ဆောင်းပါး

စကားအလှ ပဒေသာကျေးရွာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတဝှမ်းမှာ ဒေသသုံးစကားတွေကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေရောင်းချနိုင်တာ အများကြီး မရှိဘူး။ ကမ္ဘာမှာလည်း ပြောတဲ့စကားတွေကို မှတ်တမ်းမှတ်ရာထားပြီး စာအုပ်ထုတ် ရောင်းနိုင်တယ်ဆိုတာ မရှိလောက်အောင်ရှား ပါလိမ့်မယ်။

ဘာစီလိုနာသား စကားအထွေထွေ၊ လန်ဒန်စကား၊ မြူးနစ်သား စကားကြွယ်ကြွယ်၊ မော်စကိုသား မော်စကိုစကား စသဖြင့် မတွေ့မိသေးဘူး။ မြန်မာနိုင်ငံမှာ ဒေသသုံး ပြောစကားတွေကို မှတ်တမ်းလုပ်ပြီး စာအုပ်ထုတ်ရောင်းနိုင်တာ ရှိတယ်။ အ ကြိမ်ကြိမ် အလီလီ ရိုက်နှိပ်ဖြန့်ချိရလောက်အောင်ထိ ရောင်းအားကောင်းတဲ့ စာအုပ်တွေလည်းဖြစ်တယ်။

ဘယ်ဒေသတွေလို့ ထင်ပါသလဲ။ စကားအလှတွေကို ဝေေ၀ဆာဆာပြောတဲ့ဒေသတွေက မြို့ကြီးပြကြီးတွေမဟုတ်ဘဲ ကျေးလက်ဒေသတွေသာဖြစ်တယ်။ တိတိကျကျ ရည်ညွှန်းရရင် အညာကျေးလက်ဒေသတွေဖြစ်တဲ့ လှတော၊ ချီပါနဲ့ ပခန်း ဒေသတွေဖြစ်ပါတယ်။

သန်းနိုင်ဦး/ဧရာဝတီ

အဲဒီဒေသတွေထဲမှာ လှတောသားတွေရဲ့ပြောစကားတွေက ထူးခြားတယ်။ ခရီးထွက်လို့ ရထားဆိပ်၊ ကားဂိတ်၊ ဘူတာရုံ တွေ ရောက်ရင် လက်ပွေ့စာအုပ် ရောင်းသူတွေထံ သတိထားကြည့်လိုက်ပါ။ လှတောသား စကားအလင်္ကာဆိုတဲ့ စာအုပ် တွေက မမြင်ချင်မှ အဆုံးပါဘဲ။

လှတောသားတွေ စကားကြွယ်ကြတယ်။ စကားစမြည် ပြောဆိုကြရာမှာ ဝေါဟာရတွေ ဖောဖောသီသီ သုံးကြတယ်။ တင်္ခ ဏုပ္ပတ္တိဉာဏ် ကောင်းကြတယ်။ စကားပြောကောင်းလွန်းလို့ ပြောတဲ့စကားတွေ စာအုပ်ထုတ်ပြီး နိုင်ငံအဝှမ်း စာအုပ်ထုတ် ရောင်းနိုင်တာဆိုလို့ လှတော၊ ချီပါနဲ့ပခန်းသားတွေသာ ရှိတယ်။

လှတောရွာသူရွာသားတွေ ဘာကြောင့် စကားပြောတဲ့အခါ အလင်္ကာမြောက်အောင် ပြောနိုင်ကြတာလဲ။ ဘယ်လို အရာ တွေက လှတောသားတွေ စကားကြွယ်အောင် ဖန်တီးပေးတာလဲ။ လှတောသားတွေ စကားကြွယ်အောင် ပြောနိုင်တာကပဲ

လှတောရွာအကြောင်းရေးဖို့ တွန်းအားဖြစ်စေခဲ့တယ်။ မိတ်ဆွေတို့ကို လှတောရွာ အရောက်ခေါ်သွားပါမယ်။

သန်းနိုင်ဦး/ဧရာဝတီ

လှတောက မန္တလေး-မြစ်ကြီးနား ကားလမ်းနံဘေးက အညာရွာကြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက် လက်မြို့နယ်အတွင်းမှာ တည်ရှိပြီး အထကကျောင်း၊ ရဲစခန်း၊ မီးသတ်စခန်း၊ ဈေး၊ အလှပြင်ဆိုင်၊ ဆိုင်ကယ်ဝပ်ရှော့၊ ဘော် လီဘောကွင်း၊ ဆန်စက်၊ ပန်းပဲလုပ်ငန်း၊ ကျေးလက်ကျန်းမာရေးဌာန၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ ဘီယာဆိုင်၊ တယ်လီဖုန်းဆိုင်၊ ဘိလိယက်ခုံတွေနဲ့ စည်စည်ကားကားရှိတဲ့ အညာရွာကြီးဖြစ်တယ်။

လျှပ်စစ်မီး ထိန်ထိန်ညီးတဲ့ရွာလည်းဖြစ်ပါတယ်။ စေတီပုထိုးတွေ ဘုရားကျောင်းကန်တွေနဲ့ သာသနာစည်ပင်တဲ့ ဒေသ လည်း ဖြစ်ပါတယ်။ လိုင်းမိပါတယ်။

လှတောကနေ အရှေ့စူးစူးကို ဆက်တက်ရင် ဝက်လက်မြို့ကို ရောက်တယ်။ မန္တလေးမြို့နဲ့  ၅၆ မိုင်ဝေးပြီး ရွှေဘိုမြို့နဲ့၁၄ မိုင်ဝေးတယ်။ ဝက်လက်မြို့နဲ့ ၇ မိုင်ဝေးပါတယ်။ လှတောရွာဝန်းကျင်မှာ ရွှေကျင်၊ ရေထွက်၊ ကျီးကန်၊ မဲကုန်း၊ သန်း တောကြီးစတဲ့ရွာတွေ ရှိပါတယ်။

လှတောသားတွေ ဘာကြောင့် စကားကြွယ်ရတာလဲဆိုတာ သိဖို့ လှတောရွာထိပ်က လက်ဖက်ရည်ဆိုင်မှာ လှတောသား တွေနဲ့ စကားဝိုင်းဖွဲ့ဖြစ်ပါတယ်။ လှတောသားကြီးတွေဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်၊ ရပ်မိရပ်ဖတွေဖြစ်တဲ့ ဦးကျော်ငြိမ်း၊ ဦးဘိုကြီး၊ ဦးခင်မောင်အေး၊ ဦးသန်းဝင်း၊ ဦးနန်းဝေတို့နဲ့ စကားဝိုင်းဖွဲ့ဖြစ်ပါတယ်။

“အရင်က အေးအေးဆေးဆေး ခေတ်၊ ဘာ ပူပင်သောကမှ မရှိဘူး။ အဖေလုပ်သူလုပ်စာ တမိသားစုလုံး ထိုင်စားပြီး နေ ထိုင်လာကြရတာ” လက်ဖက်ရည်ကြမ်း သောက်ရင်း စကားစမြည် ပြောရာက စကားတွေက ထွက်လာတယ်။ “အခု အိမ်ရှိ လူကုန် အလုပ်နဲ့ လက်နဲ့ မပြတ်အောင် လုပ်နေကြရတယ်”

သန်းနိုင်ဦး/ဧရာဝတီ

“ဒီနှစ် လှတောရွာကတောင်သူတွေ အဆင်မပြေကြဘူး။ မိုးများလွန်းအားကြီးချိန်မှာ ရေထွက်ပေါက်က ကျဉ်းတော့ အပင် တွေ ရေနစ်ကုန်တာ။ ခါတိုင်း မိုးများလို့ ရေကြီးရင် ၄-၅ ရက်ပဲကြာတာ။ အခုလို လချီ မကြာဖူးဘူး။”

“ပြောမကောင်း ဆိုမကောင်းတဲ့ ကလေးဆို ဒီကောင်လေး တရုတ်ဆိုင်ကယ်သာ ဝယ်ပေးလိုက်လို့ ပြောလိုက်တာပဲ။ တ ရုတ်ဆိုင်ကယ်က ဈေးလည်း ပေါတယ်။ တိုက်တာလည်း မကြာခဏပဲ။ ဆိုင်ကယ်စီးတယ် ဆိုတာကလည်း ရေပုံး ဆွဲသ လောက်မှ မခက်တာ။ ဆိုင်ကယ်စီးတတ်သွားလို့ စီးရင် တိုက်ကရော။ တနှစ်ကို ဆယ့်လေးငါးကြိမ်တော့ ဆိုင်ကယ်တွေ တိုက်နေတာပဲ။ သုံးယောက်ကတော့ ပုံမှန်သေတာပဲ။ ကျန်တာကတော့ အကျိုးအကန်းပေါ့”

“ကျနော်တို့ လှတောက တောမက မြို့မကျ၊ သမဆိုင်က ထုတ်တဲ့ ရှပ်အကျႌလို၊ လက်တိုလည်း မဟုတ်၊ လက်ရှည်လည်း မဟုတ် လက်စက၊ ဘီယာဆိုင် အရက်ဆိုင်တွေကတော့ ပေါတယ်။ နို့ခွာပါပြီဆိုကတည်းက အရက်လေး အာဆွတ်ကြီး လာကြတာ။ လူငယ်တွေ သူတို့အချင်းချင်း ပြောကြတာရှိတယ်။ အရက်လေး သောက်ပြီး စကားစမြည်ဟာသလေးတွေ

ပြောနေရလို့ အသက်ရှည်တာတဲ့။ ရွာဆေးခန်းတောင် ပင့်ကူတွေ အိမ်ဆောက်နေရပြီတဲ့။”

“ဝစ်သောက်ကားတွေကတော့ လမ်းပေါ် ရွေဘော်ထိုးနေတဲ့အတိုင်းပဲ။ သူတို့ပေးရတဲ့ ကားဈေးဆိုတာက ကျုပ်တို့လိုင်စင် ဆိုင်ကယ်ဈေးလောက်ရှိတာ။ တစီးမှ သိန်း ၂၀ဆို စီးလို့ရပြီ”

“ဝစ်သောက်ကားတွေက ဘယ်ကလာ ရေဘော်ထိုးတာ ဟုတ်ရမှာလဲ။ ဗန်းထဲ လောက်စာ ထည့်လှိမ့်နေတဲ့ အတိုင်းပါဗျာ”

လှတောသားတွေ လက်ဖက်ရည်ဝိုင်းမှာ ကျနော်နဲ့ထိုင်နေစဉ် လက်တန်းပြောနေကြတာပါ။ သူတို့ပြောတဲ့အထဲမှာ လုပ်ကြံ ပြောတာတွေ မပါဘူး။ ဒေသိယ စကားတွေကို ပြောရိုးပြောစဉ် ပြောနေတာပါ။

လက်ဖက်ရည်သောက်ရင်း လက်ဖက်သုပ် စားရင်း ကွမ်းဝါးရင်း ဆေးလိပ်ဖွာရင်း အေးအေးလူလူ ပြောနေကြတယ်။ ကျ နော်က သူတို့ပြောစကားတွေ မှတ်တမ်းတင် ဖို့ စာအုပ်ဖွင့်ပြီး မှတ်စုလိုက်မယ် ဟန်ပြင်တော့ “ခင်ဗျား အဲဒီလိုလုပ်တော့ ကျနော်တို့က ရဲရှေ့ရောက်တဲ့ တရားခံလို ဖြစ် ပြီး နှုတ်ဆွံ့သွားပါလေရော”တဲ့။

တကမ္ဘာလုံး နေ့စဉ်နဲ့အမျှ စကားတွေ ပြောနေပါရဲ့နဲ့၊ ဘာကြောင့် လှတောသား စကားရယ်လို့ ဖြစ်ရတာလဲ။ စကားတွေက ကွင်းဆက်မိကြတယ်။ ပြောတဲ့အထဲမှာ မာနမပါဘူး။ စကားပြောဖော် တဖက်သား ရယ်စရာဖြစ်ပါစေတော့ရယ်လို့ မေတ္တာ၊ စေတနာ ရှေ့ထားပြောလို့ လှတောသားစကားရယ်လို့ တွင်တာပါ။

လှတောက အညာရွာကြီးပီပီ ထန်းတောတွေလည်းပေါတယ်။ ထန်းလျက် ဘယ်ဈေးရှိလဲ မေးခွန်းထုတ်တော့ လှတော သားတယောက်က “ထန်းလျက်အဆင့်ထိ မရောက်လိုက်ဘူးဗျ။ အရည်(ထန်းရည်)နဲ့ တင် ပြတ်သွားတာ”လို့ သူတို့ရွာသား တွေရဲ့သောက်သုံးမှုစံချိန်ကို ပြောပြတယ်။

လှတောရွာသားတွေကတော့ ရုပ်ချောသဘောကောင်းတွေပဲဗျ။ လှတောရွာသူတွေကရော ဘယ်လိုရှိသလဲ ပြောပြပါဦးလို့ ကျနော်က အရွှန်းဖောက်လိုက်တယ်။

“လှတောသူတွေ ဒါရိုက်တာနဲ့ နီးရင် မင်းသမီးဖြစ်နိုင်တဲ့သူချည်းပဲ။ လှတောသူအကြည့်က စပါးကြီးမြွေ ချက်ညို့သလို။

ဥမ္မာဒန္တီက နာမည်ကြီးချင်လို့သာ ကြီးနေတာ။ လှတောသူတွေလောက်ကို လှတယ်မထင်ဘူး။ မီးပျက်တဲ့အခါ ရွာလယ် လမ်းမှာ ထွက်ရပ်ရင် တရွာလုံးလင်းတယ်။”

အရင်ခေတ်နဲ့ အခုခေတ် ဘာကွာသလဲ။

“အရင်ကတော့ အာဏာနဲ့ အုပ်ချုပ်တာကိုး။ အခုတော့ ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရဖြစ်လာပြီ။ မဟုတ်တာ မမှန်တာ လုပ်ခဲ့ရင် အရင်ထက် ပြောခွင့်ဆိုခွင့် သာလာတာပေါ့။”

မန္တလေး-မြစ်ကြီးနား ကားနဲ့သွားမယ်ဆိုရင် လှတောရွာမှာ ခရီးတထောက်နားပြီး လှတောသူ၊ လှတောသားတွေနဲ့ စကားစမြည်ပြောကြည့်ပါ။ သူတို့ဘဝက ရလာတဲ့ အသိတွေနဲ့ မိတ်ဆွေတို့ကို ဧည့်ဝတ်ပျူငှာ ဧည့်ခံပါလိမ့်မယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading