အာရပ်စော်ဘွားများပြည်ထောင်စုဖြစ်တဲ့ ယူအေအီးနိုင်ငံဟာ ကျောင်းဖွင့်ရာသီ ရောက်လာတဲ့ စက်တင်ဘာလမှာ ကျောင်းသား မိဘတွေကို အလုပ်လာချိန် နောက်ကျတာ ခွင့်ပြုပေးခဲ့ပါတယ်။ မူလတန်းအရွယ်ကလေးတွေကို ကျောင်းပို့ရမယ့် ကျောင်းသား မိဘတွေကို အလုပ်လာချိန် နောက်ကျခွင့်ပြုတဲ့အကြောင်း ကြေညာပေးခဲ့ပါတယ်။
ဒီကြေညာချက် ထုတ်ပြန်ပေးခဲ့ရတဲ့ အကြောင်းကတော့ ငယ်ရွယ်သေးတဲ့ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူတွေကို မိဘတွေအနေနဲ့ ကျောင်းအထိ လိုက်ပါ စောင့်ရှောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အလုပ်သိမ်းချိန်ကိုလည်း ယူအေအီး အစိုးရက ပုံမှန်အချိန်ထက် စောဆင်းခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့်လည်း ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းကြိုချိန်အမီ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီကြေညာချက်ကိုတော့ Sharjah News ရဲ့ တရားဝင် Instagram အကောင့်မှာ ဖော်ပြခဲ့ပါတယ်။ တရားဝင် ကျောင်းပိတ်ရက် ၂ လ ပြီးဆုံးသွားပြီးနောက်မှာတော့ ယူအေအီးနိုင်ငံရဲ့ ကျောင်းသားပေါင်း ၁ သန်းလောက် စာသင်ခန်းတွေ ရှိရာ သွားခဲ့ကြပါတယ်။ ကျောင်းမဖွင့်ခင် တပတ်အလိုလောက်ကတည်းက ကျောင်းသားမိဘတွေဟာ ကလေးတွေ ကျောင်းတက်ဖို့ ပြင်ဆင်ကြရင်း အလုပ်တွေ များခဲ့ကြပါတယ်။
ကျောင်းဖွင့်ရာသီ ရောက်ခါနီးလာရင် မိဘတွေ အလုပ်များလေ့ ရှိတဲ့အတွက် မနှစ်ကတည်းက ယူအေအီးနိုင်ငံရဲ့ ဖက်ဒရယ် အစိုးရဌာနမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ကျောင်းသား မိဘတွေကို တပတ်လုံးလုံး အလုပ်ချိန် လျှော့ပေးခဲ့ပါတယ်။
အခုလို အလုပ်ချိန် လျှော့ပေးရတဲ့ အကြောင်းရင်းကလည်း ကျောင်းသား မိဘတွေအနေနဲ့ လိုအပ်တာတွေ ကြိုတင် ပြင်ဆင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံရဲ့ ကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေကို အလုပ်ချိန်လျှော့ပေးခဲ့ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ ကျောင်းနှစ်ပတ်လည်လို နေ့မျိုးတွေနဲ့ စုံညီပွဲတော်တွေကို တက်ရောက်စရာ အကြောင်းရှိရင်လည်း သက်ဆိုင်ရာဌာနကို တင်ပြပြီး ခွင့်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ အခုလို စီစဉ်ပေးရတဲ့အကြောင်းကတော့ နိုင်ငံသားတွေ ပျော်ရွှင်ဖို့ဖြစ်သလို အပြုသဘောဆောင်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
ကျောင်းတက်ချိန် ရောက်လာတဲ့ မနက်ခင်းမှာတော့ ရဲဌာနကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရအောင်နဲ့ ကျောင်းသားတွေ အဆင်ပြေပြေ ကျောင်းရောက်နိုင်အောင် ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။ ယူအေအီးအစိုးရနဲ့ ကုမ္ပဏီတွေက အဲဒီလို ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အလုပ်ဝင်ရမယ့် ဝန်ထမ်းတွေကတော့ ပုံမှန် ဆင်းနေတဲ့ အလုပ်ချိန် ၉ နာရီခွဲထက် နောက်မကျဘဲ အလုပ်ကို ရောက်လာခဲ့ကြပါတယ်။
Ref. Khaleejtimes, Gulfnews