သဘင်ကို ပစ်ပယ်ထားတယ်လို့ ခံစားရတဲ့ပန်ထွာဧကရီ (သို့မဟုတ်) လမင်းတရာ ပန်တျာဒေါ်ဌေးဌေးမြင့်နှင့် တွေ့ဆုံခြင်း

သန်းနိုင်ဦး
ပန်တျာ ဒေါ်ဌေးဌေးမြင့် အငြိမ့် ဖျော်ဖြေစဉ်က ဓာတ်ပုံများ
Want create site? Find Free WordPress Themes and plugins.

မန္တလေးက သဘင်သုခုမမှာ ဝါသနာဘာဂီဆက်တိုင်း မှီခဲ့ကြတယ်။ သဘင်သည်တွေသာမက အရပ်သူတွေ သည်ပင် “ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ဤလေးချက်။ မပျက်စေရ သုခုမ” ရယ်လို့ ဆိုရလောက်အောင် ဝါဂီနစ်ဘက်မှာ ထူးချွန်ကြတယ်။ အငြိမ့်သဘင် ရွှေခေတ်ကို ထူထောင်နိုင်ခဲ့ကြပြီး ပွဲကြည့်ပရိတ်သတ်နဲ့ ပွဲရှင် အပေးအယူ မျှလို့ သဟဇာတဖြစ်ခဲ့ကြတယ်။ သဘင့်တက္ကသိုလ်လို့ တင်စားခဲ့ရတဲ့ ဒီနေ့ခေတ် မန္တလေးမှာ စုစုပေါင်း အငြိမ့်(၃) ငြိမ့်သာ ရပ်တည်နေပါတော့တယ်။

လက်ရှိ မန္တလေးအငြိမ့်သဘင်ရဲ့ရေစီးက ဘယ်လို ရှိနေပါသလဲ။ ဘယ်ကို ရွေ့နေသလဲ။ အားကောင်းမောင်းသန် ရှိခဲ့တဲ့အငြိမ့်သဘင်တွေ ဘာကြောင့် ကျဆုံးခဲ့ရတာလဲ။ ဆယ်ကျော်သက် အရွယ်မှာ ပန်တျာကျောင်းတက်ခဲ့သူ။ ကျောင်းဆင်း ဆင်းချင်း ရှေ့ထွက်မင်းသမီး ဖြစ်ခဲ့သူ။

ကိုယ်ပိုင်အငြိမ့်ထောင်ခဲ့ပြီး အော်ပရာတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့သူ လမင်းတရာ ပန်တျာဒေါ်ဌေးဌေးမြင့်ကိုမေးမြန်းဖို့ သူ နေထိုင်ရာ မန္တလေးမြို့မဟာမုနိ (ဘုရားကြီး) မြောက်မုဒ်နေအိမ်မှာ သွားရောက်တွေ့ဆုံပါတယ်။ ကျနော်သူတို့ အိမ်ရောက်ရှိချိန်မှာ ဆရာမ ဒေါ်ဌေးဌေးမြင့်က ပေါ့ပေါ့ပါးပါး အိမ်နေရင်းဝတ်စုံနဲ့ သက်သောင့်သက်သာ ဧည့်ခန်းထဲ မှာ အနားယူနေချိန်ဖြစ်ပါတယ်။

ပန်တျာဒေါ်ဌေးဌေးမြင့်ရဲ့နေအိမ်က ရိုးရိုးရှင်းရှင်းပါပဲ။ အိမ်ရှေ့မှာ လမင်းတရာဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ဆွဲထားပြီး ဧည့် ခန်းအတွင်းမှာ သစ်သားဆက်တီခုံတွေ စီစီရီရီ ချထားတယ်။ အိမ်မကြီးအတွင်းဝင်တဲ့ တံခါးပေါက်အပေါ်မှာ အငြိမ့်မင်း သမီး ပန်တျာဒေါ်ဌေးဌေးမြင့် ဓာတ်ပုံနဲ့ သူ့ခင်ပွန်း ဒါရိုက်တာ မောင်မြတ်မှိုင်း ဓာတ်ပုံတွေကို ဘောင်နဲ့ ချိတ်ဆွဲထားတယ်။ လမင်းတရာ အိမ်ဧည့်ခန်းအတွင်းမှာ ထိုင်ရင်း ပန်တျာဒေါ်ဌေးဌေးမြင့်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက အချို့ကို ကောက် နှုတ် ဖော်ပြလိုက်ပါတယ်။

ပန်တျာ ဒေါ်ဌေးဌေးမြင့် အငြိမ့် ဖျော်ဖြေစဉ်က ဓာတ်ပုံများ

မေး ။ ။ လက်ရှိ သဘင်ရေစီးကြောင်းကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။

ဖြေ ။ ။ရုပ်ရှင်နဲ့ ဂီတကိုပဲ အာရုံစိုက်နေကြတယ်။ သဘင်ကို ပစ်ပယ်ထားတယ်လို့ ခံစားရတယ်။ ပန်တျာကျောင်းတွေက ပညာရှင်တွေကို တူတူတန်တန် နေရာပေးစေချင်တယ်။ လက်ရှိအချိန်မှာ ပြင်ပပညာရှင်တွေ ရှိနေသေးတယ်။ သူတို့ကို တူ တူတန်တန် ပညာကြေးပေးပြီး ခေါ်သုံးစေချင်တယ်။ ဘာမှမပေးဘဲ ခိုင်းရင် တခါက နှစ်ခါ ဘယ်သူကမှ လုပ်ပေးချင်မှာ မ ဟုတ်ဘူး။

မေး ။ ။ မန္တလေး အငြိမ့်ရွှေခေတ်ရယ်လို့ ခေတ်တခေတ် ထူထောင်ခဲ့ပြီးမှ ဘာကြောင့် ကျဆုံးခဲ့ရတာပါလဲ။ ဆရာမ ကိုယ် တိုင် ဖြတ်သန်းခဲ့တဲ့ အငြိမ့်ရွှေခေတ်ကို ပြောပြပေးပါ။

ဖြေ ။ ။ အငြိမ့်ရွှေခေတ်လို့ သက်မှတ်မယ်ဆိုရင် ၁၉၇၀-၁၉၈၀ ကာလကို သတ်မှတ်ရမယ်ထင်ပါတယ်။ အငြိမ့်တွေ ၄၀ ကျော်အထိ မန္တလေးမှာ ရှိခဲ့တယ်။ မန္တလေး လမ်း ၈၀ (တာရဲတန်း) တလျှောက်မှာ အငြိမ့်ပိုစတာတွေ ဆက်နေတာပေါ့။ နာမည်ကြီးအငြိမ့်တွေရော နာမည်မကြီးသေးတဲ့ အငြိမ့်တွေရော ပြည့်နေတာပဲ။

မန္တလေးမှာ ဘုရားပွဲတွေက ဆက်နေတော့ အငြိမ့်ကြီးတွေ ပြည့်လို့ လျှံလာရင် အငြိမ့်သေးတွေ ငှားရတာပါပဲ။ အဲဒီတုန်း က မွေးနေ့၊ မင်္ဂလာဆောင်၊ အလှူ အောင်ပွဲ၊ ကထိန်ပွဲ၊ ဆိုင်ဖွင့်ပွဲ၊ ဘုရားပွဲ၊ ဘုရားထီးတင်၊ ကျောင်းရေစက်ချ၊ ဘုန်းကြီး ပျံ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့်ပွဲထည့်ကြတယ်။ တချို့နာမည်ကြီး အငြိမ့်တွေဆို ၁၊ ၂ ဆိုပြီး ပွဲချီတွေ စိပ်လွန်းလို့ နှစ်ငြိမ့် ခွဲရ တဲ့အထိ အငြိမ့်ရွှေခေတ် ဖြစ်ခဲ့ဘူးတယ်။ ကထိန်ရာသီမှာ ပွဲချီ ၄၀ အထိ ရခဲ့ဖူးတယ်။ ပွဲချီစိပ်ပြီး ပင်ပန်းလွန်းလို့ အငြိမ့် မင်းသမီးတွေ ငိုတာတောင် ကြုံခဲ့ကြရတယ်။

မေး ။ ။ အငြိမ့်သဘင် ဘာကြောင့် ကျဆုံးခဲ့ရတယ်လို့ ဆရာမထင်ပါသလဲ။

ဖြေ ။ ။ ၁၉၈၈ ခုနှစ် တပ်မတော် အာဏာသိမ်းယူလိုက်ချိန်မှာ ညမထွက်ရအမိန့် ထုတ်ခဲ့တာက စပြီး ကျဆုံးခဲ့ရတာပါပဲ။ အငြိမ့်တွေက နေ့ခင်းမှာပဲ ပွဲလက်ခံပြီး ကပြပေးရတော့တယ်။ အငြိမ့်ကြည့်တယ်ဆိုတာ နေ့ပိုင်းအလုပ်လုပ် ညပိုင်းအပန်း ဖြေတဲ့ သဘောနဲ့ကြည့်ကြတာ။ ညပိုင်း မကရတော့ပွဲငှားတွေက မငှားချင်ကြတော့ဘူး။ ပွဲမိန့်ခံရတယ်ဆိုတာလည်း အဲဒီ အချိန်က စလိုက်တာပါပဲ။ ဒီကြားထဲ ဘာမပျက်ရ ညာမပျက်ရဆိုပြီး ပွဲငှားတွေက ဝန်ခံကတိ လက်မှတ်တွေ ထိုးကြရ တယ်။

မေး ။ ။ ပွဲမိန့်ခံရတာက အငြိမ့်လောကမှာ ဘယ်လောက်ထိ ရိုက်ခတ်သွားသလဲ။

ဖြေ ။ ။ ပွဲမိန့်ခံ ရရုံတင်မကဘူး။ကျမတို့ အငြိမ့်က နိုင်ငံရေးသမား (ဒါရိုက်တာ မောင်မြတ်မှိုင်း) ထောင်ထားတဲ့ အငြိမ့် ဆိုတော့ ပိုငြိုးတာပေါ့။

နယ်ပွဲထွက်ဖို့ အိမ်ရှေ့ကားဆိုက်ပြီး ပစ္စည်းတွေ တင်ပြီးချိန် ဟိုနေ့က ပွဲမှာ ပြက်လုံးထုတ်သွားတာလာပြီး ဖြေရှင်းချက် ပေး ဖို့ လူရွှင်တော်တွေနဲ့ အငြိမ့်မင်းသမီးတွေ လာခေါ်တာလည်း ကြုံရတာပဲ။ ပွဲကနေစဉ်အတွင်း အသံဖမ်းပေးပါဦးဆိုပြီး ဖိ အားပေးတာတွေလည်း ရှိခဲ့တယ်။ အငြိမ့်က အခြားအနုပညာရှင်တွေနဲ့ မတူဘူး။ ပရိတ်သတ်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အနု ပညာ။ အဲဒီမှာ သဘင်သမားတွေနဲ့ ပရိတ်သတ်ထိတွေ့မှာကို စိုးရိမ်ပြီး နှိပ်ကွပ်လိုက်တာ။ အခုထိ နလန်မထူတော့တာပဲ။

မေး ။ ။ လမင်းတရာအငြိမ့်ကို ဘယ်တုန်းက နားလိုက်တာလဲ။

ဖြေ ။ ။ ၂၀၀၈ ခုနှစ်လောက်ကစပြီး နားလိုက်တာပါပဲ။ ပြန်လည်း မထောင်ချင်တော့ပါဘူး။ လုပ်ကိုင်စားရတာလည်း မ ကောင်းတော့ဘူး။ ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က လူတချို့က သဘင်နယ်ထဲဝင်လာကြတယ်။ ရုပ်ရှင်က လူတချို့ သဘင်နယ် မှာ လာပြီး လုပ်တဲ့အခါ ညစ်တီးညစ်ပတ် ပြက်လုံး ထုတ်တာတွေ ရှိတယ်။ ပရိတ်သတ်ကလည်း အိမ်ထဲမှာတင် ထိုင်ရာမ ထ ကြည့်လို့ရလာတယ်။

မေး ။ ။ တောင်လေးလုံးမှာ လုပ်တဲ့ လူထုဒေါ်အမာရဲ့မွေးနေ့ပွဲတွေမှာ ပရိတ်သတ်က ပါးစပ်ဆိုင်းတီးတဲ့အခါ ဆရာမ ကိုယ်တိုင် ကခဲ့တာတွေ ရှိတယ်။ အဲဒီအကြောင်း ပြောပြပါဦး။

ဖြေ ။ ။ မွေးနေ့မတိုင်မီမှာ ဒေါ်အမာဆုံးပြီဆိုပြီး ဆရာတော့် ကျောင်းကို တာဝန်အရ အမြဲစောင့်ကြည့်နေသူတွေက ကျောင်းလာပြီး အကြောင်းကြားတာရှိတယ်။ အဲဒီသတင်းကြားတော့ လူထုတိုက်ကို လိုက်လာပြီး သတင်းမေးတယ်။ ဆရာတော် စိတ်ပင်ပန်းသွားတယ်။ ဒေါ်အမာ ဆုံးတယ်ဆိုတာ သတင်းစာမှာလည်း နာရေးကြော်ငြာပါခဲ့တယ်။

လူထု ဒေါ်အမာတော့ မဟုတ်ဘူး။ အခြားမြို့က ဒေါ်အမာ။ သူတို့က လူထုဒေါ်အမာကို သေစေချင်ကြတာလေ။ ရန်ကုန်က မွေးနေ့ပွဲကို ရထားနဲ့လာကြတဲ့ ဆရာမဒေါ်ကလျာ၊ ဆရာ ဒေါက်တာသန်းထွန်း၊ ဆရာမ သန်းမြင့်အောင်၊ ဆရာလင်းယုန်မောင်မောင်တို့ ကျမအိမ်ကို အစောကြီး ရောက်ချလာကြတယ်။ ဒီမွေးနေ့ပွဲမှာ ကျမ ကပြဖို့ ဝိုင်းပြောကြတယ်။ တနည်းနည်းနဲ့တော့ ဖြစ်အောင်လုပ်မယ်ဆိုပြီး တာဝန်ခံလိုက်တယ်။

ဒေါ်ဒေါ် (လူထုဒေါ်အမာ)ကို တုံးကျော်ပြီဆိုပြီး လေဘာတီ မမြရင်ရဲ့တုံးကျော်မသီချင်း ဆိုဖြစ်သွားတာပါပဲ။ ကျမဆိုပြီး ကနေတုန်းမှာပဲ ဒေါ်ဒေါ်ကိုယ်တိုင် လက်ခုပ်တီးပြီး စည်းလိုက်ပေးခဲ့တယ်။ ပထမနှစ်မှာ ၂ ပုဒ်ဆိုတယ်။ ဒုတိယနှစ်မှာ ၂ ပုဒ်ဆိုခဲ့တယ်။ နောက်တော့လည်း တောင်လေးလုံးပွဲတွေမှာ အစဉ်အလာလို ဖြစ်သွားတော့တာပါပဲ။

မေး ။ ။ ဆရာမ ခင်ပွန်း(ဒါရိုက်တာ မောင်မြတ်မှိုင်း) နိုင်ငံရေးမှုနဲ့ ထောင်ကျချိန်မှာ ဘဝကို ဘယ်လို ရုန်းကန်ခဲ့ရပါသလဲ။

ဖြေ ။ ။ ၁၉၉၀ ခုနှစ်မှာ ကျမ ခင်ပွန်း နိုင်ငံရေးမှုနဲ့ ထောင်ကျခံရတယ်။ မြို့ပေါ်ပွဲတွေတော့ ကျမကိုယ်တိုင် လိုက်ပြီး ကြီး ကြပ်နိုင်ခဲ့တယ်။ နယ်ပွဲတွေတော့ မန်နေဂျာက ကြီးကြပ်ပေါ့။ ပွဲကလည်း အဲဒီအချိန်မှာ တအားကနေရတာ။ ပရိသတ် အပေါ်မှာထားတဲ့ မေတ္တာကြောင့်လည်း ပါမှာပေါ့။

ပန်တျာ ဒေါ်ဌေးဌေးမြင့် အငြိမ့် ဖျော်ဖြေစဉ်က ဓာတ်ပုံများ

မေး ။ ။ ဆရာမကိုယ်တိုင် အငြိမ့်စင်ပေါ်ကခဲ့တဲ့ အတွေ့အကြုံတွေ ပြောပြပေးပါဦး။

ဖြေ ။ ။ ကျမ အသက် ၁၃-၁၄ နှစ်လောက်မှာ ပန်တျာကျောင်းကို တက်တယ်။ ကျောင်းဆင်းတော့ အဖေက ကျမ လက် ဆွဲခေါ်ပြီး ပန်တျာကျောင်းက ဆရာမတွေဆီ လိုက်အပ်တယ်။ ဆရာမတွေကလည်း ကိုယ်ပိုင်အငြိမ့်တွေထောင်ထားကြ တာကိုး။ ဆရာမတို့ကျေးဇူးရှိပါတယ်။ ဆရာမတို့ သင်ပေးထားတဲ့ တပည့်လေး သုံးချင်သုံးပါဆိုပြီး လိုက်အပ်တယ်။ ဆရာ မတွေမှာလည်း သူတို့တပည့်တွေ ရှိတယ်ဆိုမှ အပြင်အငြိမ့်မှာ ရှေ့ထွက်မင်းသမီးအဖြစ်၂ နှစ်ကတယ်။

အဲဒါပြီးတော့ သစ်လွင် အငြိမ့်မှာ ခေါင်းဆောင်မင်းသမီးဖြစ်တော့တာပါပဲ။ ကျမတို့တုန်းက ရှေ့ထွက်မင်းသမီး ဝါရင့်လာရင် အလယ်ထွက် မင်းသမီးလုပ်ကြတယ်။ ပြီးမှ ခေါင်းဆောင်မင်းသမီးဖြစ်တာ။

ကျမက အလယ်ထွက် မင်းသမီးမဖြစ်ဘဲ ရှေ့ထွက်၂ နှစ်ကပြီး ခေါင်းဆောင်မင်းသမီး တန်းဖြစ်သွားတာ။ ကျမတို့လော ကက လူတွေက ပြောကြတယ်။ ဒီကောင်မလေး ကျတော့မယ်တဲ့။ ကျမ ကြိုးစားမှုကြောင့် မကျခဲ့ပါဘူး။

မေး ။ ။ ဆရာမကိုယ်တိုင်လည်း ပန်ထွာဧကရီအော်ပရာကို ပရိသတ် ရင်ထဲကျန်အောင် ကပြနိုင်ခဲ့တယ်။ အငြိမ့်တွေ မှာ အော်ပရာတွေ ဘယ်လို ပြိုင်ဆိုင်ခဲ့ကြသလဲ။

ဖြေ ။ ။ ပန်ထွာဧကရီက သစ်လွင်မှာ စင်တင်ခဲ့တဲ့ ဒါရိုက်တာ မောင်မြတ်မှိုင်းရဲ့အော်ပရာပါ။ အဲဒီအော်ပရာကြောင့်လည်း
ပန်တျာဌေးဌေးမြင့်ကို လူသိများစေခဲ့တယ်။ အတွေးသစ် အမြင်သစ်တွေ ပရိသတ်ကို ပေးနိုင်ခဲ့တယ်။ တခြား အငြိမ့် တွေကလည်း နာမည်ကြီးစာရေးဆရာတွေကို ရေးခိုင်းပြီး အပြိုင်အဆိုင် ကခဲ့ကြတယ်။

မေး ။ ။ မြို့မတူရိယာအသင်းနဲ့ အငြိမ့်ခန်းကခဲ့ကြတဲ့ အတွေ့အကြုံတွေ ပြောပြပါဦး။

ဖြေ ။ ။ ဈေးချိုတော် ရုံအဟောင်းကြီးမှာ ကထိန်ရာသီဆို နေ့ပွဲညပွဲ ကူးခဲ့ကြရတာ။ ကျမ မကဖူးတဲ့ရုံ မရှိဘူး။ ဈေးချို လည်းဖျက်လိုက်ရရော ကျမတို့လည်း ကဖို့ နေရာမရှိတော့ဘူး။

မေး ။ ။အငြိမ့်သဘင် တိုးတက်ဖို့ ဘာတွေ လိုအပ်မလဲ။

ဖြေ ။ ။ အစိုးရကိုယ်တိုင်က သဘင်ကို မြှင့်တင်ပေးဖို့လိုပါတယ်။သူတို့က မြှင့်တင်ပေးမှ ပရိသတ်က ပါလာမှာ။ သ ဘင်ပညာသည်တွေက နဂိုကမှ အတတ်ပညာနည်းရတဲ့အထဲ ဖိနှိပ်တော့ အသိပညာပါနည်းပြီး ချွတ်ခြုံကြလာရော။

ကျမ သူများနိုင်ငံတွေရောက်တော့ သူတို့ဆီက အော်ပရာကို သွားကြည့်ပြီး ရင်နာခဲ့ရတယ်။ ရေခဲတောင်ကြီး နောက်ခံ ထားပြီး လူ ၃၀၀ လောက်က ကပြဖျော်ဖြေနေကြတဲ့ထဲမှာ မြင်းတွေပါ စီးပြလိုက်သေးတာ။ အသံစနစ်တွေ မီးအလင်း အမှောင်စနစ်တွေ ကျမတို့ဆီကနဲ့ ဘာမှ မဆိုင်တော့ဘူး။

မေး ။ ။ အငြိမ့်သဘင်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောစရာရှိပါသေးလဲ ဆရာမ။

ဖြေ ။ ။ ဒီခေတ်ကလေးတွေ ဆို ငို ပြောတွေ လေ့လာစေချင်တယ်။ အရင်က ပညာရှင်ကြီးတွေဆီမှာ လေ့လာဆည်းပူး ကြပါ။ ယဉ်ကျေးမှုတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြရင် ကောင်းမယ်။ အစဉ်အလာဟောင်းတွေကို တွယ်ဖက်ထား ဖို့ ပြောနေတာမဟုတ်ဘူး။ ဒီနေ့ခေတ်မှာ စတိတ်ရှိုး မပါရင် မရတော့ဘူး။ အဲဒါ ဘယ်လို လုပ်ကြမလဲ။ တီထွင်ကြံဆကြစေ ချင်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading