တပ်မတော်မှ အမှုဖွင့် တရားစွဲဆိုခံရပြီး အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားခံရသူ ရုပ်ရှင် ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးကို အမြန် ပြန်လွှတ်ရန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ စုပေါင်းပြီး တောင်းဆိုလိုက်သည်။
“ကမ္ဘာတဝန်းရှိ ရုပ်ရှင်ရိုက်ကူးသူများ၊ ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူများ၊ ပွဲတော်များနှင့် အဖွဲ့အစည်းများဖြစ်သော ကျနော်တို့သည် ကျနော်တို့၏ လုပ်ဖော်ကိုင်ဘက် မင်းထင်ကိုကိုကြီးကို လတ်တလော ထိန်းသိမ်းခံထားကြောင်း ကြားသိရသဖြင့် အံ့အားသင့်ကြကြောင်း ထုတ်ဖော်ပြောဆိုလိုပြီး သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုပါသည်” ဟု ဧပြီလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် နယ်သာလန်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ချက်၊ လစ်သူယေးနီးယား၊ တောင်အာဖရိက၊ အီတလီ၊ နော်ဝေ၊ ပိုလန်၊ ဟန်ဂေရီတို့မှ ရုပ်ရှင်ပွဲတော်နှင့် ရုပ်ရှင်အသင်းအဖွဲ့များ လက်မှတ်ရေးထိုးထားကြသည်။
ထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာနှင့်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဦးမင်းထင်ကိုကိုကြီးကို တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေမှုဖြင့် တပ်မတော်အရာရှိတဦးက တရားစွဲဆိုခဲ့ရာ ၎င်း၏အာမခံလျှောက်ထားမှု ပယ်ချခံရပြီး အင်းစိန်ထောင်သို့ သောကြာနေ့နံနက်ပိုင်းတွင် ပို့ဆောင်လိုက်သည်။
လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် စီစဉ်ခဲ့သူ မင်းထင်ကိုကိုကြီးသည် တပမ်တော်အပေါ် ပြင်းထန်စွာဝေဖန်မှုများ ရှိခဲ့သည်။ ၎င်းသည် ဒီမိုကရေစီနည်းလမ်းမကျဘဲ တပ်မတော်က ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ခြင်းတို့အပေါ် ဝေဖန်ထားသည့် ပို့စ်များကို ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်သို့ ဆက်တိုက်ရေးတင်ခဲ့သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ၎င်းဒါရိုက်တာကို မတ်လအကန်ပိုင်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုရေးဖွင့်၍ တရားစွဲဆိုခဲ့သည်။ ရက်အတန်ကြာပြီးနောက် အဆိုပါတပ်မတော်အရာရှိက ဦးမင်းထင်ကိုကိုကြီးကို အာမခံပေး၍မရသော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ဒုတိယအကြိမ် ထပ်မံစွဲဆိုခဲ့သည်။
ဦးမင်းထင်ကိုကိုကြီသည် လွန်ခဲ့သော ၃ လခန့်ကပင် အသည်းကင်ဆာဝေဒနာကြောင့် အသည်းခွဲစိတ်ကုသမှုခံယူထားရသောကြောင့် အာမခံလျှောက်ထားခွင့် တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ဘဲ အင်းစိန်ထောင်သို့ ပို့ခံရသည်။
ရုပ်ရှင်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင်လည်း လူသားချင်းစာနာသော အနေဖြင့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အာမခံပေးရန် တောင်းဆိုထားသည်။
“ကျမ မြင်တာကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေ၊ နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန် ချက်ရဲ့ရည်ရွယ်ချက်က ကင်ဆာရောဂါဝေဒနာရှိနေတဲ့ သူတယောက်ကို ၊ဆေးဝါးကုသမှုပေးဖို့ လိုအပ်နေတဲ့ လူတယောက်ကို အာမခံပေးနိုင်တဲ့ အခွင့်အရေး ရသင့်တယ်။ တခြားတချို့နိုင်ငံရေး အမှုတွေနဲ့ပတ်သက်ပြီး အာမခံရတာတွေလည်း ရှိတယ်။ လူသားချင်းစာနာမှုအပေါ်အခြေခံပြီး ကျန်းမာရေးအာမခံရသင့်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ယူဆတယ်။ ဒါကြောင့် လူသားချင်းစာနာမှုရှူဒေါင့်ကနေပြီးတော့ လူ့အခွင့်အရေးပေးသင့်တယ်။ အာမခံပေးသင့်တယ်လို့ တောင်းဆိုတာဖြစ်တယ်” ဟု လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် စီစဉ်ခဲ့သူ နောက်တဦးဖြစ်သည့် စာရေးဆရာမ ဒေါ်မွန်မွန်မြတ်က ဧရာဝတီသို့ ပြောသည်။
နောက်ထပ် ရုံးချိန်းကို ဧပြီလ ၂၅ ရက်တွင် စစ်ဆေးကြားနာရန်ရှိသည်။