မြန်မာနိုင်ငံတွင် မော်တော်ယာဉ်မတော်တဆ ထိခိုက်မိတဲ့အခါ အသက်အန္တရာယ်များ မဆုံးရှုံးရလေအောင် ယာဉ်မောင်းနှင်နေစဉ် ထိုင်ခုံခါးပတ်များ ပတ်ထားကြဖို့အတွက် ယခုရက်ပိုင်းအတွင်း ဖေ့ဘွတ်လူမှုကွန်ရက်တွင် အနုပညာရှင်တွေမှ ကမ်ပိန်း (campaign) များ စတင် ပြုလုပ်လာရာက ပြည်သူတွေပါ ပူးပေါင်းပါဝင်ပြုလုပ်လာကြတာကို တွေ့ရပါတယ်။
“တန်ဖိုးရှိတဲ့အသက်တွေ မဆုံးရှုံးစေဖို့ ထိုင်ခုံခါးပတ် ပတ်ကြစို့” ဆိုတဲ့ ကမ်ပိန်းလေးပါ။ ဒီ ကမ်ပိန်း ကို မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေးအသင်းမှ ကိုအရည်ကြိုက အစပြုပြီး နီးစပ်ရာမိတ်ဆွေများကို ပြောပြတိုင်ပင်ရာမှ ခန့်စည်သူ၊ စိုင်းစိုးင်းခမ်းလှိုင်နဲ့ ဓာတ်ပုံ အေးဇော်မိုး၊ စတဲ့ အနုပညာရှင်တွေနဲ့အတူ အခြား အနုပညာရှင်တွေ ပါဝင်လာကြတယ်လို့ သိရပါတယ်။
“တကယ်တော့ ကျနော်က အကူအညီတောင်းယုံပါပဲ။ သူတို့က ဝိုင်းပြီး လုပ်ပေးကြတာပေါ့နော်။ အားလုံး တကယ် ချစ်စရာကောင်းကြပါတယ်။ အနုပညာကြေး တပြားတချပ်မှ မရဘဲနဲ့ ဒီလို ကူညီပေးကြတာ။ ကျနော် ကျေဇူးလည်း တင်ပါတယ်။ ကျနော်အတွေးကတော့ သူတို့က အနုပညာရှင်တွေဆိုတော့ သူတို့ကိုချစ်တဲ့ ပရိသတ်တွေလည်း အားကျပြီး လိုက်လုပ်လာအောင်ပေါ့နော်။ အခုက အများစုက ခါးပတ်ပတ်ရမှာ ရှက်ကြတယ်။ တကယ်တော့ ဒါက ရှက်စရာ မဟုတ်ဘူး။ အသက်အန္တရာယ်ကို ကာကွယ်ဖို့ဆိုတာလေး အားလုံးကို သိစေချင်တာပါ” လို့ ကိုအရည်ကြိုက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် အမြန်လမ်းမှာလည်း ဒီလ ၁၉ ရက်နေ့ကနေ ၂၉ရက်နေ့ထိ တပတ်တိုင်တိုင် ထိုင်ခုံခါးပတ်နဲ့ ပတ်သတ်တဲ့ ကမ်ပိန်းများလုပ်သွားဦးမယ်လို့ သူက ဆိုပါတယ်။
“ကျနော်တို့ မနက်ဖြန်ကနေ စပြီး အမြန်လမ်းမှာ ကမ်ပိန်း လုပ်မှာပါ။ ၂၅ ရက်နေ့အထိဆိုတော့ တပတ်ပေါ့နော်။ အဲဒီ တပတ်ပြီးရင်တော့ အမြန်လမ်းရဲတပ်ဖွဲ့က ခါးပတ် မပတ်တဲ့သူတွေကို ဖမ်းပါလိမ့်မယ်။ နောက်လကနေ စပြီးပေါ့နော်။ အခုလည်း မြို့ထဲမှာ စည်းကမ်းအရ ဖမ်းရင်တော့ ရပါတယ်။ ဒီ ကမ်ပိန်း လေးကနေ သူတိုု့ကို ခါးပတ်ပတ်တဲ့ အကျင့်လေး ရသွားစေချင်တာပါ။ ရဲရှေ့ရောက်မှ အဖမ်းခံရမှာစိုးလို့ ပတ်တာမျိုးမဟုတ်ဘဲပေါ့နော်” လို့ သူက ဆက်ပြောပါတယ်။
နောက်ပိုင်းတွေမှာ မန္တလေးမြို့မှာလည်း ဆိုင်ကယ်ဦးထုပ် ကမ်ပိန်း ပြုလုပ်သွားဦးမယ်လို့လည်း သိရပါတယ်။