၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုံးခင်း၊ ဖားကန့်မှော်နယ်မြေတို့တွင် ကျောက်တူးဖော်ခွင့်ရ ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ (Corporate Social Responsibility -CSR) ပြန်လည် ဆောင်ရွက်ပေးခြင်းမှာ သိသိသာသာလျော့နည်းသွားကြောင်း ယခုလဆန်း၌ ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
CSR မှာသယံဇာတထွက်ရှိရာ မှော်ဒေသ၌ အစိုးရနှင့်လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများမှ တူးဖော်ရေးလုပ်ငန်းများကြောင့် ပျက်စီးသွားသော သဘာဝ ပတ်ဝန်းကျင်နှင့် ထိခိုက်သွားသော ဒေသခံများ၏ လူမှုဘဝများကို ပြန်လည်ကုစားကာ အထောက်အပံ့ ပေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဖန်တီးပေးခြင်း စသည့်ကိစ္စများကို လုပ်ဆောင်ပေးခြင်းကို ဆိုလိုသည်။
မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးကျော်ဦးလွင် က “လုပ်ကွက်တွေက သက်တမ်း ထပ်တိုးမပေးတော့ သက်တမ်းရှိတဲ့ လုပ်ကွက်တွေ နည်းသွားသလို ထုတ်လုပ်မှုလည်း လျော့သွားတဲ့အတွက် ဒေသဖွံ့ဖြိုးရေးဘက်မှာ သုံးတဲ့ပမာဏနည်းသွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဧရာဝတီကိုပြောသည်။
မေလဆန်းပိုင်း၌ ပြည်ထောင်စုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝက်ဆိုက်တွင် ကချင်ပြည်နယ်ရှိ ဖားကန့် အပါအဝင် ကျောက်စိမ်းမှော်နယ်မြေများရှိ လုပ်ပိုင်ခွင့်ရ ကျောက်ကုမ္ပဏီများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေအား ဘဏ္ဍာရေး ၄ နှစ်စာ စာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မှော်နယ်မြေများတွင် ကျောက်ကုမ္ပဏီများ က ဆောင်ရွက်ခဲ့သော CSR လုပ်ငန်းများမှာ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးနှင့် လူမှုရေးတို့တွင် ဖြစ်ပြီး ကုန်ကျစရိတ် စုစုပေါင်း ကျပ် သိန်းပေါင်း ၁ သိန်း ၄ သောင်းကျော် ရှိကြောင်းပါရှိသည်။
ယင်းအနက် လုံးခင်း၊ ဖားကန့်မှော်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း CSR လုပ်ငန်းများအတွက် ကျောက် ကုမ္ပဏီများ က ငွေကျပ် သိန်း ၈ ထောင်ကျော် သုံးစွဲခဲ့သော်လည်း ပြီးခဲ့သောဘဏ္ဍာနှစ် ၃ နှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ပမာဏအနည်းဆုံး ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်သည် အများဆုံးဖြစ်ကာ ငွေကျပ်သိန်းပေါင်း ၁ သိန်းကျော် သုံးစွဲထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လုံးခင်း၊ ဖားကန့်မှော်နယ်မြေရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် သိန်း ၁ သောင်း ၃ ထောင်ကျော်နှင့် ၂၀၁၆-၁၇ တွင် ငွေကျပ် သိန်း ၁ သောင်း ၈ ထောင်ကျော် ကျောက်မျက် ကုမ္ပဏီများက အသုံး ပြုခဲ့ကြောင်း သိရသည်။
သု့ိသော် သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပြုန်းတီးနေသည့် ဖားကန့်နှင့် ဥရုချောင်းအတွက် ကုမ္ပဏီများ၏ CSR လုပ်ဆောင်ချက် မရှိသေးသည်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောက်စိမ်း၊ ကျောက်မျက် ကဏ္ဍကို စီမံခန့်ခွဲရသည့် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (မကလ) မှ ကျောက်တူး ဖော်ခွင့်ရ ကုမ္ပဏီများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မည်သို့ပြန်လည် ဆောင်ရွက်ပေးရမည်ဟု လမ်းညွှန်ချက် အတိအကျ ချမှတ်ထားခြင်းမရှိကြောင်း ဖားကန့်ရှိ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးလှစိုးဦး က ဧရာဝတီသို့ ပြောသည်။
ကျောက်စိမ်းကဏ္ဍ၌ CSR လုပ်ငန်းအတွက် သုံးစွဲသော ငွေကြေးသည် ရေနံ၊ သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် နှိုင်းယှဉ်မည်ဆိုပါက အလွန် နည်းပါးသေးကြောင်းနှင့် ကျောက်မျက်ကုမ္ပဏီ အများစုမှာ လက်ရှိချိန် အထိ ဘတ်ဂျတ်သီးသန့် သတ်မှတ်ကာ ဆောင်ရွက်ခြင်း မရှိကြောင်းလည်း သဘာဝ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှု အကြံပေးအဖွဲ့ (NRGI) မှ ဦးဟွန်ဆနာ က ဧရာဝတီကိုပြောသည်။
ဦးဟွန်ဆနာ က “အခုပုံစံအတိုင်းကတော့ ဖားကန့်မှာ CSR ကမလုပ်ဘူးလို့တောင် ပြောလို့ရပါတယ်။ အရေးပေါ်ဖြစ်မှ အလှူငွေ ကောက်သလို ပိုက်ဆံစုပြီး ထလုပ်လိုက်တဲ့ ပုံစံဖြစ်နေတယ်။ အမှန်တကယ် ကုစားဖို့ဆိုရင် တူးဖော်ရေး ကွင်းဆက်ကြီး တခုလုံးကို လုပ်မှသာရပါမယ်။ မဟုတ်ရင်တော့ အနာတွေအများကြီးကို ပလာစတာလေးတခုနဲ့ လိုက်ကပ်နေသလို ဖြစ်နေမယ်” ဟု ဆိုသည်။
ဖားကန့် ဒေသခံတဦးဖြစ်သည့် ဦးရွှေသိန်း က “ဥပဒေမဲ့ ကျောက်တူးတဲ့ ကုမ္ပဏီတွေက အချိန်တိုအတွင်း ဒီဒေသကို ကန္တရဖြစ်အောင် လုပ်လိုက်ပေမယ့် သူတို့သာ ဒေသကောင်းကျိုး ပြန်လုပ်ပေးချင်စိတ် အမှန်ရှိရင် အိုအေစစ်လည်း ဖြစ်လာနိုင်ပါတယ်။ အခုတော့ ထီပေါက်လို့ ပိုက်ဆံရှိတဲ့ အချိန် ထပြီးလုပ်ပေးသလိုပါပဲ။ ဘာမှစနစ်တကျမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် နှစ်များက ဖားကန့်၊ လုံးခင်း မှော်ဒေသတွင် သောက်သုံးရေ ရှားပါးလာခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကြောင့် မိုးရာသီ၌ ရေကြီးခြင်း၊ ရာသီဥတု မမှန်ခြင်းတို့အား သိသိသာသာ ကြုံလာရပြီး ဒေသခံများ အတွက်လည်း အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်းတို့ ကြုံနေရကြောင်း သိရသည်။
ကုမ္ပဏီများအနေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဒေသခံများ အတွက် အမှန်တကယ် လိုအပ်ချက်များကို စီမံချက်ဖြင့် ဆောင်ရွက်ပေးသင့်ပြီ ဖြစ်ကြောင်း ဒေသခံတချို့က ဆိုသည်။