သတင်း

ထိုင်ဝမ်ကျွန်း ဒေသခံလူမျိုးစုများကို ထိုင်ဝမ်သမ္မတ တောင်းပန်

This article has been converted from Zawgyi One to Unicode

ခါးသီးသော သမိုင်းအချက်အလက်များကို လက်ခံခြင်းမှာ လူ့အဖွဲ့အစည်း ရှေ့ဆက်တိုးတက်ရန်အတွက် လိုအပ်သည်ဟုပြောကြားပြီး ထိုင်ဝမ်ကျွန်းကို နှစ်ပေါင်း ၄၀၀ ကျော် သိမ်းပိုက် ကိုလိုနီပြုခဲ့ခြင်းအတွက် ထိုင်ဝမ်အစိုးရကိုယ်စား သမ္မတ ထိုက်ယင်ဝမ်က ကျွန်းဒေသခံ လူမျိုးစုများကို တနင်္လာနေ့က ဝန်ချ တောင်းပန်လိုက်သည်။

“ကျမတို့ဟာ ကျမတို့နိုင်ငံကို ညီညွတ်တဲ့ပြည်သူတွေရဲ့ နိုင်ငံလို့ ကြေညာချင်ရင် ဒီသမိုင်းဖြစ်ရပ်တွေကို ရင်ဆိုင်ဖို့လိုတယ်။ အမှန်တရားကို ရင်ဆိုင်ဖို့ လိုတယ်။ အရေးအကြီးဆုံးကတော့ အစိုးရက သူ့တို့ကိုယ်သူတို့ မှန်မှန်ကန်ကန်ပြန်သုံးသပ်ဖို့ပါပဲ။ ဒါကြောင့် ကျမ ဒီနေ့ဒီနေရာမှာ ရပ်တည်နေတာပဲ” ဟု ထိုက်ယင်ဝမ်က တိုင်ပေမြို့တော်ရှိ သမ္မတရုံးအဆောက်အအုံမှ အခမ်းအနားတခုတွင် ပြောကြားသည်။

သူမသည် ထိုင်ဝမ်ကျွန်းမှ တရားဝင်အသိအမှတ်ပြုထားသော ဒေသခံမျိုးနွယ်စု ၁၆ စု၏ ကိုယ်စားလှယ်များရှေ့တွင် ထိုင်ဝမ်ဒေသခံပြည်သူများနေ့၌ ယခုကဲ့သို့ မိန့်ခွန်း ပြောကြားသွားသည်။

အတိတ်မှ ပြဿနာများကို ဖြေရှင်းရန် “တရားမျှတမှုနှင့် သမိုင်းအမှန်တရားကော်မရှင်”တခုကို ထူထောင်မည်ဟုလည်း သူမက ဆိုသည်။

ထိုင်ဝမ်ကျွန်းသည် ဒတ်ချ်နယ်ချဲ့က ကိုလိုနီပြုခံရပြီး တရုတ်အလုပ်သမား အများအပြားကို တင်သွင်း လာသည့် ၁၇ ရာစုနှစ်လယ် မတ်ိုင်မီကပင် မျိုးနွယ်စု အများအပြားတို့ နှစ်ထောင်ချီ အခြေချ နေထိုင်ကြသော နေရာဖြစ်သည်။

ဒတ်ချ်တို့ကို တရုတ်ပင်လယ်ဓားပြ ကိုရှင်ဂါက မောင်းထုတ်ခဲ့သည်။ ၎င်းနောက် မန်ချူး ရှင်မင်းဆက်က တရုတ်နိုင်ငံဒေသအများစုအပါအဝင် မန်ချူးသိမ်းပိုက်မှု တစိတ်တဒေသအဖြစ် ကိုရှင်ဂါကို ဆက်ခံသူများအား ချေမှုန်းလိုက်သည်။ ၁၈၈၅ ခုနှစ်တွင် ပြည်ပဖိအားကြောင့် ပြည်နယ်တခုဖြစ်လာချိန်အထိ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးမှ လျော့တိလျော့ရဲသာ အုပ်ချုပ်ပြီး ၁၈၉၅ ခုနှစ်တွင်မူ ဂျပန်၏ ကိုလိုနီဖြစ်လာသည်။

ဒုတိယကမ္ဘာစစ်အပြီး  ၁၉၄၉ ခုနှစ်တွင် မော်စီတုန်း၏ ကွန်မြူနစ်တပ်များက မောင်းထုတ်ခံရပြီး ထိုင်ဝမ်သို ့ရွှေ့ပြောင်းလာသော ချန်ကေရှိတ်၏ ကူမင်တန်များက ထိန်းချုပ်လာခဲ့သည်။

ထိုက်ယင်ဝမ်သည် ဇန်နဝါရီလ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး ယခုမိန့်ခွန်းသည် ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်အစိတ်အပိုင်းအဖြစ် တဖက်သတ်ကြေညာထားသော တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အပေါ် အရိပ်မဲကျစေသည်။ ထိုင်ဝမ်သည် ကိုလိုနီပြုခံမျှသာဖြစ်သည်ဟူသော သူမ၏ အမြင်သည် ထိုင်ဝမ်သည် အစဉ်ထာဝရ တရုတ်နိုင်ငံ၏ မွေးရာပါ အစိတ်အပိုင်းဖြစ်ပြီး နောက်ဆုံးတနေ့ လိုအပ်လျှင် အင်အားသုံး၍ဖြစ်စေ ပြန်လည်ပေါင်းစည်းရမည်ဆိုသည့် တရုတ်နိုင်ငံ၏ ကြေညာချက်နှင့် ပဋိပက္ခဖြစ်နေသည်။

ကိုးကား ။     ။ AP and agencies

Loading