မကြာသေးခင်မှာ သဘင်အုပ်စုတစုက စစ်ကောင်စီအလိုကျ ကပြခဲ့လို့ ဖက်ခွက်စားလို့ အပြောခံရတယ်။ အခုအချိန်မှာ သွေးစွန်းနေတဲ့ စစ်အုပ်စုနဲ့ အရောတဝင် လုပ်သူမှန်သမျှ လူမိုက်အားပေး အလိုတူအလိုပါတွေ ဖြစ်လို့ ဖက်ခွက်စားဆိုပြီး နှိမ်ခေါ်ခံရတာ မလွန်ပါဘူး။
သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။ ဇာတ်လမ်းက မာမာအေးက စရပါလိမ့်မယ်။ နိုင်ငံကျော်အဆိုတော် မာမာအေးပါ။
နံပါတ်ဝမ်းကြီးလို့ တချိန်က တန်ခိုးထွားခဲ့တဲ့ ဦးနေဝင်းဟာ နိုင်ငံတော်အဆင့် ဧည့်သည်တချို့ မြန်မာပြည် လာလည်တဲ့အခါ သူ့အိမ်ကို တကူးတက ဖိတ်ခေါ်ပြီး ဧည့်ခံလေ့ရှိတယ်။
ကမ္ဘောဒီးယားနိုင်ငံက မင်းသားကြီး သီဟာနု၊ တရုတ်နိုင်ငံက ချုအင်လိုင်း စသူတို့ မြန်မာနိုင်ငံ လာလည်တဲ့အခါ ဦးနေဝင်းက သူ့အိမ်မှာ သီးသန့်ဧည့်ခံတယ်။ ဒီလို သီးသန့်ဧည့်ခံတဲ့အခါမျိုးမှာ ဆိုင်းဆရာ ဦးစိန်လှမောင်တို့ သားအဖနဲ့အတူ မာမာအေးက သီဆိုဖျော်ဖြေ ဧည့်ခံရတယ်။
ကမ္ဘောဒီးယားနိုင်ငံက မင်းသားကြီး သီဟာနု၊ တရုတ်နိုင်ငံက ချုအင်လိုင်း စသူတို့ မြန်မာနိုင်ငံ လာလည်တဲ့အခါ ဦးနေဝင်းက သူ့အိမ်မှာ သီးသန့်ဧည့်ခံတယ်။ ဒီလို သီးသန့်ဧည့်ခံတဲ့အခါမျိုးမှာ ဆိုင်းဆရာ ဦးစိန်လှမောင်တို့ သားအဖနဲ့အတူ မာမာအေးက သီဆိုဖျော်ဖြေ ဧည့်ခံရတယ်။
ဦးစိန်လှမောင်ဆိုတာက နိုင်ငံကျော်ဆိုင်း ဆရာစိန်ဗေဒါရဲ့ နောက်ဆုံးလက်ကျန် တပည့်ဖြစ်တာကြောင့် နံပါတ်ဝမ်းကြီးက အထူးအလေးပေးပါသတဲ့။ ဦးစိန်လှမောင်နဲ့ သမီးသုံးယောက်တို့ဟာ ဝါးပတ္တလား၊ စောင်း၊ စည်းဝါး၊ ခြောက်လုံးပတ်နဲ့ ထိုင်ဝိုင်းလေးတီးခတ်ပြီး ဖျော်ဖြေကြတယ်။
တခါတော့ ဦးနေဝင်းကို ဆေးကုပေးနေကျ အင်္ဂလန်က ဆရာဝန်တယောက်ကို ဧည့်ခံဖို့ဖြစ်လာတော့ ဦးစိန်လှမောင်ဝိုင်းနဲ့ မာမာအေးတို့ သွားရောက် ဖျော်ဖြေကြတယ်။ ထုံးစံအတိုင်း မဟာဂီတသီချင်းတွေ၊ ခေတ်ဟောင်းသီချင်းတွေနဲ့ သီဆိုဖျော်ဖြေကြတာပေါ့။
ဒီအချိန်မှာ ဦးနေဝင်းက မာမာအေးကို “ဖက်ခွက်စား” သီချင်း ဆိုခိုင်းပါသတဲ့။ မာမာအေးက ဖက်ခွက်စား သီချင်းဆိုတာကို ကြားတောင် မကြားဖူးဘူးလို့ ပြောတော့ ဦးနေဝင်းက “သောက်သုံးမကျတဲ့ ကောင်မလေး၊ ကိုယ့်လောကကို အကာအကွယ်ပေးတဲ့ ဖြေဆေးသီချင်းတောင် မသိဘူးလား” ဆိုပြီး ငေါက်ပါတယ်။
မာမာအေးက သူအဆူခံရတော့ မဒမ်သန်းအကြိုက် မန်ဒါလီသီချင်း ဆိုပြခဲ့ရတယ်။ ဖက်ခွက်စားသီချင်းကို မာမာအေး မကြားဖူးပေမယ့် သဘင်ဂီတသမားတွေကို နှိမ်ချင် ဖိချင် ကလော်ချင်တဲ့အခါ သုံးတတ်တယ်လို့တော့ မာမာအေး သိပါတယ်။
ဖက်ခွက်စားသီချင်း ရှာပုံတော်ဖွင့်ခဲ့တဲ့ မာမာအေးတယောက် မေးရင်းစမ်းရင်းနဲ့ တနေ့တော့ ဦးနေဝင်းနဲ့ တွေ့တယ်။ ဒီနေဝင်းက စာလည်းရေး၊ ရုပ်ရှင်ထဲလည်းပါတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါးတော်မြဲ ဗိုလ်ထွန်းလှ (ခေါ်) တက္ကသိုလ်နေဝင်းပါ။
ဖက်ခွက်စားသီချင်း ရှာပုံတော်ဖွင့်ခဲ့တဲ့ မာမာအေးတယောက် မေးရင်းစမ်းရင်းနဲ့ တနေ့တော့ ဦးနေဝင်းနဲ့ တွေ့တယ်။ ဒီနေဝင်းက စာလည်းရေး၊ ရုပ်ရှင်ထဲလည်းပါတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါးတော်မြဲ ဗိုလ်ထွန်းလှ (ခေါ်) တက္ကသိုလ်နေဝင်းပါ။
ဗိုလ်ထွန်းလှက “မိအေးရယ်၊ နင့်ဟာက ယောင်းမ ခါးထိုးရှာသလိုဖြစ်နေပြီ၊ အဲ့ဒါ ညည်းဆရာ ကိုဘသန်း ရေးတာလေ။ ငါတို့တတွေ တော်လှန်ရေးတုန်းက တရားပွဲတွေ နယ်ဆင်းလုပ်ကြတယ် မဟုတ်လား။ ကိုဘသန်းတို့၊ ကိုအုန်းဆိုင်တို့၊ ကိုစိမ်းမောင်တို့၊ စိန်ပါတီတို့ကလည်း ကြုံရင်ကြုံသလို တီးဝိုင်းနဲ့ လိုက်ခဲ့တာပေါ့။ ငါတို့ ရဲဘော်တွေရော သူတို့ရော တခါတလေ ထမင်းဖိုးတောင် ရှိတာမဟုတ်ဘူး။ ဒါနဲ့ ကိုဘသန်းက သီချင်းရေး၊ ဒီစာသားကို ကူးရောင်းကြပြီး ထမင်းစားခဲ့ရဖူးတယ်။ ဦးလေး စာအုပ်တခုထဲ ထည့်ရေးဖူးထင်ပါရဲ့” လို့ ပြောပါတယ်။
ဒါနဲ့ စောင်းဦးဘသန်းနဲ့ မာမာအေးတို့ ၁၉၇၇ ခုနှစ် ရန်ကုန်မှာ ဆုံကြတော့မှ ဖက်ခွက်စားသီချင်းကို ချပေးတယ်။ သီချင်းနာမည်အပြည့်အစုံက “ဖက်ခွက်စား ရှင်းတမ်း”။
“ရှင်ဘုရင်ရှိစဉ်တုန်းက ဖြစ်ပျက်ပုံကို ကျမ ပြောပြပါမည် … ဖက်ခွက်စားရဲ့အဓိပ္ပာယ် ရှင်းလင်းအောင် ဖြေဆိုပါမည် … (ဖက်ခွက်စားလို့ ဆိုတာကိုပင် ကျမ အနည်းငယ် ရှင်းပြပါတော့မည်) (၂ ကြိမ်ဆိုရန်) … ( ရှေးရှေးတုန်းကဆိုရင် ထီးဘုရင်များဟာ ပျင်းတော်မူတဲ့အခါ) (၂ ကြိမ်ဆိုရန်) … (သဘင်သည် ရွာစားများ၊ သဘင်သည် နယ်သားများ အသုံးခံရသည်) (၂ ကြိမ်ဆိုရန်) … တကယ်ပင် အမှုတော်ထမ်းလို့ နှစ်သက်ကာပင် စိတ်တော်ပျော်ရွှင်သည် … တို့ဗမာများရှေ့တော်သွင်းလို့ အတည် မြို့ရွာစား ပေးအပ်နှင်းတော့သည်။”
သီချင်း ဒုတိယအပိုဒ်ကစပြီး မာမာအေးရဲ့ “ပြောပြစရာတွလဲ တပုံကြီး” စာအုပ်ထဲကအတိုင်း ဖော်ပြပါမယ်။
“(တနေ့သော အခါသမယမှာ မှူးမတ်အပေါင်းနဲ့ ခညောင်းစုံညီ ပျော်ပွဲရွှင်ပွဲနဲ့အတည် အားလုံးပင် ဥယျာဉ်တော်ထွက်သည်) (၂ ကြိမ်ဆိုရန်) … (ထိုစဉ်ခါမိန့်တော်မူသည် … ပွဲတော်တည်မည် … ရွှေပန်းကန် ရွှေဇွန်းကို အလိုမရှိပြီ၊ ထူးတဲ့မြစိမ်းခွက်နှင့် တည်မည်) (၂ ကြိမ်ဆိုရန်) … အဲ့သည်အချိန်တွင် ကွမ်းတောင် ပန်းတောင် သဏ္ဌန်မျိုးလို လွန်စွာလှအောင်ပြုလုပ်ကာ ဆက်ရလေသည် … မြစိမ်းခွက်နှင့် ပွဲတော်တည်လေသည် …။”
သူ့အတွက် ငှက်ပျောရွက်နဲ့ ပုံဖော်ဖန်တီးထားတဲ့ ဖက်ပန်းကန် ခွက်ယောက်တွေ တီထွင်ပေးရပါတယ်တဲ့ရှင်။ ငှက်ပျောခွက်ဖြစ်ပေမယ့် ဘုရင်သုံးတော့ မြစိမ်းခွက် ပေါ့။”
“အဲ့ဒီဘုရင်ဟာ အတော် သဘင်ဂီတ ကြိုက်တော်မူတယ် ထင်ပါရဲ့။ နန်းထဲမှာတင် အားမရ။ နန်းတော်အပြင် ဥယျာဉ်ထွက် ပျော်ရေးဆက်တော့လည်း ဒီဝိုင်းတော်သားတွေ ပါကြတာကိုးရှင်။ စားချိန်သောက်ချိန်ရောက်တော့ ဘုရင်အသုံးအဆောင် ရွှေပန်းကန်၊ ရွှေဇွန်း သူတို့မယ် ရှိပါ့မလား။ ငှက်ပျောရွက် ဖားဖားကြီးတွေခူးပြီး ထမင်းတွေ ဟင်းတွေ ပုံပက်စားကြတော့ လွတ်လပ်ပျော်ရွှင် သူ့လက်ဝင် ကိုယ့်လက်ထွက် ရှက်တတ်မယ်လည်း မထင်ပါဘူးလေ။ အဲ့ဒါတွေ့တော့ ဘုရင်ကပါ မြိန်အောင်စားချင်လာမှာပါ။ ဒါကြောင့် သူ့အတွက် ငှက်ပျောရွက်နဲ့ ပုံဖော်ဖန်တီးထားတဲ့ ဖက်ပန်းကန် ခွက်ယောက်တွေ တီထွင်ပေးရပါတယ်တဲ့ရှင်။ ငှက်ပျောခွက်ဖြစ်ပေမယ့် ဘုရင်သုံးတော့ မြစိမ်းခွက် ပေါ့။”
(ဖက်ခွက်စား သံပြိုင်ပိုဒ်)
“စိမ်းစိမ်းညက်ညက် မြရည်လိမ်းတဲ့ ယိမ်းနွဲ့ဟန်ချီ ရွှေကိန္နရီလို နေခြည် ဘယ်မရောက် နှင်းရည်သာသောက်သည်၊ အံ့ဖွယ်ပေါတဲ့ ငှက်ပျောဖက်ကို လှပတင့်တယ် ရှုဖွယ်မငြီး အပြီးလုပ်ရလေသည်၊ အလွန်နှစ်သက်တဲ့ မြစိမ်းခွက်နဲ့ ပွဲတော်တည်လေသည် …။”
“ကြားတော်မူကြတဲ့အတိုင်းပေါ့ သောတရှင်တို့ရယ်၊ အဲ့ဒီလိုဘုရင် ထီးဘုရင် စားတော်ခေါ်ပြီးရင်လည်း အများကြီး လက်ကျန်ဟင်းတွေ ရှိဦးမှာကိုရှင့်။ အရင်ကတော့ မှူးကြီးမတ်ကြီများ ပေးသနားတော်မူခဲ့မှာပေါ့လေ။ အဲ့ဒီအခါကတော့တမျိုး၊ ဆိုင်းသားဝိုင်းသားတွေကိုပဲ ပေးတော်မူတာကိုး။”
(ဖက်ခွက်စား တပိုဒ်)
“အဲ့ဒီပွဲတော်ကျကို ရွှေနန်းရှင်ကိုယ်တော်တိုင်ပင် ယခုလို ဆိုင်းတော်များသာ စားစေတော်မူလေသည်။ ထိုစဉ်ခါ ပွဲတော်ကို ဝန်ကြီးများလည်း မကျွေးလေသည်။ အမတ်ကြီးများလည်း မပေးလေသည်။ ရွာစားကိုသာ တကယ်ကျွေးသည်၊ ရှင်းလင်းအောင် ထင်မှတ်စရာ သဘင်အတတ်ဟာ မြင့်မြတ်ပါပေသည် …။”
ဖက်ခွက်စားဆိုတာ ဂုဏ်နိမ့်စရာမဟုတ်ဘဲ သဘင်အတတ်ဟာ မြင့်မြတ်တယ်။ ဘုရင်နှစ်သက်လို့ သဘင်သည်တွေစားသလို ဖက်ခွက်နဲ့ ပျော်ရွှင်စွာ စားတယ်။ ဘုရင်ပြီးရင် သူတို့ဟာ အကောင်းဆုံး စားရတဲ့သူတွေပါလို့ ရှင်းလင်းချေပတဲ့ ဖက်ခွက်စားရှင်းတမ်း သီချင်းပါ။
အခု သဘင်အုပ်စုက စစ်ကောင်စီအလိုကျ အသုံးတော်ခံလိုက်တာကတော့ ပညာရှင်မာန မရှိကြလို့ပါ။
အခု သဘင်အုပ်စုက စစ်ကောင်စီအလိုကျ အသုံးတော်ခံလိုက်တာကတော့ ပညာရှင်မာန မရှိကြလို့ပါ။ ဥဒါဟရုဏ်ဆောင်စရာတခု ပြောပြပါမယ်။
အင်္ဂလိပ် ကိုလိုနီခေတ်ဦးကာလမှာ ရန်ကုန်မြို့ကို ရောက်နေတဲ့ အကြီးတော် ဦးသံမှို ဆိုသူ။ ရတနာပုံ မန္တလေးခေတ်တုန်းကတော့သူက မလွန်မင်းသားရဲ့အကြီးတော် ဆရာ။ ရန်ကုန်မှာကျတော့ မင်္ဂလာဆောင်မှာ ရတုသြဘာစာလေးရေး၊ အလှူအတန်းမှာ ကျောက်စာသံပိုင်းရေး၊ စာပုံနှိပ်တိုက်မှာ စာပြင်ဆရာလုပ်၊ ခေတ်ပေါ်ပြဇာတ် ရေးတဲ့အခါရေးနဲ့ ခဲခဲယဉ်းယဉ်း ထမင်းစားရတယ်။
ကိုလိုနီခေတ်မို့ အုပ်ချုပ်ရေးအာဏာပိုင် အင်္ဂလိပ်အရာရှိတွေ အာဏာကြီးသလို သူတို့ကိုမှီပြီး ချမ်းသာလာတဲ့ သူဌေးသူကြွယ်တွေကလည်း ဝင့်ကြွားလှတယ်။ တနေ့တော့ ဦးသံမှိုနဲ့တပည့်ဖြစ်သူ မောင်ဖိုးသိန်း (နောင် မှော်ပီဆရာသိန်း) တို့ အိမ်ရှေ့ထိုင်နေတုန်း ရထားလုံးတစင်းဆိုက်လာ။
လူရွယ်တယောက် ဆင်းလာပြီး ဦးသံမှိုရှေ့ရောက်တော့ “ပွဲစားကြီးက လွှတ်လိုက်ပါတယ်၊ ရေစက်ချဆုတောင်းစာ ကောင်းကောင်းရေးပေးလိုက်ပါတဲ့၊ ငွေ ၃၀ လည်း ပေးလိုက်ပါတယ်”
ဦးသံမှိုက “မင်း ပွဲစားပြောလိုက်၊ ငါ မအားဘူး၊ မရေးနိုင်ဘူး။”
အဲ့ဒီအချိန်မှာ သူ့အိမ်သုံးဖို့ ပိုက်ဆံ တကျပ်ခြောက်မူးသာ ရှိပေမယ့် ကောင်းကောင်းရေးပေးလိုက်ပါ ဆိုတဲ့ အာဏာသံပါလို့ ငွေသုံးဆယ်ကို ငြင်းပယ်လိုက်တယ်။
တပည့်ဖြစ်သူ မောင်ဖိုးသိန်းကိုလည်း ခုလို ဆုံးမစကားဆိုတယ်။
“ပညာရှိလုပ်မယ်ကြံရင် အနှိပ်သည်နှင့် မတူလေနှင့်။ သူတို့တွေ ငွေရှိတာကတမျိုး၊ ငါတို့မှာ ပါရမီအလျောက် ဆည်းပူးလာရတဲ့ ပါရမီဖြစ်တယ်။ ပညာအဖိုးတန်ပါလျက် ကိုယ်က အဖိုးမတန်အောင် အနှိပ်သည်ကဲ့သို့ ခိုင်းရာကို နှိပ်ပေးရလျှင် ပညာ၏ဂုဏ်ကို ဖျက်သည်မည်တယ်။”
You may also like these stories:
သီပေါမင်းကို ရည်းစားစာရေးပေးရသူ
မြို့မကိုပေါပြောတဲ့ မြို့မငြိမ်းနှင့် မြို့မ
ဦးသုခ ဒုက္ခရောက်ရတဲ့ ဂုဏ် ဂုဏ် ဂုဏ်