ရှမ်း-ကယား နယ်စပ်ရှိ မိုးဗြဲမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်များကို ကရင်နီမဟာမိတ် ပူးပေါင်းတပ်များက ပြောက်ကြားနည်းဖြင့် တန်ပြန်ထိုးစစ်ဆင်နေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က ပြောသည်။
၎င်းက “အခုလက်ရှိအနေအထားတော့ တော်လှန်ရေးဘက်ကနေ ပြောက်ကြားစစ်၊ ထိုးစစ်ပုံစံမျိုးတော့ လုပ်နေတယ်။ စစ်ကောင်စီဘက်က စစ်ဆင်ရေးလုပ်တဲ့ အနေအထားကတော့ မဖြစ်နိုင်ဘူး။ သူတို့မှာ လူအင်အားမရှိဘူး။ သူတို့ အခုထွက်နေတယ်ဆိုတာက မြို့လုံခြုံရေးတို့ လမ်းလုံခြုံရေးတို့ပဲ ထွက်နိုင်တယ်။ လမ်းဘေးနားမှာပဲ တိုက်ပွဲက ခပ်များများဖြစ်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်မှ စတင်ကာ အင်အား ၁၀၀ ကျော်ဖြင့် မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ကယားပြည်နယ်အခြေစိုက် ကရင်နီမဟာမိတ်တပ်များအကြား ထိတွေ့တိုက်ပွဲများစတင်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တိုင်အောင် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။
အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ (KNPP) အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က ဧရာဝတီသို့ မှတ်ချက်ပေးပြောကြား ခြင်းဖြစ်သည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်များကို ကရင်နီစစ်တပ် (KA)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း ၃၊ တပ်ရင်း ၁၁၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) အဖွဲ့အပါအဝင် မိုးဗြဲနှင့် ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ဝိုင်းပတ် တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီ ဘက်ကမူ ပဲခူးတိုင်းပြည်မြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၃ ရင်းအပါအဝင် ဖယ်ခုံအခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ မိုးဗြဲအခြေစိုက် တပ်များ ပါဝင်တိုက်ခိုက်နေကြောင်း ကရင်နီမဟာမိတ်တပ်များဘက်က ပြောသည်။
စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီတွင် မိုးဗြဲမြို့တောင်ဘက် ၃ ကီလိုမီတာအကွာရှိ ဝါရီဆူးပလိုင်ရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီမဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ တနေကုန်နီးပါး ကြာမြင့်ခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ (၃၀) ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း KNDF ဘက်ကထုတ်ပြန်ထားသည်။ ထိုအချက်အလက်နှင့် ပတ်သက်၍ ဧရာဝတီ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယင်းသို့ သေဆုံးမှုအပါအဝင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် MA-1 ရိုင်ဖယ် ၂ လက် ၊ MA -2 ရိုင်ဖယ် ၃လက် ၊ MA-3 ရိုင်ဖယ် (၄)လက် ၊ MG-3 စက်သေနတ် (၁)လက် နှင့် လက်နက်ကြီးကျည်များ၊ ခဲယမ်းနှင့် အသုံးအဆောင်များအား သိမ်းဆည်းရမိခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ခိုက်ခံရသော်လည်း စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့ထဲသို့ ဆက်လက်ချီတက်သွားပြီး မိုးဗြဲမြို့ပေါ် ပွဲကုန်း ၃ ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်း အခြေချ တပ်စွဲခဲ့သည်။
ညပိုင်းတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် မိုးဗြဲမြို့အတွင်း လူနေရပ်ကွက်များသို့ ပစ်ခတ်တိုက်ခိုက်သည်။ စက်တင်ဘာ ၉ ရက်နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပွဲကုန်း (၃) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းအတွင်း တပ်စွဲနေသော စစ်ကောင်စီတပ်များကို ကရင်နီမဟာမိတ်တပ်များက ဝိုင်းရံကာ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲသည်လည်း တနေကုန်နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်သည်။ ညနေ ၃ နာရီတွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ၂ စီး မိုးဗြဲမြို့ပေါ်သို့ ရောက်ရှိလာပြီး နာရီဝက်ကြာသည်အထိ ပစ်ခတ်ခြင်း ဗုံးကြဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNDF ဘက်က ဆိုသည်။
ယင်းတိုက်ပွဲတွင် ကရင်နီမဟာမိတ်တပ်များဘက်က ထိခိုက်ဒဏ်ရာရသူ အချို့ရှိပြီး စစ်ကောင်စီဘက်က သေဆုံးသူ ရှိနိုင်ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။ စက်တင်ဘာ ၉ ရက် တိုက်ပွဲတွင် မိုးဗြဲမြို့အတွင်း အရပ်သားများ ပိတ်မိနေခဲ့မှုရှိပြီး ကရင်နီတော်လှန်ရေးတပ်များက အရပ်သားများကို ကယ်ထုတ်ပေးခဲ့ရကြောင်း KNDF ထံမှသိရသည်။
ယင်းအပြင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် တဦး အသက်သေဆုံးသွားခဲ့သည်လည်း ရှိသည်။ စက်တင်ဘာ ၁၀ ရက်တွင်လည်း မိုးဗြဲမြို့ပွဲကုန်း ၃ ရပ်ကွက်တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင်မူ တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကြောင်း KNDF ထံမှသိရသည်။
စက်တင်ဘာ ၁၁ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ၂ စီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲ စစ်ကောင်စီတပ်ဘက်က ၂၀ ဦးသေဆုံးပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက“စိတ်မကောင်းစွာနဲ့ပဲ ကျနော်တို့တပ်ပေါင်းစုဘက်က ရဲဘော် ၂ ယောက် ကျဆုံးတယ်။ ၁ ယောက်ကတော့ ဖယ်ခုံ PDF က ဖြစ်တယ်။ နောက်တယောက်ကတော့ URF အဖွဲ့က ဖြစ်ပါတယ်။ ပြီးရင် ၃ ရက်ဆက်တိုက် သူတို့လေကြောင်း အသုံးပြုပြီးပစ်ခတ်တယ်။ တိုက်ပွဲစဖြစ်တဲ့နေ့ကနေ ၁၁ ရက်အထိက နေ့တိုင်းလိုလို စစ်ကောင်စီရဲ့ လွိုင်ကော် အခြေစိုက် တပ်တွေ ၊ မိုးဗြဲအခြေစိုက် ဖယ်ခုံအခြေစိုက်တပ်တွေကနေ အမြောက်တွေ လက်နက်ကြီးတွေ ၁၂၀ မမလို ဟာမျိုးတွေ နေ့စဉ်နီးပါးအလွန်အကျွံ ပစ်ခတ်တယ်ပေါ့။ အလွန်အကျွံဆိုတာက မိုးရွာသလိုပါပဲ” ဟု ဆိုသည်။
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေစဉ် ကယားပြည်နယ် လွိုင်ကော်နှင့် ဖရူဆိုမြို့နယ်တို့တွင်လည်း ထိတွေ့တိုက်ပွဲများ ရှိခဲ့ကြောင်း KNPP ထံမှသိရသည်။
KNPP အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က “တိုက်ပွဲကတော့ ဒီဘက်က ပြောက်ကျားတိုက်ခိုက်တာကြောင့်ပါ။ အဲဒီဘက်က လေယာဉ်နဲ့လည်း လာပစ်တယ်။ လွိုင်ကော်မြို့နဲ့ သိပ်မဝေးဘူး။ ဒီနေ့ ၁၀ နာရီလောက်မှာ ဖြစ်တာ။ ကျနော်တို့နဲ့ မနီးမဝေး နောင်ထောင်ဆို တာ အရင် ရလလဖ (ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့) ထိုင်ခဲ့တဲ့ နေရာပေါ့။ အဲဒီမှာတိုက်ပွဲဖြစ်တယ် လေယာဉ်နဲ့လည်း လာပစ်တယ်လို့ သတင်းရပါတယ်။ ရှမ်းတောင်ဘက်က PDF တွေနဲ့ ဖြစ်တာပေါ့။ ကျနော်တို့ဘက်က တော့ မနေ့အထိက ၃ ယောက်ကျတယ်။ ထိခိုက်ဒဏ်ရာရတာက ကျနော်တို့ K.A ကတော့ ၂ ယောက်ရှိတယ်။ PDF လည်းရှိမယ်ထင်တယ်။စစ်ကောင်စီဘက်ကတော့ ကျတယ်ဆိုတာ ခန့်မှန်းပြောကြတာပဲ ရှိတယ်” ဟုဆိုသည်။
စစ်ကောင်စီဘက်က ကယား (ကရင်နီ) ပြည်နယ်ပါဝင်သည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ်မျိုးမင်းထွန်းအား တာဝန်ပေးပြီးနောက် မိုးဗြဲမြို့သို့ စစ်ကြောင်းချီ လာခြင်းဖြစ်သည်။
စစ်ရေးလေ့လာသူတဦးကမူ စစ်ကောင်စီတပ်ဘက်က မိုးဗြဲမြို့နယ်တွင် နယ်မြေစိုးမိုးရေး လုပ်ဆောင်လိုသဖြင့် စစ်ကြောင်းထွက်လာခြင်းဖြစ်သော်လည်း စစ်ကောင်စီစစ်ကြောင်းသည် နယ်မြေမစိုးနိုင်သည့် အပြင် ကရင်နီမဟာမိတ်တပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ ခံရခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
“အဓိကကတော့ မိုးဗြဲကို KNDF နဲ့ PDF တွေက စိုးမိုးထားတဲ့အနေအထားဖြစ်တာကိုး။ တပ်ကလည်း ထွက်ပြီး နယ်မြေရှင်းတာပေါ့။ သူတို့ပြန်စိုးမိုးဖို့ပေါ့။ ဒါပေမယ့် ဒီဘက်တော်လှန်ရေးတပ်တွေက အားကောင်းတဲ့အခါကျတော့ နယ်မြေစိုးမိုးဖို့ ထွက်လာတဲ့ တပ်ကို ဝိုင်းတိုက်ကြတာပဲ။ အဲဒီတော့ နယ်မြေစိုးမိုးဖို့မရအောင်လုပ်နေတယ်ပဲ ပြောရမှာပေါ့။ နောက်တခုက စခန်း ကို တိုက်တာမဟုတ်ဘဲ စခန်းအပြင်ထွက်လာတဲ့ လှုပ်ရှားစစ်ကြောင်းကို တိုက်တာဆိုတော့ ကရင်နီတပ်တွေဘက်က အားသာချက်နဲနဲရှိတယ်” ဟုဆိုသည်။
ကရင်နီတော်လှန်ရေးတပ်များသည် အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် လက်နက်နှင့် လူအင်အားအပါအဝင် စုဖွဲ့မှုများ ပိုကောင်းလာပြီး ကယားပြည်နယ်ရှိ ကျေးလက်ဒေသအတော်များများကို ထိန်းချုပ်လာနိုင်သည့် အခြေအနေရှိပြီး စစ်ကောင်စီတပ်ဘက်ကတော့ လူအင်အားနည်းပါးလာသဖြင့် မြို့များနှင့် ၎င်းတို့အခြေစိုက် စခန်းများကိုသာ ထိန်းထားနိုင်သည့် အနေအထားရှိတော့ကြောင်းလည်း သုံးသပ်သည်။
၎င်းကဆက်၍ “တူမီးနဲ့စခဲ့တဲ့သူတွေက လက်နက်တော်တော်များများတပ်ဆင်လာနိုင်တယ်။ တိုက်ရည်ခိုက်ရည်လည်း တက်လာတယ်။ အဲဒီတော့ လက်နက်ခဲယမ်းမီးကျောက်သိမ်းဆည်းမိတဲ့ တိုက်ပွဲတွေ များလာတာတွေ့ရတယ်။ တပ်ကတော့ နယ်မြေရှင်းလင်း ရေးလုပ်တဲ့ စစ်ဆင်တာထက် မြို့တွေ၊ စခန်းတွေမှာ ထိုင်ပြီး ခံစစ်ဆင်တဲ့ဘက်ကို တဖြည်းဖြည်းရောက်လာမယ်” ထင်တယ် ဟုဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကယားပြည်နယ်၌ စစ်ကောင်စီတပ်စခန်း ၁၄ ခုနှင့် ရဲစခန်း ၅ ခု စုစုပေါင်း စခန်း ၁၉ ခုဆုံးရှုံးထားသည်။
တကောင်းနိုင်ငံရေးလေ့လာမှု အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းပြုစုထားသည့် ONE YEAR ON: THE MOMENTUM OF MYANMAR’S ARMED REBELLION သုတေသနစာတမ်းအရ ကယားပြည်နယ်တွင် စစ်ကောင်စီတပ်ကို တိုက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်ပေါင်း ၂ သောင်းကျော်ရှိပြီး PDF အင်အား ၈၀၀၀ ၊ KNDF အင်အား ၆၀၀၀ ကျော်နှင့် KRU တပ်ဖွဲ့ဝင် ၃၀၀၀ ကျော်ရှိနေကြောင်း သိရသည်။