အမေရိကရဲ့ အကြီးဆုံးစူပါမားကတ်လုပ်ငန်းစုဖြစ်တဲ့ Kroger ဟာ မောင်းသူမဲ့ယာဉ်သုံးပစ္စည်းပို့ဆောင်မှုကို Arizona ပြည်နယ်၊ Scottsdale မြို့က Fry’s Food Store တခုမှာ ကြာသပတေးနေ့က စတင်ပြီး စမ်းသပ် တော့မှာဖြစ်ပါတယ်။
ယခုစမ်းသပ်မှုဟာ Kroger နဲ့ မောင်းသူမဲ့ကားနည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Nuro တို့ ပူးပေါင်းမှုရဲ့ ပထမခြေလှမ်းဖြစ်ပြီး၊ ပြိုင်ဘက် Walmart ကုမ္ပဏီနဲ့ Waymo ကုမ္ပဏီတို့ရဲ့ မောင်းသူမဲ့ယာဉ် အကြိုအပို့ စနစ်ကို ယှဉ်ပြိုင်မယ့် စနစ်အသစ်တခုလည်း ဖြစ်ပါတယ်။
ဈေးဝယ်မယ့်သူအနေနဲ့ Fry’s ရဲ့ website ဒါမှမဟုတ် App ကနေ အလိုရှိရာကို မှာယူူပြီးတာနဲ့ နေ့ချင်းပဲ မောင်းသူမဲ့ယာဉ်နဲ့ ပစ္စည်းပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ပို့ဆောင်ခကို ၆ ဒေါ်လာ ကောက်ခံသွားမှာဖြစ်ပြီး၊ 85257 Zip code ဧရိယာအတွင်းပဲ ပို့ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။
ကနဦးအဆင့်မှာတော့ Nuro ကုမ္ပဏီရဲ့ မောင်းသူမဲ့နည်းပညာအတွက် ပြင်ဆင်ထားတဲ့ Toyota Prius ကားတွေနဲ့ပဲ ပစ္စည်းပို့ဆောင်ပေးမှာဖြစ်ပါတယ်။ စမ်းသပ်ဆဲ အချိန်မှာတော့ ကားပေါ်မှာ ယာဉ်မောင်း တယောက် လိုရမည်ရ ပါဝင်ပြီး၊ အရေးပေါ်အခြေအနေတွေမှာ ယာဉ်ကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ဆောင်းဦးရာသီမှာ ထပ်မံစမ်းသပ်မယ့် Nuro ကိုယ်ပိုင် R1 ကားတွေမှာတော့ ယာဉ်မောင်းထိုင်ခုံတောင် ပါတော့မှာမဟုတ်ဘဲ ကားက ဈေးဝယ်သူအိမ်ရှေ့ကို အလိုအလျောက် ရောက်လာမှာပါ။
အမေရိကရဲ့ အကြီးဆုံး လက်လီစတိုးတွေဖြစ်တဲ့ Walmart နဲ့ Kroger တို့ဟာ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်မှုအတွက် များပြားတဲ့ ကုန်ကျစရိတ်တွေကို လျော့ချနိုင်ဖို့အတွက် မောင်းသူမဲ့ယာဉ်တွေနဲ့ ပစ္စည်းပို့ဆောင်နိုင်ဖို့ကို အပြိုင်အဆိုင် ကြိုးစားနေကြတာဖြစ်ပါတယ်။
Walmart ရဲ့ လက်ရှိစမ်းသပ်မှုကတော့ ဈေးဝယ်သူကို ဆိုင်ရှေ့အထိ မောင်းသူမဲ့ယာဉ်နဲ့ အကြိုအပို့ လုပ်ပေးသွားမယ့် စနစ်ဖြစ်ပြီး၊ Kroger ကတော့ မောင်းသူမဲ့ယာဉ်နဲ့ အိမ်တိုင်ရာရောက်ပစ္စည်းပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းလင့်ခ် – ဈေးအသွားအပြန်ကို မောင်းသူမဲ့ ကားတွေနဲ့ အကြိုအပို့ လုပ်ပေးမယ့် “Walmart”
Ref: Reuters, Tech Crunch, Engadget