ဆောင်းပါး

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်

Want create site? Find Free WordPress Themes and plugins.

သစ်တောများ ထူထပ်ပေါများသည့် မြန်မာနိုင်ငံ အရှေ့ပိုင်း ကရင်ပြည်နယ်အတွင်းတွင် အကောင်အထည် ဖော်မည့် ရွှေတူးဖော်ရေးလုပ်ငန်း များနှင့် လူမှုရေးအရရော သဘာဝ ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေမည့် အခြားသော စီမံကိန်း များ ကို ဆန့်ကျင်ကန့်ကွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ နှင့် တက်ကြွလှုပ်ရှား သူများ အတွက် ပိုမိုခိုင်မာ အားကောင်းလာစေမည့် လမ်းကြောင်း တခုကို ဖွင့်လိုက်ပြီဖြစ်သည်။ ၎င်းမှာ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ဖြစ်သည်။

၅၂၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် ငြိမ်းချမ်းရေး ဥယျာဉ်သည် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအမွေအနှစ်များ နှင့် မျိုးတုန်းတော့မည့် တောရိုင်းတိရိစ္ဆာန်များ ကာကွယ်ရေး အတွက် တိုင်းရင်းသားလူမျိုးများက ဦးစီး၍ ဆောင်ရွက် နိုင် ရေး စတင် လိုက်ခြင်းဖြစ်ပါသည်။ တောတောင်ထူထပ်သော ဖာပွန်ခရိုင်အတွင်းတွင် တည်ရှိသည့် သံလွင် ငြိမ်း ချမ်းရေး ဥယျာဉ်က အရှေ့တောင်အာရှတွင် ကျန်ရစ်နေသေးသည့် ကြီးကျယ်သော ရှုမျှော်ခင်းများ နှင့် ကြွယ်ဝသော ဇီဝ မျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ်သည်။

“အကြီစား ရွှေတူးဖော်ရေး လုပ်ငန်းတွေက သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါ တယ်။ ရွှေတူးတာက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးခြင်းနဲ့ မြေယာပဋိပက္ခတွေ တွေကိုလည်း ဖြစ်ပေါ်စေပါတယ်” ဟု ဖာပွန် ခရိုင်မှ တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် တီးညကျည် ကပြောသည်။ ဖာပွန် ခရိုင်သည် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ထားသည့် ဒေသတခု ဖြစ်ပါသည်။ ငြိမ်းချမ်းရေး ပန်းခြံ အကောင်အထည်ဖော်ရာတွင် KNU က လက်တွဲဆောင်ရွက်ရာတွင် အဓိကနေရာမှ ပါဝင်နေသည့်အဖွဲ့ အစည်းတခု ဖြစ်သည်။

ကရင်ပြည်နယ်မှ ရှိပြီးသား ရွှေတူးဖော်ရေးလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သက်ရောက်မှုများ အပေါ် ကန့်ကွက် မှုများ ပြင်းထန်နေခြင်း နှင့် ငြိမ်းချမ်းရေး ပန်းခြံ၏ သဘာဝပတ်ဝန်းကျင်ကို အလေးထားသော ဖွံ့ဖြိုးရေး အစီ အစဉ်၏ ရည်မှန်းချက်များကြောင့် ရွှေတူးဖော်ခွင့် တောင်းခံလာခြင်းတခုကို အတည်ပြု ပေး ရန် ဒီဇင်ဘာလ အတွင်း တွင် KNU ခရိုင်ခေါင်းဆောင်များက ညင်းဆန်ခဲ့သည်။ မြစ်ထဲမှ သောင်များကို တူးဖော်၍ အကြီးအကျယ် ရွှေထုတ်လုပ်ခြင်း က ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ပြင်းထန်စွာ ဖြစ်စေနိုင်သောကြောင့် ကရင်ခေါင်းဆောင် အများအပြား၊ ကျေးလက်ပြည်သူ များနျင့် တက်ကြွလှုပ်ရှားသူများက ကာလကြာရှည်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ထိခိုက်ပျက်စီးစေနိုင်သည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆန့်ကျင်လိုခြင်း နှင့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒများက ကရင်ပြည်နယ်ရှိ ပြည်သူများ၊ မြေများ၊ ယဉ်ကျေးမှုနှင့် တောရိုင်းတိရိစ္ဆာန်များကို ကာကွယ်ပေး ရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်မှုများ ပေါ်ပေါက်လာအောင် တွန်းအားဖြစ်စေခဲ့သည်။

သံလွင်မြစ်ကြောကို အပေါ်စီးမှ မြင်ရစဉ်

ရပ်ရွာကို အကြံပြုခြင်း

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် က မိတ်ဖက် အဖွဲ့အစည်း အများအပြား စုပေါင်း၍ ဆောင်ရွက်နေသည့် လှုပ်ရှား မှုတခု ဖြစ်သည်။ ဖာပွန်ခရိုင် မြို့နယ် ၃ ခုရှိ ကျေးရွာ ၂၃ ခုမှ အသိုင်းအဝိုင်း ကိုယ်စားလှယ် ၃၀၀ ကျော်နှင့် ဖာပွန်ခရိုင် သစ်တော ဦးစီးဌာနနှင့် မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်တန်း အဖွဲ့အစည်းတခု ဖြစ်သည့် ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက် (KESAN) တို့က ပြီးခဲ့သည့်နှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။

ငြိမ်းချမ်းရေး ဥယျာဉ်အတွက် ပြည်သူများကို ပထမဆုံးအကြိမ် ညှိနှိုင်းဆွေးနွေးခြင်း နှင့် ရှင်းလင်းပြောပြခြင်းကို ၂၀၁၆ ခု နှစ် မေလတွင် ပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ်မြောက် အများပြည်သူ ဆန္ဒခံယူပွဲကို ဖာပွန် ခရိုင် ဒေဘုနို ကျေးရွာ တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့ အထိကျင်းပခဲ့သည်။

ကျယ်ပြန့်၍ လေဝင်လေထွက် ကောင်းသည့် အစည်းအဝေးခန်းတခု အတွင်းတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် နှင့် သူတို့၏ ဘိုး ဘွားပိုင်မြေကို ဒေသခံ ကရင်တိုင်းရင်းသားများ ကိုယ်တိုင်စီမံ ခန့်ခွဲခွင့် ရှိမည့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် နှင့် ပတ် သည့် သဘောတူညီမှု မူကြမ်းတခုကို အပြီးသတ်နိုင်ခဲ့သည်။ အသိုင်း အဝိုင်းများ၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိခဲ့ သည်။ ငြိမ်းချမ်းရေးပန်းခြံသည် ဒေသခံ အသိုင်းများ၏ လိုအပ်ချက်များကို တုန့်ပြန်ပေးရန် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ပြောင်းလဲ မှုများ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင် ကျင့်သုံးမှုများလည်းပါဝင်မည် ဖြစ်သည်။ ဒေသခံ အသိုင်းအဝိုင်းများကို လည်း ၂၀၁၇ ခုနှစ် တနှစ်လုံး ဆက်လက်ဆွေးနွေး သွားမည်ဖြစ်သည်။

“ငြိမ်းချမ်းရေး ပန်းခြံက အားလုံးပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှု ရှိမှာဖြစ်ပါတယ်။ ဒီမှာ ဘယ်လို ဖွံ့ဖြိုးရေး စီမံကိန်း သို့မ ဟုတ် ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးမဆို ရှိလာတဲ့ အချိန်တိုင်း တိုင်းရင်းသားတွေ နဲ့ ဒေသခံပြည်သူတွေ အနေနဲ့ ငြိမ်းချမ်း ရေး ပန်းခြံနဲ့ ပတ်သက်လို့ ဒီမိုကရေစီ နည်းကျ ကြည့်ရှု့ ဆုံးဖြတ်နိုင်ပါဖြစ်ပါတယ်” ဟု KESAN ၏ အမှုဆောင် ဒါရိုက်တာ ပေါလ်စိန်ထွားက ပြောသည်။ “ဒီ ဖွံ့ဖြိုးရေး စီမံကိန်းတွေက ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ ကိုက်ညီရဲ့လား။ သံလွင် ငြိမ်း ချမ်းရေး ပန်းခြံ အတွင်းမှာ အဆိုပြုလာတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေက ဒေသခံအသိုင်းအဝိုင်းအတွက် ကောင်းသလား ဆိုး သလားဆိုတာကို ပြည်သူတွေက အကဲဖြတ် ဆုံးဖြတ်မယ့် သူတွေ ဖြစ်လာပါ လိမ့်မယ်။”

သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ဆုံးဖြတ်ရမည့် အခွင့်အရေးကို သမိုင်းကြောင်းတလျှောက် ညင်းပယ်ခြင်း ခံထားခဲ့ရသည့် ကရင်ပြည်နယ်မှ ပြည်သူများအတွက်မှု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်က အခွင့်အရေးတရပ် ဖြစ်သည်။

သံလွင်ဥယျာဉ်ကိစ္စ လူထုအကြံဉာဏ်ရယူရေး ဆွေးနွေးပွဲတခု

လက်နက်ကိုင် ပဋိပက္ခများ ရှိရာ

သံလွင် ငြိမ်းချမ်းရေး ပန်းခြံတည်ထောင်မည့် ဝေးလံ၍ တောတောင်ထူထပ်သည့် နေရာသည် ရာစုနှစ် တဝက်ကျော် ကာလအတွင်း မြန်မာ့တပ်မတော်က သိမ်းပိုက်ထားခဲ့သော နေရာဖြစ်သည်။ ယနေ့ခေတ် အထိ ဖာပွန်ခရိုင် အတွင်း မှ တပ်စခန်း ၈၂ ခု အပါအဝင် ကရင်ပြည်နယ် အတွင်း တွင် မြန်မာ့တပ်မတော် တပ်စခန်း ၃၀၀ ကျော် ရှိနေဆဲ ဖြစ်သည်။

KNU နှင့် အစိုးရ တို့က ၂၀၁၂ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့ပြီး လက် ရှိ အချိန်အထိ အခြေအနေကို ထိန်းသိမ်းထားဆဲဖြစ်သည်။ KNU က တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင်လည်း လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း ပါဝင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

သို့သော်လည်း ကရင်ပြည်သူတို့က သူတို့၏ လွတ်လပ်ခွင့်အတွက် ၁၉၄၇ ခုနှစ်ကထဲက တိုက်ခိုက်နေခဲ့ကြသည်။ မြန်မာ နိုင်ငံ၏ တိုင်းရင်းသားဒေသ ၃ ခုတွင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသူသည်ကို သူတို့ စိုးရိမ်စွာ စောင့်ကြည့်နေကြ သည်။ စက်တင်ဘာလအတွင်းက ကရင်ပြည်နယ်တွင် မြန်မာ့တပ်မတော် နှင့် ကရင်တိုင်းရင်း သားခွဲထွက် အဖွဲ့တခု ကြား တွင် တိုက်ပွဲများ ပေါ်ပေါက်ခဲ့ပြီး ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) လည်း တိုက်ပွဲတွင်းသို့ ရောက်လုနီးပါးဖြစ် ခဲ့ကာ အပစ်အခတ်ရပ်စဲရေးကို ခြိမ်းခြောက်လာခဲ့သည်။

ကရင်ခေါင်းဆောင်များ နှင့် ကျေးလက်ပြည်သူများက တိုက်ပွဲများသည် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်မည့် ဟတ်ကြီး ရေကာတာ တည်ဆောက်ရန် စီစဉ်ထား သည့် နေရာကို လုံခြုံစိတ်ချမှု ရှိစေရန်အတွက် မြန်မာ့တပ်မတော်၏ ဗျူ ဟာ တစိတ်တပိုင်း ဖြစ်သည်ဟု ယုံကြည်ထားသည်။ ဖာပွန်ခရိုင်အတွင်းမှ ကရင်တိုင်းရင်းသားများက မြန်မာ အစိုးရ သို့ မဟုတ် တပ်မတော်မှ ပေးလာမည့် ငြိမ်းချမ်းရေးကို သူတို့ စောင့်ဆိုင်းနေခြင်း မဟုတ်ကြောင်း ပြောကြသည်။ သူတို့က သံ လွင်ငြိမ်းချမ်းရေး ဥယျာဉ်ဖြင့် ငြိမ်းချမ်းရေးကို ဆွဲဆောင်နိုင်ရန် တက်တက်ကြွကြွ ဆောင်ရွက်နေကြသည်။

KNLA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက သူတို့၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။ “ကျနော် အဲဒါကို သတိထားမိခဲ့ပါတယ်။ သူတို့က အမျိုးသား ဥယျာဉ်တွေ တည်ထောင်ပြီးတော့ သူတို့ရဲ့ သဘာဝ တောရိုင်း တိရိစ္ဆာန် တွေ နဲ့ တရားမဝင် သစ်ထုတ်တာကို ကာကွယ်တယ်။ ကျနော်တို့ အနေနဲ့ ကရင်ပြည်နယ်မှာ အလားတူ လုပ်သင့်တယ်လို့ ကျ နော့်ကို ပြောကြတယ်။ ၂၀၁၂ ခုနှစ် မှာ KNU က အပြန်အလှန် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုး ပြီးတဲ့ နောက်မှာတော့ ကျနော်တို့ အိပ်မက်ကို စတင် အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အခွင့်အရေးပဲလို့ ကျနော် တို့ ဆုံးဖြတ်ခဲ့ပါတယ်။”

သံလွင်ဥယျာဉ်ထဲမှ ချောင်းတချောင်းအတွင်း ဝါးဖောင်စီးနေသူများ

ရပ်ရွာအခြေပြု အုပ်ချုပ်မှု

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် စီမံကိန်းက တိုင်းရင်းသား ပြည်သူများကို အထွတ်အမြတ်ထားရာ နေရာများ၏ ထိန်းသိမ်းစောင့်ရှောက်သူများ အဖြစ် အသိအမှတ်ပြုခြင်း၊ အထက်မှ အောက်သို့ ဆင်းသည့် ဖွံ့ဖြိုးရေး ပုံစံကို စိန်ခေါ် ခြင်း နှင့် ဒေသခံများက ဆုံးဖြတ်သည့် ရေရှည်အတွက် ဖြစ်သော ဖွံ့ဖြိုးရေး အစီအစဉ်ကို မြှင့်တင်ခြင်းများတွင် အခြေခံထား သည်။

ဖာပွန်ခရိုင်တွင် ဒီမိုကရေစီ အတွက်လုပ်ဆောင်နေသည်။ ငြိမ်းချမ်းရေး ဥယျာဉ် တည်ထောင်မည့် နေရာကို စီမံခန့်ခွဲမှုက ကျိုးကြောင်း ဆီလျော်၍ ရေရှည်ခိုင်မြဲစေရေး သေချာစေရန်အတွက် အခြေခံအားဖြင့် လူမှုအသိုင်းအဝိုင်း၏ ပါဝင်ဆောင် ရွက်မှု ကြီးမားစွာ လိုအပ်ပါသည်။ ပြည်သူတို့ ပါဝင်မှုနှင့် စဉ်းစား ဆုံးဖြတ်မှုတို့ မြင့်မားစွာရှိနေကြောင်း ဖော်ပြနေသည့် ငြိမ်း ချမ်းရေး ဥယျာဉ်နှင့် ပတ်သက်သည့် လူထု ညှိနှိုင်းဆွေးနွေးမှုများက သက်သေ ဖြစ်သည်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ နယ်နိမိတ်သတ်မှတ်ရေးကလည်း ရှုပ်ထွေးသော ကိစ္စတခုဖြစ်သည်။ ကရင်တိုင်းရင်းသား အသိုင်းအဝိုင်း အဖွဲ့ဝင်များ နှင့် KNU ခေါင်းဆောင်များက သားရိုင်းတိရိစ္ဆာန်များ ခိုလှုံရ၊ အသိုင်းအဝိုင်း အတွက် သစ်တော များရှိရာနေရာ နှင့် ကရင်တိုင်းရင်းသားတို့၏ အစဉ်အလာနေထိုင်ခဲ့ရာ “ကော်” ဟု သိကြသည့် နယ်မြေ တခု သတ်မှတ် ရေး အတွက် ဆောင်ရွက်နေကြသည်။ ထိုနေရာသည် မြို့နယ် ၃ ခုအတွင်းတွင် အကျုံးဝင်နေပြီး သတိထား၍ ဆောင် ရွက်ရမည့် စေ့စပ်ညှိနှိုင်းမှုများနှင့် ညီညွတ်မှုများ လိုအပ်နေသည်။

လတ်တလော အနီးဆုံးကာလဖြစ်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများတွင် မြေပုံကို နောက်ထပ်ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ခဲ့ကြသည်။ ပြည်သူလူထုကြားတွင် ဆွေးနွေးသုံးသပ်မှု များ အကြိမ်ကြိမ်ပြုလုပ် ခဲ့ ပြီးနောက်တွင် ကျေးရွာကိုယ်စားလှယ်များ၊ KNU သစ်တော အရာရှိများနှင့် ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာ လှုပ်ရှားမှု ကွန်ရက် (KESAN)မှ ဝန်ထမ်းများက နယ်နိမိတ်အတွင်းတွင် နယ်မြေပိုမို ထည့်သွင်းရန်နှင့် မြို့နယ် ၂ ခုတွင် KNU က ဆောင်ရွက်မည့် ကာကွယ်သစ်တောတခု တည်ထောင်ရန် သဘောတူညီခဲ့ကြသည်။

ဗဟို အစိုးရ ဝန်ကြီးဌာနများကရေးဆွဲခဲ့သည့် မြေပုံများက မူ ကွဲပြားမှုများပြားစွာ ရှိနေသည်။ မြန်မာနိုင်ငံ သတ္တုတွင်း ဝန် ကြီးဌာန (၂၀၁၆ ခုနှစ် ပြုပြင်ပြောင်းလဲရေးများ နောက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာနမှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ခံ ဌာန တခုဖြစ်လာခဲ့သည်) က အစောပိုင်းတွင် ဖာပွန် ခရိုင်နှင့် ပတ်သက် သော ကိုယ်ပိုင်မြေပုံများ ရေးဆွဲခဲ့ပြီး ဖြစ်၍ ဒေသနေရာ အများအပြားတွင် ကြီးမားသော သတ္တုတွင်းများ နှင့် သယံဇာတ ထုတ်ယူရေး လုပ်ငန်းများနှင့် အပြည့်ဖြစ်သည်။ အဆိုပါ မြေပုံများ ရှိကြောင်း သိရှိသော သို့မဟုတ် မြင်ဖူးသော ပြည်သူ လူထုက အနည်းငယ်သာ ရှိသည်။ သို့သော်လည်း သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်၏ မြေပုံကြမ်း မိတ္တူများမှာမူ အဆိုပါ စိတ်ကူး ကို ပထမဆုံး စတင်တင်ပြခဲ့သည့် ၂၀၁၆ ခုနှစ် ကထဲက ဒေသခံ အသိုင်း အဝိုင်းများကြားတွင် ဖြန့်ချီပေးခဲ့ပြီး ဖြစ်သည်။

“သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ရဲ့ ရေရှည် ရည်ရွယ်ချက်က သံလွင်မြစ်ဝှမ်း ဒေသအတွက် ဘယ်လို စီမံခန့်ခွဲရေးက အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာ ဖော်ပြဖို့ နဲ့ အထက်ကနေ အောက်ကို ဆင်းတာမဟုတ်ဘဲ ပြည်သူကို ဗဟိုပြုတဲ့ စနစ် တခုကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အရင်စစ်အစိုးရတွေ လက်ထက်က ဒီဒေသမှာ စစ်ပုံစံ ဖွံ့ဖြိုးရေးကို သွတ်သွင်း ခဲ့ပါတယ်” ဟု ပေါလ်စိန်ထွားက ပြောသည်။

လတ်တလော အန္တရာယ်

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်တည်ထောင်ရေးကို အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေသည့် အဓိက အကြောင်းတခုမှာ ထိုင်း နှင့် တရုတ် ကုမ္ပဏီတခု၏ ငွေကြေးထောက်ပံ့မှုဖြင့် သံလွင်မြစ်ပေါ်တွင် ရေကာတာ တခုတည်ဆောက်ရန် စီစဉ်နေ ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ လျှပ်စစ် ဓာတ်အားနှင့် ရေ တင်သွင်းရန် အတွက် ဖြစ်သည်။ ဖာပွန်ခရိုင် အရှေ့တောင်ပိုင်း တွင် တည်ဆောက်ရန် ရည်ရွယ် ထားပြီး လျှပ်စစ်ဓာတ်အား ၁၃၆၅ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ဟတ်ကြီး ရေကာတာ က သံလွင်မြစ်မှ ရေများကို ထိုင်းနိုင်ငံ အလယ်ပိုင်း လွင်ပြင်သို့ တောင်တန်းများကို ကျော်ဖြတ် ပို့ဆောင်ပေးသွားမည် ဖြစ် သည်။ တည်ဆောက်ရေး လုပ်ငန်းများတော့ မစတင်ရသေးပါ။

အကယ်၍ ထိုစီမံကိန်းများကိုသာ ရှေ့ဆက်ဆောင်ရွက်ခဲ့လျှင် အိန္ဒိယ သမုဒ္ဒရာအထိရောက်သည့် သံလွင်မြစ်ဝရှိ မြစ် ကြောင်းတလျှောက်ရှိ ငါးများနှင့် ကရင်ပြည်နယ် အတွင်းရှိ မြစ်ကမ်းပါးမှ စိုက်ပျိုးရေး လုပ်ငန်းများကို ရေကာတာက ဖျက် ဆီး ပစ်လိုက်မည်ဖြစ်သည်။ ကျားများ၊ ဝက်ဝံနက်များ၊ ပြောင်နှင့် မျိုးတုန်းမည့် အန္တရယ်ရင်ဆိုင်နေရသည့် ဒါဇင်နှင့် ချီသော အခြားနို့တိုက် သတ္တဝါများ နေထိုင်ရာဖြစ်သည့် KNU က အသစ်ထူထောင်ထားသည့် မဲနော်ခီး တောရိုင်း တိရိစ္ဆာန် ကာကွယ်ရေး စခန်း အပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်သည်။

ရေကာတာ အဆိုပြုချက်က ကရင်တိုင်းရင်းသားတို့အတွက် ဝေဖန်စရာတခု ဖြစ်လာသည်။ အစိုးရနှင့် နိုင်ငံတကာ ကုမ္ပဏီ ကြီးများက တွန်းအားပေးနေသည့် ရေကာတာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ မည့် စီမံကိန်းများကို ဆန့် ကျင် ရာတွင် သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်က ညီညွတ်သော တပ်ဦးတခု အဖြစ် ကိုယ်စားပြုသည်။

“ဟတ်ကြီးရေကာတာက နိုင်ငံတကာ မြစ်တခုကနေ ရေခိုးယူချင်နေတဲ့ ထိုင်း စစ်အစိုးရရဲ့ မထီမဲ့မြင် ဆောင်ရွက်မှုတခု  ဖြစ်ပါတယ်” ဟု သဘာဝ ပတ်ဝန်းကျင်ရေးရာ အကြံပေးတဦးဖြစ်သည့် Jeff Rutherford က ပြောသည်။ သူက သံလွင် မြစ်ကို ဆယ်စုနှစ် တခု ကျော်ကြာအောင်လေ့လာခဲ့သူ ဖြစ်ပါသည်။

“လျှပ်စစ်ဓာတ်အားကို နိုင်ငံခြားကို တင်ပို့ပြီး ဒေသခံတိုင်းရင်းသားတွေ ရဲ့ ဂေဟစနစ်နဲ့ ယဉ်ကျေးမှုကို ပျက်စီးစေတာက တော့ တော်တော်ဆိုးပါတယ်။ ဒါပေမယ့် အဆိုးဆုံး အပိုင်းကတော့ ရေကာတာတည်ဆောက်နိုင်မယ့် တခုတည်းသော လမ်းကတော့ မြန်မာ့တပ်မတော်က မြစ်ကို သိမ်းပိုက် ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ အဲဒါက ပြည်တွင်းစစ်ကို ပြန်ပြီး မီးထိုး ပေး ပါလိမ့်မယ်။ မြန်မာပြည်သူတွေက ရေကြောင်းပြောင်းလဲမယ့် အစီအစဉ်တွေကို သတိပြုမိလာတဲ့ အခါ သူတို့ကလည်း စစ်ပွဲနဲ့ ပျက်စီးမှုတွေကို ဖြစ်စေမယ့် ဒီစီမံကိန်းတွေကို ဆန့်ကျင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ထပ်ပြောသည်။

ဟက်ကြီး ရေလှောင်တမံက အနာဂါတ်တွင် အဓိက ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်ပါသည်။ သို့သော် မြန်မာ့တပ်မတော် က လည်း အန္တရယ်ပေးနိုင်သည်မှာ ထင်ရှားနေသည်။ ဆယ်စုနှစ်များစွာ ရန်လိုခဲ့ခြင်းများကြောင့် ကရင်နှင့် အခြားလူမျိုးစုဝင် ပြည်သူ သိန်းနှင့် ချီ၍ ၎င်းတို့၏ နေအိမ်များကို စွန့်ပစ်ကာ ထိုင်းနိုင်ငံ အတွင်းရှိ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးခဲ့ကြ သည်။ ကရင်ပြည်နယ် အတွင်းသာ မက နိုင်ငံ ရပ်ခြားအထိပင် တကွဲတပြားစီ ရောက်ရှိခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်များ အတွင်း အမေရိကန် တနိုင်ငံတည်းမှာပင် ရွှေ့ပြောင်းအခြေချခဲ့သည့် ကရင်လူမျိုး ၅၀၀၀၀ ကျော် ရှိခဲ့ပါသည်။

၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေးက ပြည်သူများအတွက် ပိုမို အသက်ရှူချောင်လာပြီး တိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုဘဲ ခရီးသွားလာနိုင်ခြင်း၊ အချို့က သူတို့မြေနေရာများတွင် စိုက်ပျိုးရေးလုပ်ငန်းများ မဝံ့မရဲနှင့် လုပ်ကိုင်လာခြင်းများ ရှိ ခဲ့သော်လည်း ကရင်ပြည်နယ် အတွင်းရှိ အစိုးရ စစ်စခန်း ၃၀၀ ကျော်ရှိသည့် အနက် တခုကိုမျှ ရွှေ့ပြေးသည့် အရိပ် အ ယောင် မမြင်ခဲ့ရပါ။ သို့သော်လည်း ပြည်သူများက ပြီးခဲ့သည့် ဆယ်စုနှစ်တခုထက်ပင် နည်းသည့် ကာလအတွင်းတွင် သူ တို့၏ ဆွေမျိုးများကို သတ်ခဲ့သော၊ သူတို့၏ နေအိမ်များကို မီးရှို့ခဲ့သော သူများ၏ အရိပ်များ အောက်မှာပင် စိုက်ပျိုး လုပ် ကိုင်နိုင်ရန် ကြိုးစားခဲ့ကြသည်။

“ငြိမ်းချမ်းရေးဥယျာဉ်အဖြစ် အဆိုပြုထားတဲ့ နေရာအတွင်းမှာ အစိုးရ တပ်စခန်း ၆၀ ကျော်ရှိနေတာက ရွှေ့ပြောင်းဒုက္ခ သည်တွေ သူတို့ရဲ့ မူလကျေးရွာတွေကို ပြန်လာဖို့နဲ့ သူတို့ မြေပေါ်မှာ စိုက်ပျိုး လုပ်ကိုင်ဖို့ အတွက် အတားအဆီး ဖြစ်နေ ပါ တယ်။ KNU က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီး နောက်မှာတောင်မှ ဒီဒေသတွေမှာ အရပ်သားတွေကို အကာ အကွယ်ပေးရေးနဲ့ ပတ်သက်လို့ တိုးတက်မှု မရှိသေးပါဘူး” ဟု ပေါလ်စိန်ထွားက ပြောသည်။ သူ၏ မိသားစုမှာ မြန်မာတပ် မတော်မှ တပ်သားများ၏ ဖိအားပေးမှုကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ် ၃ ခုကျော်ကထဲက သူတို့ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသူများ ဖြစ်သည်။

“အစိုးရတပ်တွေက သူတို့ကျေးရွာတွေနဲ့ စိုက်ပျိုးတဲ့ ဒေသတွေနဲ့ ဝေးတဲ့နေရာတွေမှာ ပြန်လည်စခန်းချဖို့ ပြောပေးပါလို့ KNU  ကို ပြည်သူတွေက အမြဲတမ်းတောင်းဆိုခဲ့ကြပါတယ်။” ဟု သူက ထပ်ပြောသည်။ သို့သော်လည်း ယခု အချိန်အထိ ထိုအခွင့် အရေး မရရှိသေးပါ။

ဖာပွန် ခရိုင်အတွင်းမှ ကရင်ပြည်သူများအတွက် ငြိမ်းချမ်းရေး ဥယျာဉ်သည် အသိုင်းအဝိုင်း၏မြေများကို ပိုင်းခြားသတ် မှတ် ရန်၊ သားရိုင်းတိရိစ္ဆာန်များအတွက် ခိုလှုံရာပေးရန် နှင့် ဘေးအန္တရယ် ကျရောက်နေသည့် တိရိစ္ဆာန် မျိုးစိတ်များ ဆက်လက် တည်ရှိ နေမှုကို မှတ်တမ်းတင်ရန် နှစ်ပေါင်းများစွာ လုပ်ရမည့် အလုပ်ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်ခဲ့ရသည့် ဘဝများ ပြန်လည် ရှင်သန်လာရန် နှင့် ရေရှည်ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး လုပ်ဆောင်သွားနိုင် ရန်လည်း ရည်ရွယ်ထားသည်။

“သံလွင် ငြိမ်းချမ်းရေး ဥယျာဉ်က စစ်တိုက်နေတဲ့ အဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းကဏ္ဍ နဲ့ ငြိမ်းချမ်းရေး အလှူရှင် တွေသာ မက ဒေသခံပြည်သူတွေလည်း ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပါဝင်နိုင်မယ့် လုပ်ငန်းစဉ် တွေ ဖန်တီးနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ တကယ်လို့ ဒေသခံ အသိုင်းအဝိုင်းတွေ အတူစုစည်းပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သူတို့ အမြင် တွေကို ထုတ်ဖော်ကြမယ်ဆိုရင် သူတို့ ရဲ့ အသံကို ကြားရလိမ့်မယ်လို့ ကျနော် တို့ ယုံကြည်ပါတယ်။” ဟု Paul Sein Twa က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Hsa Moo ၏ The Salween Peace Park: A Radical, Grassroots Alternative to Development in Karen State ဆောင်းပါးကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading