မကြာခင် ကျရောက်တော့မယ့် မြန်မာနှစ်သစ်ကူး အခါသမယ ရိုးရာသင်္ကြန် ပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲကြဖို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။
ဒီနှစ်သင်္ကြန်ကာလရဲ့ ထူးခြားချက်တခုအနေနဲ့ တိုင်းဒေသကြီးတချို့မှာ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ အပြိုင်အဆိုင် ပြင်ဆင် နေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ပထမဆုံး လမ်းလျှောက်သင်္ကြန် ပွဲတော်ကို မန္တလေးမြို့ ၂၀၁၇ သင်္ကြန်ကာလ အတွင်းမှာ စတင်ထည့်သွင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ မန္တလေးတိုင်း ဒေသကြီးအပြင် ရန်ကုန်၊ ဧရာဝတီ၊ မကွေးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေမှာပါ အသီးသီး ကျင်းပ ကြဖို့ ပြင်ဆင်နေကြပါတယ်။
မြန်မာ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိန်းသိမ်းဖို့၊ ဒေသထွက်ကုန် ပစ္စည်းတွေ ဈေးကွက်ကောင်းရရှိစေဖို့၊ အသေး စား အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေ နဲ့ လမ်းလျှောက်သင်္ကြန်ကို ကျင်းပတာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အသီးသီးက တာဝန်ရှိသူတွေက ပြောဆို ထားပါ တယ်။
နှစ်စဉ်ကျင်းပနေကျ ရိုးရာ သင်္ကြန်ပွဲတော်မှာ အသွင်တမျိုးဆန်းမယ့် လမ်းလျှောက် သင်္ကြန်ကို ထည့်သွင်း ခြင်းအားဖြင့် ပိုစည်ကားတဲ့ သင်္ကြန် ပွဲတော်ကြီး ဖြစ်လိမ့်မယ်လို့လည်း ယုံကြည် မျှော်လင့်နေကြပါတယ်။
စည်စည်ကားကား ကျင်းပဦးမယ့် ရန်ကုန် သင်္ကြန်
ရန်ကုန်မြို့မှာ NLD အစိုးရ လက်ထက် ၂၀၁၆ သင်္ကြန်ကာလက စလို့ စီးပွားဖြစ်မဏ္ဍပ် ဆောက်လုပ်ခွင့်ကို တားမြစ်ထား ခဲ့ပါတယ်။
ဒီနှစ်မှာတော့ စီးပွားဖြစ်မဏ္ဍပ်တွေ ပြန်လည် ခွင့်ပြုပေးတော့မှာ ဖြစ်သလို၊ လမ်းလျှောက်သင်္ကြန်၊ စတုဒီသာ မဏ္ဍပ်တွေနဲ့ ရန်ကုန် သင်္ကြန်ကို စည်စည်ကားကားနဲ့ ပြန်လည် ကျင်းပသွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က မတ် ၁၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာ စတုဒီသာ၊ လမ်းလျှောက်သင်္ကြန် အတွက် နေရာ ၄ နေရာမှာ သင်္ကြန်အကြိုနေ့ကစလို့ သင်္ကြန်အတက်နေ့ အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
စတုဒီသာ၊ လမ်းလျှောက် သင်္ကြန်ကို ရန်ကုန်မြို့ရဲ့ မဟာဗန္ဓုလ ပန်းခြံ၊ ကန်တော်ကြီး မြေပဒေသာကျွန်း၊ ကန်တော်ကြီး ပန်းခြံ ဆင်ရုပ်နားနဲ့ ကန်တော်မင် ပန်းခြံတို့မှာ ကျင်းပမှာ ဖြစ်ပြီး သခင်မြ ပန်းခြံမှာတော့ စတုဒီသာ ကျွေးမွေး သွားမယ်လို့ သိရပါတယ်။
ဒီနှစ်ရန်ကုန်သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေ ပြန်လည်ခွင့်ပြုလာတဲ့ အပြင် လမ်းလျှောက် သင်္ကြန်ပါ ခွင့်ပြုလိုက်တာမို့ အရင် နှစ်တွေထက် စည်ကားမယ်လို့ ရန်ကုန်လူငယ်ထုက မျှော်လင့်နေကြပါတယ်။
တိုင်းဧရာရဲ့ ပထမ ဆုံး လမ်းလျှောက် သင်္ကြန်
ဧရာဝတီတိုင်းဒေသကြီးရဲ့ ပထမဦးဆုံး လမ်းလျှောက်သင်္ကြန်ကို ဟင်္သာတ မြို့လယ် ဈေးကြီးရှေ့ လမ်းမကြီး တလျှောက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
လမ်းလျှောက် သင်္ကြန်မှာ အုန်းလက် မဏ္ဍပ်တွေနဲ့ ရိုးရာသင်္ကြန် ရေကစားမှုတွေကို ဖော်ဆောင်သွားမှာ ဖြစ်သလို၊ သရုပ် ပျက် ဝတ်စား ဆင်ယင်မှုတွေကို အထိုက်အလျောက် ထိန်းသိမ်းနိုင်ဖို့လည်း လမ်းလျှောက် သင်္ကြန် အမှတ်တရ အကျႌတွေ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ရေကစားမှုအပြင် စတုဒီသာ ကျွေးမွေး လှူဒါန်းမှုတွေလည်း ပါဝင်မှာဖြစ်လို့ စည်ကားမှုနည်းပါးခဲ့တဲ့ တိုင်းဧရာရဲ့ ဟင်္သာတ သင်္ကြန်ဟာ အခုနှစ်မှာတော့ ပိုမိုစည်ကား လာနိုင်ပါတယ်။
မတူညီတဲ့ အစီအစဉ်သစ်တွေနဲ့ မန္တလေး လမ်းလျှောက် သင်္ကြန်
၂၀၁၇ မန္တလေး မဟာသင်္ကြန် ပွဲတော်မှာ လမ်းလျှောက် သင်္ကြန်ကို စတင်ထည့်သွင်း ပုံဖော်ပြီး လူအများကို ဆွဲဆောင်နိုင် ခဲ့ တာမို့ ဒီနှစ်မှာလည်း လမ်းလျှောက် သင်္ကြန်ကို မတူညီတဲ့ အစီအစဉ်သစ်တွေ ထပ်မံထည့်သွင်း ကျင်းပဖို့ စီစဉ်နေတယ် လို့ ဟိုတယ်နဲ့ ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ပြောဆိုထားပါတယ်။
လမ်းလျှောက် သင်္ကြန် ဧရိယာအဖြစ် ၂၆ လမ်းတလျှောက် မဏ္ဍပ်တွေ ထားရှိ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပါဝင်မယ့် အစီ အစဉ် တွေကိုလည်း အများပြည်သူ သိရှိအောင် အွန်လိုင်းကနေ အမြဲတင်ပေးနေမယ်လို့ ဆိုပါတယ်။
ညပိုင်းအချိန်တွေမှာ ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်မယ့် တောသင်္ကြန် အစီအစဉ်၊ ရိုးရာ ရေကစားမဏ္ဍပ်တွေ၊ ရိုးရာ ဝတ်စုံနဲ့ ဓာတ်ပုံ ရိုက်ကူးနိုင်ဖို့၊ လောင်းလှေတွေနဲ့ ရေကစားခြင်းတွေ အပါအဝင် တခြားပျော်ရွှင်ဖွယ်ရာ အစီအစဉ်တွေ လည်း ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာ ပုံရိပ်ပေါ်လွင်စေတဲ့ ဓာတ်ပုံ မှတ်တမ်းတင်မယ့် နေရာတွေမှာ ဆံရစ်ဝိုင်း အမျိုးသမီးငယ်တွေနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်ဖို့ နေရာတွေ၊ စတုဒီသာ မဏ္ဍပ်တွေ၊ သနပ်ခါး သွေးတာတွေ၊ ရိုးရာဝတ်စုံ ပြသတာတွေ ပါဝင်မှာ ဖြစ် သလို ညပိုင်း တောသင်္ကြန် အစီအစဉ်မှာ ရုပ်သေးအက ဖျော်ဖြေရေးတွေလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။
လမ်းလျှောက် သင်္ကြန်အပြင် အောင်မြေသာစံ မြို့နယ် ကျုံးရှေ့ ၆၆ လမ်း၊ ၁၉ လမ်းနဲ့ ၂၄ လမ်းကြား ညပိုင်းမှာ တောသင်္ကြန်၊ ၆၂ လမ်းပေါ်ရှိ မနော်ရမ္မံကွင်းမှာ လူငယ်သင်္ကြန် တို့ကိုပါ ထည့်သွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မကွေးတိုင်းမှာလည်း လမ်းလျှောက် သင်္ကြန် လုပ်မယ်
အခုနှစ် မဟာသင်္ကြန်ကာလ အတွင်း မကွေးတိုင်းဒေသကြီး တိုင်းမြို့တော်ဖြစ်တဲ့ မကွေးမြို့ ကမ်းနားလမ်း တလျှောက်မှာ ရိုးရာ အမွေအနှစ် ဖော်ဆောင်မှုတွေ ပါဝင်မယ့် ပထမဆုံး လမ်းလျှောက် သင်္ကြန် ကျင်းပဖို့ စီစဉ်ထားပါတယ်။
မကွေး လမ်းလျှောက် သင်္ကြန်မှာ ကုန်းဘောင်ခေတ်ပုံစံ ငွေဖလား၊ ပိတောက်ခက် လေးတွေနဲ့ ရေကစားမယ့် မဏ္ဍပ်တွေ၊ ရေပုတ်ကြီး ကျေးရွာက ဆံရစ်ဝိုင်းနဲ့ ကလေး အယောက် ၂၀ က မြန်မာ့ ကျေးလက်ပုံစံ အကျႌဆင်တူလေးတွေနဲ့ ရေကစား ကြမယ့် ကျေးလက်သင်္ကြန်ပုံစံ မဏ္ဍပ်တွေ၊ လှေဝမ်းထဲမှာ ရေဖြည့်ပြီး ငွေဖလားနဲ့ပက်မယ့် ရခိုင်တိုင်းရင်းသား ရိုးရာပုံစံ သင်္ကြန် မဏ္ဍပ်တွေ၊ ဖျော်ဖြေရေး မဏ္ဍပ်တွေအပြင် မိုးအတု ရေပက်ဖျန်းမယ့်နေရာတွေ ပါဝင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်းအတွင်းက ဆံရစ်ဝိုင်းရိုးရာ ထိန်းသိမ်းထားတဲ့ ရေပုတ်ကြီး ကျေးလက် မောင်မယ်တွေ၊ ရှေးကျတဲ့ တောင်သားလူမျိုးတွေ၊ အရှိုချင်း တိုင်းရင်းသားတွေကို ဖိတ်ကြားထားပြီး ရိုးရာဂုဏ် ဖော်ဆောင်တဲ့ ဝတ်စားဆင်ယင်မှုတွေ၊ သွားလာ နေထိုင်မှုပုံစံတွေ ခင်းကျင်း ပြသသွားမှာ ဖြစ်သလို ပုသိမ်ထီး အလှချိတ်ဆွဲမှုတွေ၊ လှည်းယဉ်ကျော့ တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လမ်းလျှောက် သင်္ကြန်ကို လာရောက်မယ့် ဆိုင်ကယ်တွေ၊ ကားတွေအတွက် ယာဉ်ရပ်နား စခန်းတွေလည်း ပြုလုပ်ပေး ထားမယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းကတော့ ချင်းတွင်း သင်္ကြန် တဲ့
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဒီနှစ်မဟာသင်္ကြန် ပွဲတော်မှာတော့ လမ်းလျှောက် ရေသဘင်ပွဲနဲ့ ချင်းတွင်း သင်္ကြန်ကို ပထမဆုံး ထည့်သွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။
လမ်းလျှောက် သင်္ကြန်ကို ကလေးမြို့ ဗိုလ်ချုပ်လမ်းမှာ ကျင်းပမှာဖြစ်သလို ခရိုင်စီမံခန့်ခွဲမှု ကော်မတီက ဦးစီးပြုလုပ်တဲ့ ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာ ရေသဘင်မဏ္ဍပ် ၁ ခု၊ မြို့ပေါ် ၁၉ ရပ်ကွက်က ဦးဆောင်ပြုလုပ်မယ့် ရေသဘင်မဏ္ဍပ် ၁ ခုနဲ့ ထိုမာကျေးရွာမှာ ရေသဘင်မဏ္ဍပ်ပေါင်း ၁၀ ခုကျော်ပြုလုပ်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ဆိုပါ တယ်။
ချင်းတွင်း သင်္ကြန် ပွဲတော်ကိုတော့ မုံရွာမြို့မှာ ရှိတဲ့ ချင်းတွင်းမြစ် သဲသောင်ပေါ်မှာ ဧပြီ ၁၁ ရက်ကနေ ၁၇ ရက်အထိ ၇ ရက် တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို Dry Zone ၊ Beach Zone ၊ Wet Zone ၊ Play Zone ဆိုပြီး လေးပိုင်းခွဲ ကျင်းပမှာဖြစ်သလို သင်္ကြန် ယိမ်း အက၊ တိုင်းရင်းသား ရိုးရာဓလေ့၊ လက်မှုပညာနဲ့ ဒေသထွက်ကုန် ပြခန်းတွေ၊ သဲပန်းပု ပြခန်းတွေ၊ Paramotor ခေါ် ကျောပိုး စက်ကို အသုံးပြုပြီး လေထီးနဲ့ ပျံသန်းတာတွေ အပြင် ဆိုင်ကယ်စတန့် ပြပွဲတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
လက်မှုပညာနဲ့ ဒေသထွက်ကုန် အရောင်းပြခန်းတွေမှာ သနပ်ခါး၊ ယက္ကန်းထည်၊ စစ်ကိုင်းစဉ့်အိုး၊ ကျောက်စိမ်း၊ ပယင်း စတဲ့ ဒေသထွက်ကုန်တွေနဲ့ ချင်းတွင်း သင်္ကြန် အမှတ်တရပစ္စည်းတွေ ပါဝင်ပါမယ်။
ချင်းတွင်း သင်္ကြန်ပွဲတော်ကို လာရောက်ဆင်နွှဲလိုသူတွေ အနေနဲ့ ကား၊ ဆိုင်ကယ်တွေကို သတ်မှတ် ထားတဲ့နေရာမှာ ထားခဲ့ရမှာ ဖြစ်ပြီး ခြေလျင် လာရောက် ကစားရမှာဖြစ်ပါတယ်။
ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း တိုင်းဒေသကြီး အသီးသီးမှာတော့ လမ်းလျှောက် သင်္ကြန်ပွဲတော် အတွက် သူ့ထက်ငါ အပြိုင် ပြင်ဆင်မှုတွေ လုပ်နေကြတာကို သတင်းစာ၊ ဂျာနယ်တွေ၊ လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်ကနေ တဆင့် တွေ့မြင် ကြားသိရမှာပါ။
ခေတ်အခြေအနေအရ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ အခုလို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ထည့်သွင်းကျင်းပမယ့် လမ်းလျှောက် သင်္ကြန်ကို ဒေသခံလူထုက ကြိုဆိုကြသလို ဒေသခံ လူမှုရေး အဖွဲ့အစည်းတွေကလည်း တတတ်တအား ပါဝင်ကူညီကြမှာ ဖြစ်ပါတယ်။
လမ်းလျှောက် သင်္ကြန်ကြောင့် လူငယ်တွေ၊ ကလေးတွေ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တန်ဖိုးကို သိမြင်လာပြီး တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်လာနိုင်မယ်လို့ ဦးဆောင် ကျင်းပသူတွေက မျှော်လင့်ထားပါတယ်။
အခြားတဖက်မှာလည်း မြစ်ကမ်းနားဘေး အများဆုံး ကျင်းပကြမယ့် လမ်းလျှောက် သင်္ကြန်ပွဲတော်ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အတွက် ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားဖို့၊ လာရောက် လည်ပတ်သူတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ စနစ် တကျ စွန့်ပစ်နိုင်ဖို့ ဦးဆောင် ကျင်းပသူတွေအနေနဲ့ စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်ထားဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
ဒေသခံ လူငယ်ထုကတော့ အရင်နှစ်တွေနဲ့မတူတဲ့ ခံစားချက်တွေ ရရှိမယ့် လမ်းလျှောက် သင်္ကြန်မှာ ပါဝင်ဆင်နွှဲဖို့ ရင်ခုန် စိတ်လှုပ်ရှား နေကြပါပြီလို့ ထင်ပါတယ်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ထိန်းသိမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပုံဖော်ကျင်းပမယ့် လမ်းလျှောက် သင်္ကြန် ဟာ ဒေသခံ လူထုအပြင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်တွေကို ဘယ်လောက် အတိုင်းအတာအထိ ဆွဲဆောင် နိုင်မလဲ ဆိုတာကတော့ မကြာခင် ရှုမြင်ခံစားရတော့မှာ ဖြစ်ပါတယ်။ ။