နိုင်ငံရေး လုပ်ကြံမှုကြီး ၃ မှု အကြောင်း

ကျော်ဖြိုးသာ
ဦးစော၊ ဗိုလ်ကြီး အုန်းကျော်မြင့်၊ ကြည်လင်းနှင့် အောင်ဝင်းဇော်
Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သူ ၂ ဦးကို တရားရုံးမှ ဖေဖေါ်ဝါရီလ တွင် သေဒဏ်များ ချမှတ်ခဲ့သည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုသည် နိုင်ငံရေး ပယောဂမကင်းကြောင်း အများက ယုံကြည်ထားကြသောကြောင့် ထိုသို့ သေဒဏ်ပေးမှုသည် ယခု မျက်မှောက် မြန်မာ့သမိုင်းတွင် လူစိတ်ဝင်စားမှု အခံရဆုံး ဖြစ်ရပ် ဖြစ်ခဲ့လေသည်။ ဦးကိုနီသည် နိုင်ငံရေးတွင် တပ်မတော်ပါဝင်သည့် အခန်းကို လျှော့ချရေး အဓိကရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကာလကြာမြင့်စွာ ထောက်ခံ လုပ်ဆောင်နေသူဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်မှ သေနတ်သမားကြည်လင်းကို ဦးကိုနီအား ကြိုတင်ကြံစည် သတ်ဖြတ်မှုအတွက် ကြိုး မိန့်ချသည်။ သူ၏ ကြံရာပါ အောင်ဝင်းဇော်လည်း သတ်ဖြတ်မှုတွင် ပါဝင်ကူညီခြင်းအတွက် အလားတူပြစ်ဒဏ် ချမှတ်ခံရသည်။ (အခြားသူ ၂ ဦးတို့ကိုလည်း ထောင်ဒဏ်များ ချမှတ်ပြီး အခြားအဓိက တရားခံတဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။)

လွတ်လပ်ရေး မတိုင်ခင်ခေတ်မှ စတင်ပြီး ရေတွက်လျှင် ဦးကိုနီ၏ အမှုသည် နိုင်ငံရေး ပယောဂ ပါဝင်သော (အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ) လုပ်ကြံမှုဖြင့် သေဒဏ်ချမှတ်ခံရသည့် တတိယမြောက် အမှုဖြစ်သလို လူအများ စိတ်ကို ဖမ်းစားနိုင်သည့် အမှုလည်း ဖြစ်သည်။

ဦးကိုနီကို ရန်ကုန်လေဆိပ်တွင် လုပ်ကြံခြင်း မခံရခင် နှစ်ပေါင်း ၇၀ က ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရအဖွဲ့ဝင်များသည် ရန်ကုန်ရှိ အတွင်းဝန်ရုံးတွင် အစည်းအဝေး ကျင်းပနေစဉ်အတွင်း ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။ နိုင်ငံလွတ်လပ်ရေးမရမီ တနှစ်ပင် မလိုချိန်တွင် ဖြစ်ပွားခဲ့သည့် ထိုသတ်ဖြတ်မှုကို နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဗြိတိန်လက်အောက်မြန်မာနိုင်ငံ နန်းရင်းဝန်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်အပေါ် ရန်ငြိုးလည်းရှိသည့် နိုင်ငံရေးပြိုင်ဖက် ဦးစောဖြစ်သည်။

ဦးစောနှင့် လူ ၉ ဦးကို ထိုလုပ်ကြံသတ်ဖြတ်မှုများအတွက် တရားရုံးတင်စစ်ဆေးပြီး အထူးခုံရုံးက ၎င်းတို့အားလုံးကို လူသတ်မှုများ ကျူးလွန်ခြင်း၊ ကူညီခြင်းအတွက် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် သေဒဏ်များ ချမှတ်လိုက်သည်။ သို့သော် ဦးစောနှင့်ကြံရာပါ ၅ ဦးသာ ၁၉၄၈ ခုနှစ် မေလတွင် သေဒဏ် စီရင်ခဲ့သည်။

မှုန်ပြသော အရုဏ်တက်ချိန်တွင် ဦးစောသည် ကြိုးတိုက်မှ ထွက်လာပြီးနောက် ကြိုးစင်သို့သွားရာလမ်းတွင် တွေ့သူများ အားလုံးကို ပြုံးရွှင်စွာ နှုတ်ဆက်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ ထိုစဉ်က အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဦးစောသည် လမ်းတွင် ဗုဒ္ဓဆင်းတုတဆူကို နောက်ဆုံးအကြိမ် ဦးချဝတ်ပြုသည်ဟု ဆိုသည်။ ထိုနောက် ကြိုးပေးသတ်ဖြတ်မှုကို ကြီးကြပ်သော အရာရှိများကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ သူ၏ လုပ်ရပ်ကို ဦးစောသည် အသက်ဖြင့်ပေးဆပ်ခဲ့သော်လည်း သူ၏ မိသားစုဝင်များမှာမှု ဦးစောကြောင့် ပြည်သူအများ၏ ဖယ်ကြဉ်မှုကို ကာလရှည်ကြာစွာ ခံစားခဲ့ကြရသည်။

ထိုအမှုသည် လွယ်ကူစွာ စီရင်နိုင်သော အမှုဖြစ်ခဲ့သည်ဟု ဆိုနိုင်သော်လည်း မရှင်းလင်းသော အချက်အလက်များစွာ ကျန်ရစ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့် ဗြိတိသျှ စစ်တပ်မှ အရာရှိများအပါအဝင် အခြားသူများနှင့် ပတ်သက်သော ကောလာဟလများစွာ ဖြစ်ပေါ်စေသည်။

သမ္မတအဖြစ် ၁၉၈၈တွင် ခေတ္တတာဝန်ယူဖူးသူ လက်ထောက်ရှေ့နေချုပ်ဟောင်း ဒေါက်တာမောင်မောင်၏ နိုင်ငံတော်လုပ်ကြံမှု၊ ပြည်ထောင်စုနှင့် ဦးစော စာအုပ်တွင် လူထုအမြင်တွင် ဗြိတိသျှ အစိုးရသည်လည်း ပါဝင်ပတ်သက်နေသည်ဟု ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်း မရှိပါက ဦးစော တက်လာပြီး မြန်မာနိုင်ငံသည် ၎င်းတို့လက်မှ လွတ်မည်မဟုတ်ဟု ယူဆပြီး ဗြိတိသျှခေါင်းဆောင်များသည် လုပ်ကြံမှုကို ထောက်ခံအားပေးခဲ့သည်ဟုသော သတင်းများ ထွက်လာသောကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရမှုနောက်ကွယ်တွင် ဗြိတိန်နိုင်ငံ ပါဝင်ပတ်သက်မှုရှိနိုင်သည်ဟု မြန်မာပြည်သူအများအပြားတို့က ယနေ့တိုင် ယုံကြည်ကြသည်။

ထိုလုပ်ကြံမှုကြီး ၂၉ နှစ်ကြာပြီးနောက် ၁၉၇၆ ခုနှစ် မတ်လတွင် နောက်ထပ်လုပ်ကြံသတ်ဖြတ်မှုရန် အားထုတ်မှု တရပ် ပေါ်ပေါက်လာသည်။ ယခုအကြိမ်တွင်မူ စစ်တပ်အသိုင်းအဝန်းအတွင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး သမ္မတ ဗိုလ်ချုပ်နေဝင်း၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစန်းယုနှင့် အမျိုးသားထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီးတင်ဦးတို့ကို ပစ်မှတ်ထားသည်။

ထိုလုပ်ကြံသတ်ဖြတ်မှုကို ကြံစည်သူများဖြစ်သည့် ဗိုလ်ကြီးတဦး ဦးဆောင်သည့် တပ်မတော် အရာရှိငယ်များသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြသလို ဗိုလ်ချုပ်ကြီးတင်ဦးကို ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ ထုတ်ပယ်လိုက်သည်ကို မကျေနပ်ကြသူများဖြစ်သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးတင်ဦးသည် တပ်မတော်တွင်းတွင် လွန်စွာ လူကြိုက်များသူဖြစ်သည်။( နောင်တွင် ဦးတင်ဦးသည် မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ NLD ကို တည်ထောင်သူတဦးဖြစ်လာပြီး လက်ရှိအချိန်အထိ နာယကအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။) ထိုအရာရှိငယ်များသည် ဗိုလ်ချုပ်ကြီးတင်ဦးကို မူလ ရာထူးတွင် ပြန်လည်ထားလိုကြသည်။

ထိုလုပ်ကြံသတ်ဖြတ်မှုကို ရန်ကုန်၊ အလုံလမ်းရှိ သမ္မတအိမ်တော်တွင် မတ်လ ၂၇ ရက်နေ့၊ တပ်မတော်နေ့ညစာစားပွဲတွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် ပါဝင်ဆောင်ရွက်သူများအကြား ပူးပေါင်းဆောင်ရွက်မှု လုံလုံလောက်လောက် မရှိခြင်းနှင့် ၎င်းတို့၏လက်နက်များ ထားသောနေရာနှင့် လုပ်ကြံသတ်ဖြတ်မည့် နေရာတို့အကြား ခရီးကွာဝေးခြင်းကြောင့် စီစဉ်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။ ကြံစည်သူများသည် အစီအစဉ်ကို စွန့်လွတ်လိုက်ပြီး နောင်မှ ထပ်မံကြိုးစားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုအကြံအစည်မှာ ပေါက်ကြားသွားခဲ့ပြီး ဖမ်းဆီးမှုများဖြစ်လာခဲ့သည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းတွင် ထိတ်လန့်နေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးသည် ပြည်လမ်းရှိ ထိုစဉ်က အမေရိကန်သံအမတ် ဒေးဗစ် အယ်လ် အော့စ်ဘွန်း၏ နေအိမ်ခြံရှေ့သို့ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းခံသည်။

ထိုသူမှာ မအောင်မြင်သော အာဏာသိမ်းမှု၏ ခေါင်းဆောင် ဗိုလ်ကြီးအုန်းကျော်မြင့်ဖြစ်သည်။ အာဏာသိမ်းရန် ကြံစည်မှု ပေါက်ကြားသွားကြောင်းနှင့် မကြာမီ အဖမ်းခံရတော့မည်ကို စိုးရိမ်နေရကြောင်း သံအမတ်ကို သူပြောသည်။

သို့သော် အမေရိကန်အစိုးရသည် ထိုစဉ်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းအောင်ကြိုးစားနေသောကြောင့် သူ၏တောင်းဆိုမှုသည် အရာမထင်ခဲ့ပေ။ သံရုံးအရာရှိများက သူ့ကို သံရုံးကားတစီးအပေါ်တင်ပြီး မြို့တွင်းပတ်မောင်းကာ လုပ်ကြံမှု အစီအစဉ်နှင့် သူနှင့် အခြားပါဝင်သူများ၏ အသေးစိတ် အချက်အလက်များကို မေးသည်။ သံရုံးအရာရှိများက နိုင်ငံရေး ခိုလှုံခွင့် မပေးနိုင်ကြောင်း ပြောသောကြောင့် ဗိုလ်ကြီး အုန်းကျော်မြင့်က မြို့တွင်းတနေရာတွင် ကားပေါ်မှ ဆင်းသွားခဲ့သည်။

အော့စ်ဘွန်းသည် နောက်တနေ့တွင် အာဏာပိုင်များနှင့် သွားရောက်တွေ့ဆုံပြိး စစ်တပ်အရာရှိဆိုသူတဦးက ခိုလှုံခွင့်တောင်းကြောင်း သတင်းပို့သည်ဟု နယူးယော့တိုင်းမ်က ၁၉၇၆ ခု သြဂုတ်လ နှောင်းပိုင်းတွင် ဖေါ်ပြခဲ့သည်။ ထို လုပ်ကြံရန် ကြံစည်မှုတွင် အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်သည်ဟု မြန်မာအစိုးရက ထင်မည်ကို အမေရိကန်သံရုံးက မလိုလားဟု ဆိုသည်။

ထိုသံအမတ်သည် သံတမန် လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အသိပေးခဲ့ခြင်းမရှိဘဲ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီးတင်ဦးထံ တိုက်ရိုက် အစီရင်ခံခဲ့သည်ဟု ထိုသတင်းစာက လေ့လာတွေ့ရှိကြောင်း ဖေါ်ပြသည်။ ရက်အနည်းငယ်အကြာတွင် ဗိုလ်ကြီးအုန်းကျော်မြင့် အဖမ်းခံရသည်။ အခြားသူ ၁၃ ဦးနှင့်အတူ တရားစွဲဆိုခံရသည်။ ထိုတရားခွင်သည် ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြီးဆုံးပြီး ဗိုလ်ကြီးအုန်းကျော်မြင့် သေဒဏ်အပေးခံရသော်လည်း မဆလပါတီကို အာခံရဲသူ အဖြစ် လူထုက ကျိတ်ပြီး ချီးကျူးကြသည်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ၁၉၇၉ ခုနှစ်တွင် မိသားစုကိုပင် အသိမပေးဘဲ သေဒဏ်စီရင်ခဲ့သည်ဟု ဦးဝင်းထိန်၏အဆိုအရ သိရသည်။ ဦးဝင်းထိန်သည် ထိုစဉ်က ဗိုလ်ကြီးတဦးဖြစ်ပြီး လွန်ခဲ့သော နှစ်အစောပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည်၏ လူရင်းအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦးဝင်းထိန်သည် ထိုစဉ်က လုပ်ကြံသတ်ဖြတ်မည့် သတင်းထိန်ချန်မှုဖြင့် ၁၉၇၇ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခံရသည်။

နောက် ၄၁ နှစ်ကြာသောအခါ ၂၀၁၇ ခုနှစ်တွင် NLD ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ယခင် လုပ်ကြံသတ်ဖြတ်မှုများနှင့် မတူသည်မှာ ဦးကိုနီသည် အစိုးရခေါင်းဆောင်ပိုင်း ရာထူးလက်ကိုင်မရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သူ၏ အားထုတ်မှုများသည် မြန်မာနိုင်ငံအတွက် ထူးခြားအရေးပါလှသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သူ၏ကျွမ်းကျင်မှုသာမရှိလျှင် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးလည်း ပေါ်ပေါက်လာမည် မဟုတ်ပေ။ မြန်မာနိုင်ငံသား အားလုံးကောင်းစားရေး တိုင်းရင်းသားများ၊ နိုင်ငံသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံနှုန်းညီစေရန် မည်သည်တို့ကို ပြင်ဆင်သင့်သည်ကို ဦးကိုနီက NLD ကို အကြံပေးသည်။ ထိုလုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်မှ အကြောင်းရင်းသည် လူတိုင်းသိနေသည့် လျှို့ဝှက်ချက်ဖြစ်နေသည်။

ထိုအထက်ပါကျော်ကြားလှသော လုပ်ကြံသတ်ဖြတ်မှု ၃ မှုတွင် လုပ်ကြံခံရသူများနှင့် ပတ်သက်ပြီး လူထု၏ ကရုဏာသက်မှုမှာ ကွဲပြားမှုရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်သူ၏ ဝန်ကြီးအဖွဲ့အတွက် တနိုင်ငံလုံး ပူဆွေးကြရသည်။ ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီကို အာဇာနည်ဟုခေါ်ပြီး ပြည်သူအများစုကတော့ ဦးကိုနီ သည် ဒီမိုကရေစီစံနှုန်းမီသော ဖွဲ့စည်းပုံတခုဖြင့် ဖွဲ့နှောင်ထားသည့် မြန်မာ့လူ့အဖွဲ့အစည်းကို ပုံဖေါ်ပေးရန် အသက်ကို စတေးခဲ့သူဖြစ်သောကြောင့် သူရဲကောင်းအဖြစ် သတ်မှတ်ကြသည်။ တချိန်တည်းတွင် သူ လုပ်ကြံသတ်ဖြတ်ခံရခြင်းသည် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် မည်မျှခက်ခဲကြောင်းပြသည့် ဥပမာလည်း ဖြစ်သည်။ ဦးနေဝင်းနှင့် သူ့လူများကို လုပ်ကြံရန် မအောင်မြင်သောကြောင့် လူထုမှာ စိတ်ပျက်ခဲ့ရသည်။ တိုင်းပြည်သည် ပိုမိုဆင်းရဲလာပြီး ပြည်သူတို့သည် ဆယ်စုနှစ်များစွာ ဒုက္ခကို ဆက်လက်ခံစားကြရသည်။

ထို အောင်မြင်သော၊ မအောင်မြင်သော လုပ်ကြံသတ်ဖြတ်မှုများ၏ နောက်ကွယ်မှ အကြောင်းရင်းကြောင့် လုပ်ကြံသတ်ဖြတ်သူများအပေါ် လူထု၏ အမြင်သည်လည်း ကွဲပြားပြန်သည်။ ဦးစောနှင့် အပေါင်းပါများသည် သမိုင်းတွင် နာမည်ပျက်ပြီး နိုင်ငံအတွက် မျက်နှာပျက်စရာဖြစ်ခဲ့သည်။ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူများဖြစ်သည့် ကြည်လင်းနှင့်အောင်ဝင်ဇော်တို့သည်လည်း အလားတူဖြစ်သည်။ သူတို့ကို သေဒဏ်ချထားသော်လည်း နောက်ကွယ်မှ ကြိုးကိုင်သူများသည် မည်သူများဖြစ်သနည်း စသည့် မေးခွန်းများလည်း ရှိနေသေးသည်။ နောက်ကွယ်မှ သူများကို တရားခွင်သို့ပို့ဆောင်နိုင်မှသာ ဦးကိုနီအတွက် တရားမျှတမှုကို ဆောင်ယူပေးနိုင်မည်ဖြစ်သည်။ ဗိုလ်ကြီးအုန်းကျော်မြင့်သည် သူ၏ လက်တွေ့မကျသော အာဏာသိမ်းရန် ကြံစည်မှုကြောင့် အချို့သောသူများ၏အမြင်တွင် အတင့်ရဲသည်ဟု ထင်ကြသော်လည်း သူသည် စစ်အစိုးရကို ပြောင်းလဲအောင်ကြိုးစားခြင်းဖြစ်သည်ကိုမူ မည်သူမျှ မငြင်းနိုင်ကြပေ။ သူသည် ဖိနှိပ်သော မဆလအစိုးရကို တွန်းလှန်ရန် အသက်ကို စတေးခဲ့သည်။ ထိုအချက်တွက် သူ့ကို ချီးကျူးသင့်ပါသည်။

( Kyaw Phyo Thar ၏ A Tale of 3 Myanmar Political Assassination Plots ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading