါမည်။

စနစ်ဟောင်း၊ နိုင်ငံရေး လမ်းအို လမ်းဟောင်းမှ ခွဲထွက်ပြီး လူထုကို လမ်းကြောင်းသစ်ပေါ် (ကျန်းမာရေးအရ) တင်ပေး နိုင်ခြင်းဖြစ်သည်။ အဂတိတရားကင်းစင်ပြီး ကရုဏာ တရားများဖြင့် ပိုမို၍ မြန်မာဆန်သော (လူသားဆန်သော) ကျန်းမာရေး စနစ်ကို တည်ဆောက်ကြခြင်း ဖြစ်သည်။

ဆရာဝန်များက ဤသို့ စွမ်းဆောင်နိုင်ကြပါလျှင် အခြားသောနယ်ပယ် အသီးအသီးမှ တတ်သိပညာရှင်များ၊ လုပ်သား များ ကလည်း အလားတူ စွမ်းဆောင်နိုင်စွမ်း ရှိကြပါသည်။

မြန်မာ ကျောင်းဆရာများ၊ တက္ကသိုလ် ဆရာများ၊ ပညာရေး ဝန်ထမ်းများမှာ စုစည်းညီညွတ်သော အင်အားစု တရပ် အနေ ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးပြောင်းလဲရေး အတွက် များစွာ လုပ်ဆောင်နိုင်စွမ်း ရှိနေ ကြောင်း ယုံကြည်ပါသည်။

အထူးသဖြင့် လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေး အတွက် အဓိက ပင်မအင်အားစုဟူ၍လည်း ဆိုနိုင်ပါသည်။ ဝေဖန် ပိုင်းခြား ဆန်းစစ် တွေးတောခြင်းနည်းလမ်းများဖြင့် စာသင်ကြားခြင်းကို စွမ်းဆောင်နိုင် သူတို့က စာသင်ခန်းအတွင်း ကလေးငယ်များနှင့်သာလျှင် အသုံးချခြင်းအပြင် စာသင်ကျောင်းနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကိုပါ အသုံးချ နိုင် ပါသည်။

ဆန်းစစ် လေ့လာခြင်း၊ ဝေဖန် ပိုင်းခြားခြင်းတို့ဖြင့် အပြုသဘော ဆောင်သော လူ့အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေး ကိုလည်း လုပ်ဆောင် နိုင်စွမ်းရှိသည်။

ပညာရေးတွင် မညီမျှခြင်းများ၊ ခွဲခြားဆက်ဆံခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် စာသင်ကျောင်းအရည် အသွေး၊ ပညာရေး တရားမျှတမှုတို့ကို ဆက်စပ်ပြီး ကူညီဖြေရှင်းနိုင်စွမ်းများ မြန်မာကျောင်းဆရာတို့တွင် ရှိနေပါသည်။ အမျိုးသား နိုင်ငံ တော်၏ အနာဂတ်ဟူ၍လည်း ဆိုနိုင်ပါသည်။

ဤသို့ ပြောင်းလဲလုပ်ဆောင်ရန်မှာ လွယ်ကူသည်ဟူ၍တော့ဖြင့် မဆိုလိုပါ။ စွန့်လွှတ်စွန့်စားစိတ်ဓာတ်များ၊ စုစည်း ညီညွတ်သော အမြင်များ၊ တွဲလက်များ လိုအပ်ပါသည်။ ဤသည်မှာလည်း ပိုမို စစ်မှန်သော “ပညာပါရမီ” ဖြည့်ဆည်း ခြင်း တမျိုး ဟူ၍လည်း ရှုမြင်မိသည်။ ။

(စာရေးသူ သိန်းနိုင် (မောက္ခပညာရေး) သည် တိုင်းရင်းသား ပညာရေး အဖွဲ့အစည်းများတွင် သင်ရိုးညွှန်းတမ်း၊ သုတေသန လုပ်ငန်းများနှင့် ပညာရေး အကြံပေးတာဝန် ထမ်းဆောင်လျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading