တစ်နှစ်တာ အချိန်ကာလသည် ကြာသည်ဟု မထင်လိုက်ရပေ။
အမှုမဲ့ အမှတ်မဲ့နှင့် ကုန်ဆုံး ကျော်လွန်လာခဲ့သည်။
ယမန်နှစ် ဇူလိုင်လက တွေ့ကြုံခဲ့ရသော အတွေ့အကြုံကလေးသည် ဘာမှ မပြောပလောက်သော်လည်း ယခု တစ်နှစ် ပြည့်တော့မည့်အချိန် နီးကပ်လာသည့် တိုင်အောင် မိမိအမှတ်သညာထဲတွင် စွဲကျန်နေတုန်းပင် ရှိသေးသည်။
ယမန်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က ဖြစ်သည်။ မိမိ မြေးလို သံယောဇဉ် တွယ်တာနေသည့် ကြည်လင်းထွန်း၏ ၄ နှစ်မြောက် မွေးနေ့ ဖြစ်သည်။ မိဘဖြစ်သူ ဦးဝင်းကြည် နှင့် ဒေါ်ကြည်ကြည်ထွန်းတို့သည် သူတို့၏သား ကြည်လင်းထွန်း၏ မွေးနေ့ကို ကြည်လင်းထွန်း ကျောင်းတက်သော မူကြိုကျောင်းတွင် သွား၍ ကျင်းပကြသည်။
ကြည်လင်းထွန်း တက်သော မူကြိုကျောင်းမှာ အလုံမြို့နယ် အထက (၃) ၏ အနီး၌ရှိသော “ချိုင်းနိစ် မက်သဒစ်ချာ့ချ်” ခေါ် ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ခရစ်ယာန် သီလရှင်များ ဖွင့်လှစ်ထားသော ကျောင်းဖြစ်သည်။
ကြည်လင်းထွန်း၏ မွေးနေ့တွင် သူ့မိဘများက မိမိကိုလည်း ခေါ်၍ လိုက်ပါသွားခဲ့သည်။ နေ့လယ် ၁ နာရီလောက်တွင် မူကြိုကျောင်း ရောက်သွားကြသည်။ ကျောင်းပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက် နေသည်။ မူကြိုကျောင်း ဆိုသော်လည်း ကလေးအသံကို လုံးဝ မကြားရ။ မူကြိုတက်သော ကလေးများကို တစ်ယောက်မျှ မတွေ့ရ။ ကြည်လင်းထွန်းသည်ပင် ဘယ်ပျောက်နေသည် မသိ။
စစ္စတာ ခေါ် ခရစ်ယာန် သီလရှင် တစ်ဦးက မိမိတို့အား ရုံးခန်းထဲတွင်အစောင့်ခိုင်းထားသည်။ ရုံးခန်းသည်ပင် ဧည့်ခန်းသဖွယ် ဖြစ်နေသည်။ မိမိတို့မှာ မူကြိုကျောင်းသားများအား ကြည်လင်းထွန်း မွေးနေ့ အထိမ်းအမှတ် အဖြစ် ကျွေးမည့် မုန့်ထုပ် မုန့်သေတ္တာများနှင့် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေကြရသည်။
ဧည့်ခန်းထဲတွင် ထိုင်စောင့်နေကြရင်းနှင့် နာရီလက်တံသည်သာလျှင် တဖြည်းဖြည်း ရွေ့နေသည်။ စစ္စတာများလည်း ပေါ်မလာကြ။ မူကြိုကျောင်းသားလေးများ၏ အရိပ်အယောင်ကိုလည်း မတွေ့ရ။ မိဘ ၂ ဦးကလည်း သူတို့၏ သားကို မြင်ချင်လှပြီ။
သို့ရာတွင် တိတ်ဆိတ်ငြိမ်သက်လှသော ဘုရားရှိခိုးကျောင်းနှင့် မူကြိုကျောင်း၏ ပတ်ဝန်းကျင်မှ တစ်ပါး မိမိတို့အား ဧည့်ခံမည့်သူ တစ်စုံတစ်ဦးကိုမျှ မတွေ့ရပေ။
နောက်မှ အကျိုးအကြောင်း သိရသည်။
တိုအချိန်မှာ မူကြိုကျောင်းသားကလေးများ အိပ်ချိန်ဖြစ်သည်။ အိပ်ချိန်မှာ ၁ နာရီ တိတိ ဖြစ်သဖြင့် အိပ်ချိန် မစေ့မချင်း ဧည့်ခန်းထဲတွင် စောင့်နေရသည်။ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ထဲတွင် ရောက်နေသဖြင့် မိမိနှင့် ကလေးမိဘ ၂ ဦးသည်ပင်လျှင် စကားကို ကျယ်ကျယ်မပြောဘဲ ထိန်း၍ပြောနေကြရသည်။
ဧည့်ခန်းမှာ ၁၀ ပေ ပတ်လည်လောက်သာ ရှိသည်။ အခန်းထဲတွင် တယ်လီဖုန်း တစ်လုံးနှင့် စားပွဲဝိုင်း ကုလားထိုင်များမှ တစ်ပါး အခြား အဆောင်အယောင်ဟူ၍ ဘာမှ မရှိပေ။
သို့ရာတွင် ထိုဧည့်ခန်း၏ ကျက်သရေဆောင် ထူးခြားမှု တစ်ခုကိုမူ တွေ့ရသည်။ ထိုထူးခြားမှုကား နံရံတွင် ချိတ်ထားသော မှန်ပေါင် သွင်းထားသည့် ပန်းချီကား တစ်ကား ဖြစ်သည်။
ပန်းချီကားမှာ ပုံနှိပ်ထားသည့် ပန်းချီကား ဖြစ်သည်။ အတွေးအခေါ် ရင့်ကျက်သည့် အသွင်ကို ပုံဖော်ထားသော လူတစ်ယောက်သည် မျက်စိတဆုံး ငေးမျှော် ကြည့်ရှုနေသည်။ သူ၏ ရှေ့တူရှူရှိ မျက်စိဆုံး၌ကား စုတ်ချက် မရဲတရဲ ခြယ်ထားသော ကောင်းကင်ပြာ အောက်က တောတောင်များနှင့် ပင်လယ်ရေပြင် ရှိနေသည်။ သက်ဝင် လှုပ်ရှားနေသည့် ပန်းချီကား တစ်ကား ဖြစ်သည်။
ပန်းချီကား၏ အထူးခြားဆုံးမှာ ပန်းချီကားတွင် ရေးထိုးထားသော စာတန်းဖြစ်သည်။
The best and most the beautiful things in this world can not be seen and even can not be touched. They can be felt by the heart.
ပန်းချီကားတွင် ရေးထိုးထားသော စာတန်း၏ အဓိပ္ပာယ်မှာ
“ဤကမ္ဘာ လောက၌ အမွန်မြတ်ဆုံး နှင့် အလှဆုံး အရာဝတ္ထုများမှာ မံသစက္ခုဖြင့် ကြည့်၍မရပါ။ ထိတွေ့၍လည်း မရပေ။ ယင်း အရာဝတ္ထုများကို နှလုံးသားဖြင့်သာလျှင် ခံစား၍ ရသည်” ဟူ၍ ဖြစ်သည်။
ပန်းချီကား၌ ပုံဖော်ထားသော လူသည် လောက၏ အလှတရားကို မံသစက္ခုဖြင့် ရှာဖွေသော်လည်း မတွေ့ရသဖြင့် နှလုံးသားဖြင့် ရှာဖွေနေဟန်တူသည်။
မိမိတို့သည်လည်း ထိုပန်းချီကား၏ ဆွဲဆောင်ရာသို့ ပါသွားပြီး ထိုပုဂ္ဂိုလ် ကဲ့သို့ပင် လောက၏ အလှတရားကို မံသစက္ခုဖြင့် ရှာမရသဖြင့် နှလုံးသားဖြင့် ရှာနေမိသည်။
လောက၏ အလှတရားကို တွေ့ရပါပြီ။
မံသစက္ခုဖြင့် တွေ့ရခြင်း မဟုတ်ဘဲ နှလုံးသားဖြင့် တွေ့ရခြင်း ဖြစ်သည်။
မူကြိုကလေးများ၏ အိပ်ချိန် စေ့သွားပြီဖြစ်၍ မူကြိုကျောင်းကလေး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ကလေးများသည် အပေါ်ထပ်မှ အောက်ထပ်သို့ ပြေးဆင်းလာကြသည်။ တချို့ကို ဆရာမများက ပွေ့ချီယူလာကြသည်။ ကြည်လင်းထွန်း ကိုလည်း ဆရာမ တစ်ယောက်က ပွေ့ချီခေါ်လာသည်။
မွေးနေ့ အခမ်းအနား စပါပြီ။
မွေးနေ့ကို စစ္စတာ သုံးဦးက ဦးဆောင်သည်။
စစ္စတာ သုံးဦးမှာ တစ်ဦးက အိန္ဒိယ တောင်ပိုင်းနွယ်ဖွား ဖြစ်ပြီး ကျန်နှစ်ဦးမှာ မြန်မာနိုင်ငံ လူမျိုးစု နွယ်ဖွားများ ဖြစ်ကြသည်။
စစ္စတာ တစ်ဦးက တုတ်တစ်ချောင်းကို ကိုင်ပြီး ကလေးများကို အတန်း သုံးတန်း စီခိုင်းသည်။ ကလေးများမှာ မိန်းကလေး၊ ယောက်ျားကလေး စုစုပေါင်း လေးငါးဆယ်လောက် ရှိသည်။
အတန်း သုံးတန်း စီတန်းနေသော ကလေးများ၏ ရှေ့တွင် ခုံတစ်ခုံဖြင့် မွေးနေ့ ကိတ်ကို တင်ထားသည်။
ကြည်လင်းထွန်းက မွေးနေ့ကိတ်ကို ဓားဖြင့် ခွဲလိုက်သည်။ ခုံပေါ်တွင် မွေးနေ့ ဖယောင်းတိုင် ၂ တိုင် ၃ တိုင်ကို မီးထွန်း ညှိထားသည်။
“ဟက်ပီး ဘာ့ဒေး တူးယူ” ကလေးများ၏ နှုတ်မှ သံပြိုင် ထွက်လာကြသည်။
စစ္စတာများက မွေးနေ့ မုန့်များကို ကလေးများအား ဝေပေးသည်။ သူတို့အတွက် ဝေစုကိုလည်း ယူထားလိုက်ကြသည်။
မိမိသည် မွေးနေ့ပွဲ အမြောက်အမြား တက်ခဲ့ဖူးသည်။ သို့သော် ဤမွေးနေ့ပွဲလောက် တစ်ခါမှ မကြည်နူးခဲ့ရဘူးပေ။ ဤ အခမ်းအနားလောက် တစ်ခါမှ စိတ်မထိခိုက်ခဲ့ရဘူးပေ။ ဤမြင်ကွင်းလောက် တစ်ခါမှ မခံစားရဘူးပေ။
ဤမွေးနေ့ပွဲ၌ ပုလင်းသံ ခွက်သံလည်း မကြားရပေ။ ပိုး၊ ဖဲ၊ ကတ္တီပါ၊ ပါတိတ်များကိုလည်း မမြင်ရပေ။ စိန်၊ ကျောက်၊ နီလာ၊ ပတ္တမြား တို့ကိုလည်း မတွေ့ရပေ။ လောဘ နှင့် မန်မာနတရားများလည်း လွှမ်းခြုံ မနေပေ။ တစ်ဦးအပေါ် တစ်ဦး တင်စီးသော၊ တစ်ဦးအပေါ် တစ်ဦး ပလွှားသော၊ တစ်ဦး နှင့် တစ်ဦး ဂုဏ်တု ဂုဏ်ပြိုင် ပြောကြသော စကားသံများ ကိုလည်း မကြားရပေ။ ကိုရိုလာ၊ အက်စ်အီး၊ မာစီဒီး စသော ပြောင်ပြောင် လက်လက် ကားကြီး ကားငယ်များလည်း ဆိုက်မထားပေ။
ဤမွေးနေ့ပွဲ၌ အလွန်ဆုံး ငါးနှစ် အရွယ်မျှသာ ရှိသော ကလေးများ၏ ရိုးသား အပြစ်ကင်းစင်သည့် နှုတ်မှ ထွက်ပေါ်လာသော“ဟက်ပီး ဘာ့ဒေး တူးယူ” ဟူသော ကြည်နူးဖွယ် အသံကလေးများသာလျှင် လွှမ်းနေသည်။
မိဘ နှင့် စစ္စတာများ၏ မေတ္တာ ကရုဏာ သာလျှင် ပျံ့လွင့်နေသည်။
ကျောင်းအပြင်ဘက်၌ စောစောက မိုးတဖွဲဖွဲ ရွာနေသော်လည်း မိုးစဲသွားပြီ ဖြစ်ရာ ရာသီဥတု သာယာနေသည်။
ကျောင်းအတွင်း၌ မူကြိုကလေးများသည် မွေးနေ့မုန့် ကိုယ်စီကိုင်လျက် ကြည်နူးနေကြသည်။
အလှတရားကို ရှာဖွေနေသော မိမိသည် အလှတရားကို တွေ့ပါပြီ။
သို့သော် မံသစက္ခုဖြင့် တွေ့ခြင်း မဟုတ်ဘဲ၊ နှလုံးသားဖြင့် တွေ့ခြင်း ဖြစ်သည်။ ။
(စာရေး ဆရာကြီး ပါရဂူ လွန်ခဲ့သော နှစ် ၂၀ ကျော်က ရေးသားခဲ့သည့် ဤဆောင်းပါးကို မုံရွေး စာပေတိုက်က ၂၀၀၀ ပြည့်နှစ် သြဂုတ်လတွင် ထုတ်ဝေသော “ကဗျာဆရာ၏ အသိုက်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် ဧပြီလ ၉ ရက် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)