တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ပို့ကုန်/သွင်းကုန် ကိုယ်စား လှယ်၂၀ ကျော်ကို စက်တင်ဘာလ ၁၀ ရက်က လက်နက်ကိုင်များကို ဆက်ကြေးပေးသည်ဟု ဆိုကာဖမ်းသွားကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံက သိရသည်။
ဖမ်းဆီးခံရသူ ၂၃ ဦးအနက် ၁၉ ဦးကို စက်တင်ဘာလ ၁၁ ရက်က ခံဝန်ကတိနှင့် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၄ ဦးကိုမူ ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မူဆယ်နယ်စပ် ကုန်သည်တဦးက “အေးဂျင့် ၂၃ ဦးကို ၁၀ ရက်က ဖမ်းသွားတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတွေကို ဆက်ကြေး ပေးရတယ်။ ဒါကို သိသွားတဲ့အတွက် ဖမ်းလိုက်တာ။ တနင်္ဂနွေနေ့ မှာတော့ ၁၉ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ၄ ယောက်ကို ဆက်စစ်ဆေးနေတယ်” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထိုဖမ်းဆီးမှု ဖြစ်စဉ်များကြောင့် မူဆယ်ကုန်သွယ်ရေးဇုန်တွင် စက်တင်ဘာလ ၁၁ ရက်က အရောင်းအဝယ်များ ရပ်ဆိုင်း သွားခဲ့ပြီး ယမန်နေ့ ကုန်သွယ်ရေး ပြန်လည် စတင်နိုင်သည်မှာလည်း ဖမ်းထားသည့်အထဲမှ ၁၉ ဦးကို ခံဝန်နှင့် ပြန်လွှတ်ပေးခြင်းကြောင့်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ဒါက မပေးလို့ ဘယ်ရမလဲဗျ။ ကိုယ့်ရဲ့ လုံခြုံရေးလည်း ရှိသေးတယ်လေ။ ကားသမားက အစပေး ရတာ။ နီးရာဓားတော့ ကြောက်ရတာပဲလေ။ မပေးရင် စီးပွားရေး လုပ်စားလို့ မရဘူး။ ပြဿာနာ တခုမဟုတ် တခုတော့ ရှာမှာပဲ။ အခုလို ပေးလို့သာ ဖမ်းမယ်ဆိုရင် စီးပွားရေး မလုပ်ရုံပဲ ရှိတော့မယ်” ဟု ပြောဆိုသည်။
ကုန်သည်များအနေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအပြင် နယ်စပ်ဒေသဖြစ်သောကြောင့် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် ကချင်တပ်မတော် (KIA)၊ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုး တက်ရေးပါတီ (SSPP/SSA) အစရှိသည့် အဖွဲ့များကို ၆ လ တကြိမ်၊ တနှစ်တကြိမ် စသဖြင့် လုပ်ငန်းရှင်များ၊ ဈေးဆိုင်ပိုင် ရှင်များ၊ ကားသမားများ အားလုံးက အခကြေးငွေ ပေးကြရကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
မူဆယ်မြို့ လုပ်ငန်းရှင်တဦးကလည်း “ဆိုင်အသေးဆို ဘယ်လောက်၊ ဆိုင်အကြီးဆို ဘယ်လောက်၊ ရွှေဆိုင်ဆို ဘယ် လောက်၊ ကားတစီးဆို ဘယ်လောက်ဆိုပြီး နှုန်းထား အသီးသီးနဲ့ ပေးရတယ်။ ပြောရရင် ကွမ်းယာဆိုင်ကအစ ပေးရတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေ၊ အစိုးရ အရာရှိတွေဖြစ်တဲ့ အကောက်အခွန် အရာရှိတွေတောင် ကျနော်တို့ ပေးရတာပဲ မပေးလို့မှ မရတာ။ ဒီလိုသာ ဖမ်းရင် အခက်အခဲတွေ ရှိတယ်။ ဒီဒေသမှာ ဒါတွေနဲ့ ဆက်ဆံပြီး လုပ်နေရတာ။ တကယ် တမ်းဆို ကျနော်တို့လည်း မပေးချင်ဘူးလေ။ ဒါပေမယ့် ရမှ မရတာ” ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များကို အခွန်အခ မပေးပါက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ကားသမားများအတွက် လုံခြုံရေးကို စစ်ကောင်စီက တာဝန်ယူနိုင်မည်လည်း မဟုတ်ကြောင်း၊ ပေးဆောင်လျှင်လည်း စစ်ကောင်စီက ဖမ်းဆီး ပြန်သဖြင့် ကုန်သည်များသာမက ကုန်ကားသမားများအထိ အခက်တွေ့ရကြောင်း ကုန်သည်များက ပြောသည်။
ယခုအချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ လမ်းတလျှောက်တွင် ပေးဆောင်ရသည့် အခကြေးငွေမှာ မူဆယ် ကျင်စန်းကျော့ဂိတ်မှ မန္တလေးမြို့ အရောက် ကျပ်သိန်း ဆယ်ဂဏန်းဝန်းကျင်အထိ ကုန်ကျမှု ရှိကြောင်း သိရသည်။
စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း တရားမဝင် ပေးဆောင်ရသည့် အကောက်အခွန်များမှာ ယခင်ထက် ပို၍များလာ သည့်အပြင် ကောက်ခံမှုနှုန်းထားများမှာလည်း တိုးမြင့်လာသဖြင့် ကုန်သွယ်ရေးတွင် ဈေးနှုန်းများ ကြီးမြင့်လာကာ ကုန်ဈေးနှုန်းကြီးမှုကို ပြည်သူများ ပို၍ ခံစားလာရကြောင်း ကုန်သည်များက ဆိုသည်။
မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ဆန်၊ ဆန်ကွဲ၊ ရာဘာ အစရှိသည့် ကုန်စည်များ တင်ပို့သလို တရုတ်ဘက်မှ လည်း ဆောက်လုပ်ရေး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ စားကုန်သောက်ကုန် ပစ္စည်းများ ဝင်ရောက်လျက်ရှိပြီး တရက်လျှင် ကားအစီးရေ ၇၀ နှင့် ၈၀ ကြား ရှိကြောင်း သိရသည်။
ယခု ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၆၈ ဒသမ ၃၃၅ သန်း ရရှိထားကြောင်း စစ်ကောင်စီ၏ လက်အောက်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။
You may also like these stories:
အိန္ဒိယနယ်စပ်က မြန်မာမြို့များလည်း ကုန်စျေးနှုန်းဒဏ်ခံနေရ
ငွေဈေး အတက်အကျ များ၍ နယ်စပ်ကုန်သွယ်ရေးများ တန့်နေ