သတင်း

မြန်မာကို တရုတ် နိုင်ငံက ဆက်လက် ထောက်ခံမည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ ဖိအားပေးမှုများစွာ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ က ပြောကြားသည်။

ထို့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက် ရောက်ရှိနေသော ဒုက္ခသည်များ ပြန်လည် လက်ခံနိုင် ရေး အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ တွေ့ဆုံ ဆွေးနွေးနိုင်ရေး ကောင်းမွန်သည့် ပတ်ဝန်းကျင်တခုကို ဖန်တီးပေးရန် လိုကြောင်းလည်း မစ္စတာ ဝမ်ယိက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီး ဌာနတွင် ပြုလုပ်သော ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ဝမ်ယိက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ထိန်းသိမ်းရေး အတွက် ထောက်ခံသွားမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

“တရုတ်ဘက်က ထင်မြင် ယူဆတာကတော့ ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းဖို့အတွက် အရေးကြီးတာကတော့ မြန်မာ နိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က၂နိုင်ငံ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှု အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီးဖို့ လိုပါတယ်”ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး က ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ ကော်မတီတွင် ရခိုင်ပြည်နယ် ဆိုင်ရာ လူ့အခွင့် အရေး အခြေအနေ မူကြမ်းကို အစ္စလမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) က တင်သွင်းခဲ့ရာ မြန်မာက ကန့်ကွက်ခဲ့ သော်လည်း မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ရာ နိုင်ငံတကာ ဖိအားများ တိုးလာခဲ့သော်လည်း တရုတ်နှင့် အာဆီယံနိုင်ငံ တချို့က မြန်မာဘက်က ရပ်တည်ပေးခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ တိုးတက်ရေး အတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ဆွေးနွေးခဲ့ကြာင်း၊ မြန်မာကို နိုင်ငံတကာ တွင် တရုတ်နိုင်ငံက ထောက်ခံရင်း မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကိုလည်း အတူတကွ ပူးပေါင်း လုပ်ကိုင် မည် ဖြစ်ကြောင်း တရုတ်က ဆိုသည်။

“တရုတ်နိုင်ငံက တရုတ်-မြန်မာ၂ နိုင်ငံ နယ်နိမိတ် ဖြတ်ကျော်ပြီး မန္တလေးရောက်မယ်။ မန္တလေးရောက်ပြီးတော့ အရှေ့ပိုင်း ကျတော့ ရန်ကုန်ရောက်မယ်။ နောက်ပိုင်းကျတော့ ကျောက်ဖြူအထိ ရောက်မယ်။ အပိုင်း ၃ ပိုင်းနဲ့ အကောင်အထည် ဖော်လာပြီးတော့ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မယ့် သက်ဆိုင်ရာ စီမံကိန်းတွေကို ပိုမို အကျိုး သက်ရောက် အောင် အကောင်အထည် ဖော်နေပါတယ်”ဟု မစ္စတာ ဝမ်ယိက ပြောသည်။

တရုတ်က မြန်မာနိုင်ငံကို အချက် ၃ ချက် အကြံပြုခဲ့ရာ ရခိုင်ဒေသတွင် အပစ်အခတ် ရပ်စဲရေးနှင့် တည်ငြိမ် အေးချမ်းမှု ပြန်လည် ထိန်းသိမ်းရန်၊ ဒုက္ခသည် ပြန်လည် လက်ခံရေး စာချုပ်ကို အမြန်ဆုံး ပြန်လည် ချုပ်ဆိုရန်နှင့် ပဋိပက္ခ ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သော ဆင်းရဲနွမ်းပါးနေသည့် ရခိုင်ဒေသကို တရုတ်က ကူညီရန်တို့ ဖြစ်ကြောင်း သိရသည်။

ထိုအကြံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း ပေးခဲ့သည်ဟု ဆိုသည်။

ပိုးလမ်းမကြီး စီမံကိန်းသာမက ၂နိုင်ငံ အကျိုးရှိမည့် ကိစ္စရပ်များ အကုန်လုံး ပူးပေါင်း ဆောင်ရွက်ရေးကို ၂နိုင်ငံ အကျိုး အတွက် မြန်မာနိုင်ငံက လိုလားကြောင်း၊ စီးပွားရေးဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် တရုတ်နိုင်ငံ နှင့် မြန်မာ ပြည်သူတို့၏ ခိုင်မာလာသည့် မိတ်ဆွေဖြစ်ရေးပင် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံ ၂ခုကြားထဲမှာ အဓိက တိုးတက်လာတာကတော့ ပိုပြီးနားလည်မှု ရှိလာတာပဲ ဖြစ်ပါတယ်။ ဒီလိုနားလည်မှု ရှိတယ် ဆိုရင် ဘယ်လို ပြဿနာတွေကိုပဲ အတူရင်ဆိုင်ရ ရင်ဆိုင်ရ ဖြေရှင်းနိုင်မှာ ဖြစ်လို့ ဒါဟာ အရေးကြီးဆုံး တိုးတက်မှုပဲ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း တရုတ်က သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ် ကိစ္စသည် အလွန်ရှုပ်ထွေးသည်ဟု တရုတ်က ထင်ကြောင်း၊ တရုတ်၏ အကြံပြုချက်ကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံစလုံးက လက်ခံလိ့မ်မည်ဟု မျှောင်လင့်ကြောင်း၊ ရခိုင်ဒေသ တည်ငြိမ်လာပါက မြန်မာသည် ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ကြောင်းလည်း တရုတ် က ပြောသည်။

“မြန်မာနိုင်ငံရဲ့အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးကို လေးစား တန်ဖိုး ထားပါတယ်။ ပင်လုံစိတ်ဓာတ် အောက်မှာ အစိုးရကနေပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကောင်းကောင်း မွန်မွန် တွေ့ဆုံ ဆွေးနွေးဖို့ မျှော်လင့်ပါတယ်”ဟု မစ္စတာ ဝမ်ယိက ပြောဆိုသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း တရုတ်-မြန်မာ ၂နိုင်ငံသည် ကံကြမ္မာတခုတည်းရှိ၍ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုပြီး မြန်မြန် သွားပေးရန် မျှော်လင့်ကြောင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ကြား အရေးကြီးသည့် နိုင်ငံရေး သဘောတူညီချက်များ ရရှိလာရန်လည်း မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း အခြေအနေများ ထိန်းသိမ်း နိုင်ရေး အတွက်၂နိုင်ငံ နိုင်ငံခြားရေး၊ ကာကွယ်ရေး ဝန်ကြီးဌာနချင်း ဆွေးနွေးမှုများကို ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက လိုအပ်ချက် ဖြစ်သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးတို့ အတွက် ကြိုးပမ်းရာတွင် အိမ်နီးချင်း နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင် ကူညီမှုသည် အင်မတန် အရေးပါကြောင်း၊ ယခုကိစ္စများကို သေချာ ဆွေးနွေး၍ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေး သာမက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပါ အမြန်ဆုံး အထောက်အကူ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ကျမတို့ အိမ်နီးနားချင်းတွေ အဖြစ် အမြဲပဲချစ်နေရမယ့် တရုတ်နဲ့ မြန်မာနိုင်ငံ ဟာလည်းပဲ အမြဲ တမ်းပဲ မိတ်ဆွေကောင်းတွေ ဖြစ်နိုင်ပါစေလို့ ကျမတို့အနေနဲ့ မျှော်လင့်ဆုတောင်းပါတယ်”ဟုလည်း ပြောဆို ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading