ဘရာဇီးနိုင်ငံ Piauí ပြည်နယ်က ကြက်တူရွေးတကောင်ဟာ ဧပြီလ ၂၂ရက်နေ့က ဖမ်းစီးခြင်းကို ခံခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ မူးယစ်ဆေး ရောင်းဝယ်နေသူ ၂ ဦးကို ရဲတွေက ဖမ်းဖို့ ချဉ်းကပ်ချိန်မှာ သတိပေးခဲ့လို့ပဲ ဖြစ်ပါတယ်။
ကြက်တူရွေးဟာ ရဲတွေ ဝင်လာတဲ့ အချိန်မှာ “မေမေရေ၊ ရဲတွေ” ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သတိပေးစကားကြောင့် တရားခံတွေကို မဖမ်းမိဘဲ ဖြစ်ခဲ့ရတယ်လို့ ရဲတွေက ဆိုပါတယ်။ “သူ့ကို ဒီလို အော်ဖို့ သင်ထားပေးတာ ဖြစ်မယ်” လို့ ရဲအရာရှိ Mello က ဆိုပါတယ်။ ရဲတွေ စပြီး ချဉ်းကပ်လာပြီ ဆိုတာနဲ့ သူက အော်ဟစ် သတိပေးခဲ့တာပါ။
ဒါပေမဲ့ ရဲစခန်းကို ရောက်တဲ့ အချိန်မှာတော့ ကြက်တူရွေးဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အကြိမ်ကြိမ်အခါခါ စစ်ဆေးပြီးနောက်မှာတော့ ကြက်တူရွေးက သူရဲ့ သခင်နာမည်ကို ပြောခဲ့ပါတယ်။ သူ့သခင်ဟာ “India”လို့ အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ မကြာခဏ ဖမ်းဆီးခြင်း ခံရလေ့ရှိသူလည်း ဖြစ်ပါတယ်။
ကြက်တူရွေးကို ရဲစခန်းမှာ စောင့်ရှောက်အပြီးမှာတော့ ပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက ငှက်ကို လွှတ်ပေးဖို့ တောင်းဆိုတာတွေ များလာတဲ့ အတွက် တိရစ္ဆာန်ဥယျာဉ်ကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးနိုင်ငံမှာ ကြက်တူရွေးကို ဖမ်းဆီးမှုတွေ ပြုလုပ်တာ ဒါက ပထမအကြိမ် မဟုတ်ဘူးလို့ ရဲအရာရှိက ဆိုပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း “Lorenzo” လို့ အမည်ရတဲ့ ကြက်တူရွေးတကောင်ဟာ ရဲတွေ ချဉ်းကပ်လာတဲ့ အချိန်မှာ “ပြေး၊ ပြေး ” ဆိုပြီး စပိန်စကားနဲ့ သတိပေးခဲ့လို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
Ref:Mirror