မိုးတွင်းကာလ ရောက်ရှိပြီးဖြစ်သော်လည်း ရခိုင်စစ်မီးသည် ရပ်တန့် မသွားရုံမက တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တောင်ကုန်းများပေါ်တွင်သာမက ပင်လယ်ကမ်းစပ်အထိ ကူးစက်လာနေသည်။
တပ်မတော်နှင့် AA တို့သည် စတင်ထိတွေ့ တိုက်ခိုက်ခဲ့စဉ်က လူထုနှင့် အလှမ်းဝေး ကွာသည့် ချင်းတောင်တန်းက စတင်ခဲ့ပြီး တဖြည်းဖြည်း ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် အစပ်အထိ ရောက်ရှိလာသည်။ တခါတရံ အဝေးပြေးကားလမ်းများကို ကျော်လာပြီး ကမ်းခြေတွင် စောင့်ကြပ်နေသော စစ်သင်္ဘောများပင် တိုက်ခိုက်ခံလာရသည်။
ဖြစ်ပွားခဲ့သော ကုန်းတွင်း တိုက်ပွဲတွင်များကို ကြည့်လျှင် တပ်မတော်က လက်နက်ကြီးများ ပစ်ကူပေး တိုက်ခိုက်ခဲ့သလို ဝေဟင်ပေါ်မှလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် ဂျက်ဖိုက်တာများပါ အသုံးပြုခဲ့သည်။
ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် နေ့ရာ ညပါ အသုံးပြု၍ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကြား ဗုဒ္ဓေါရွာ အနောက်ဖက်တိုက်ပွဲ ၊ ဧပြီလ ၉ ရက်နေ့ ညဉ့်တွင် ဖြစ်ပွားခဲ့သော မြောက်ဦး တိုက်ပွဲတို့ ဖြစ်သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်မှ စပြီး တိုက်ခိုက်ခဲ့ကြသည့် ရခိုင်စစ်ပွဲမှာ ယခုဆိုလျှင် ၈ လထိ ကြာမြင့်လာပြီး ဖြစ်သည်။ နေ့စဉ် ရက်ဆက် တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲ အရေအတွက်မှာ မရေမတွက် နိုင်အောင် များပြားလာနေသည်။
တိုက်ပွဲကာလအတွင်း တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုကို နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မရှိပေ။ သို့သော် လက်ရှိ အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံး တိုက်ပွဲနှင့် အသေအပျောက် အများ ဆုံးတိုက်ပွဲတခုဟု ယုံကြည်ရသည်။
ပင်လယ်ကမ်းစပ် ရောက်လာတဲ့ တိုက်ပွဲ
ရခိုင့်တပ်တော် ( AA ) တပ်ဖွဲ့ဝင်များသည် စစ်တွေ၊ မြေပုံ၊ ရသေ့တောင်မြို့နယ် အတွင်းရှိ တပ်မတော် စစ်ရေယာဉ်များကို တိုက်ခိုက်ခဲ့သည်မှာ ၃ ကြိမ် တိုင်တိုင်ရှိလာပြီ ဖြစ်သည်။
ဇူလိုင်လ ၂၀ ရက်နေ့က ရသေ့တောင်မြို့၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ မေယုမြစ်ကမ်း အနီးတွင် ကျောက်ချရပ်နားထားသော တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စီးအား A အဖွဲ့များက စစ်ရေယာဉ်၏ အနောက်ဘက်ကမ်းစပ်မှ ရှော့တိုက်ဒုံး ၂ လုံးဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
တိုသို့ တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ် အမှုထမ်းများက ပြန်လည်ပစ်ခတ်ခဲ့ပြီး လာရောက်ပစ်ခတ်ခဲ့သည့် ပတ်ဝန်းကျင်နေရာတဝိုက်အား ရှင်းလင်းဆောင်ရွက်ရာ၌ ပစ်ခတ်ရန် အသင့်အနေအထားရှိသည့် Type 63 ၁၀၇ မီလီမီတာအမျိုးအစားဒုံးသီး ၃ လုံးအား ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း တပ်မတော်က ဆိုသည်။
တိုတိုက်ခိုက်မှုတွင် တပ်တော်ဘက်မှ စစ်ရေယာဉ် အပါအဝင် ရေယာဉ် အမှုထမ်းများ တစုံတရာ ထိခိုက်မှု မရှိဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
မြေပုံမြို့နယ် ပေါက်တူးတောင်ကျေးရွာအနီး ကျောက်မော်ရွာ တည့်တည့်တွင်လည်း ဇူလိုင်လ ၁၉ ရက်နေ့က စစ်ရေယာဉ် ၂ စီးကို AA က ကြားဖြတ်ခိုက်ခဲ့ကြောင်း နှစ်ဘက်လုံးက အတည်ပြုသည်။
ထိုတိုက်ခိုက်မှုတွင် တပ်မတော်ဘက်မှ အရာရှိ စစ်သည် တချို့ ထိခိုက်ကျဆုံးမှုများ ရှိသည်ဟု AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးကမူ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း တပ်ဖွဲ့ဝင်များ အနည်းအကျဉ်းသာ ထိခိုက်ခဲ့ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ မြေပုံဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်မှာတော့ အနည်းအကျဉ်း ဒဏ်ရာ ရတာ ရှိတယ်။ ကျနော်တို့ ဒီရေယာဉ်တွေကို ထားပေးထားတာက မိုးတွင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ဖို့ထားပေးထားတဲ့ ရေယာဉ်တွေသာ ဖြစ်ပါတယ်။ အဲဒါကို လာတိုက်ခိုက်တယ်ဆိုတော့ စဉ်းစားကြည့်ကြကြပါ” ဟု ဧရာဝတီ သို့ ပြောသည်။
ထို့ပြင် ဇွန် ၂၂ ရက်နေ့တွင်လည်း စစ်တွေမြို့အရှေ့ဘက် ဆတ်ရိုးကျချောင်း၀ အနီး ကျောက်ချ ရပ်နားထားသည့် ပင်လယ်သွား တွဲဆွဲရေယာဉ်တစ်စီးကို AA တပ်ဖွဲ့ဝင်များက အလားတူ ရှော့တိုက်ဒုံး ၃ လုံးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။
စစ်တွေမြို့အနီး စစ်ရေယာဉ် တိုက်ခိုက်ခံရမှုတွင် တပ်မတော်သား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးထိခို က်ဒဏ်ရာ ရရှိခဲ့သည်။
ဦးခိုင်သုခက “ ရေတပ်ကနေပြီးတော့ ပြီးခဲ့တဲ့ လကတည်းက တိုက်ပွဲတွေမှာ အဓိက ထောက်ပံ့ရေးတွေမှာ ပါဝင်လာတာကို တွေ့ရတယ်။ အထူးသဖြင့် မင်းပြားမြို့နယ်မှာ ဖြစ်ပွားတဲ့ နေရာတွေမှာ ရေတပ်က အဓိက စစ်နက်လက် ၊ရိက္ခာထောက်ပံ့ရေးတွေကို လုပ်လာတာ တွေ့တယ်။ အဲဒါနဲ့ ကျနော်တို့ဘက်ကလည်း စစ်ရဲ့သဘာဝအရ လိုအပ်သလို ရေတပ်ကိုပါ တိုက်ခိုက်နေရတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ဘက်ကမူ ရခိုင်စစ်ပွဲ ကျယ်ပြန့်လာခြင်းမဟုတ်ဘဲ AA အဖွဲ့က တပ်မတော်၏ အားနည်းသည့် နေရာမျိုးကို ရွေးချယ်ပြီး လာရောက်တိုက်ခိုက်နေခြင်းမျိုးသာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ဘာမှ ကျယ်ပြန့်လာတာ မဟုတ်ဘူး။ အားနည်းတဲ့ နေရာကို ရွေးပြီး တိုက်ခိုက်တာ။ ကျနော်တို့ကလည်း AA အခြေမကျနိုင်အောင် လိုက်တာ။ သူ့ဟာ သူ ဘယ်လိုပဲ တိုက်တိုက် AA လုံးဝ အခြေချ မခံဘူး။ လိုက်ချမှာ ဒါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ခိုက်မှုကြားက မြေစာပင်
၂ ဘက် တိုက်ခိုက်များကြား ဒုက္ခရောက်သူများမှာ ဒေသခံ လူထုဖြစ်သည်။
မြေပုံမြို့နယ်အတွင်း တပ်မတော် စစ်ရေယာဉ် တိုက်ခိုက်ခံရသည့် နောက်ပိုင်း အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ပေါက်တူတောင်ကျေးရွာသားများမှာ ၎င်းမြို့နယ်အတွင်းက ကမ်းထောင်းကြီးမြို့သို ထွက်ပြေး တိမ်းရှောင်ရသည်။
ထို့ပြင် စစ်ရေယာဉ်တိုက်ခိုက်ခံရသည့် နောက်ပိုင်းတွင် ပေါက်တူးတောင်ကျေးရွာအနီး ရှိသည့် ကျောက်မော် တံငါရွာမှ နေအိမ် တချို့ မီးရှုံ ခံရကြောင်းလည်း ဒေသခံ ကျေးရွာသားများ ပြောသည်။
မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ ပေါက်တူးတောင် ရွာသားတွေကတော့ အခုထိ မပြန်ရဲသေးဘူး။ ကမ်းထောင်းကြီးမှာပဲ ဆက်ရှိနေသေးတယ်။ ကျောက်မော်တံငှာရွာမှာတော့ နေအိမ် ၈ လုံးလောက် မီးရှို့ခံရတာ ရှိတယ်။ အဲဒီနေ့ ကတော့ ရွာမှာ တပ်မတော်သားတွေ ရှိကြတယ်လို့တော့ ပြောတယ်။ သို့သော် ဘယ်သူ ဘယ်ဝါ လုပ်တယ်ဆိုတာ့တော့ တိတိကျကျ မပြောနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒေသခံ ပြည်သူများ၏ အကျိုးယုတ်စေမည့် လုပ်ငန်းကို တပ်မတော်က လုပ်ဆောင် ခြင်း မရှိ ဟု ပြောသည်။
သို့သော် နှစ်ဘက် စစ်ရေးလှုပ်ရှားသည့် ဒေသတွင်းမှ အရပ်သား ပြည်သူများမှလည်း မိရိုးဖလာ လုပ်ကိုင်စားသောက်လာသည့် လယ်ကွင်းများတွင် အေးဆေးစွာ စပါး စိုက်ပျိုး ခြင်းများကို မလုပ်နိုင်ကြတော့ပေ။
မြောက်ဦးမြနယ် ကိုးသောင်းဘုရားအနီးတွင် တည်ရှိသည့် ဘုရားအုပ် ကျေးရွာနေ ဦးမောင်လှထွန်းက “ ကျနော်တို့ လယ်ထွန်ဖို့ လုံးဝလည်း မသွားရဲဘူး။ ကိုယ့် အသက်သေမှာကို စိုးရိမ်နေကြတာပေါ့။ လယ်ထွန်ခွင့် ရရှိရေးအတွက် လယ်သမားတွေ အနေနဲ့ လည်း ပြောကြ ဆိုကြတာ လည်း မရှိကြဘူး။ ခရိုင်ရုံးကို စုပေါင်းပြီး တင်ပြကြမယ် ဆိုပြန်တော့လည်း တယောက်မှ မလုပ်ကြဘူး။ သူတို့က အာဏာရှင် စနစ်တွေကိုး၊ ပြောရင်လည်း ရချင်မှ ရမယ်။ ဒီနေရာတွေကို စစ်မြေပြင်လို့ သူတို့က သတ်မှတ်ပြီး သားတွေပါ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ရှောင်စခန်းသို့ မရောက်ရှိသည့် ကျေးရွာသားများအဖို့မှာလည်း အနီးဝန်းကျင်မှ မိုင်းပေါက်ကွဲသံ၊ လက်နက်ပစ်ခတ်သံများကို ကြားရပြီ ဆိုသည်နှင့် ဆောက်တည်ရာ မရ ထွက်ပြေး တိမ်းရှောင်ကြရသည်မှာ ယခု ဆောင်းပါး ရေးနေသည့် အချိန်အထိဟုပင် ဆိုရမည်။
ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရခိုင်စစ်မီးကို ငြိမ်းဖို့ လွှတ်တော်လမ်းကြောင်းကနေ ကြိုးစားသော်လည်း သူ့၏ ကြိုးစားမှုမှာ ရေပြင်မှာ အရုပ်ရေးသလို ဖြစ်နေရဟု ဆိုသည်။
ဦးအောင်သောင်းရွှေက “ရခိုင်စစ်ပွဲနဲ့ပတ်သက်လို့ လွှတ်တော်မှာ ကျနော်တို့ ဘာမှ လုပ်လို့ မရဘူး။ အဆိုတင်ရင်လည်း ဆွေးနွေးခွင့်တောင် မရတာတွေရှိတယ်။ မေးခွန်းမေးရင်လည်း အားရ ကျေနပ်ကျစရာမရှိ။ အဲဒီအတွက်ကြောင့် ကျနော်တို့ လွှတ်တော်မှာ တင်စရာတွေ မရှိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၏ မြောက်ဦး ရှေးဟောင်း ယာဉ်ကျေးမှု အမွေအနှစ်ကို ကာကွယ် ထိန်းသိမ်းပေးရေး အဆို၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရေး အဆို စသည့် အဆိုများ ပယ်ချခံရမှု အပေါ် ဥပမာ ပေးကာ ဦးအောင်သောင်းရွှေက ထောက်ပြဝေဖန်သည်။
ရခိုင်စစ်ပွဲသည် တခြားသော တိုင်းရင်းသား ပြည်နယ်များတွင် ဖြစ်ပွားသော စစ်ပွဲထက် ထူးခြားချက် တခုမှာ အင်တာနက် လူမှုကွန်ရက်ပေါ်တွင် လူမျိုး တမျိုးနှင့် တမျိုး အမုန်းစကား ပြောသည်ဟု အကြောင်းပြကာ အရပ်သား အစိုးရသည် ချင်းပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုင်မြောက်ပိုင်း မြို့နယ် ၈ ခုကို အင်တာနက်လိုင်းများ ဇွန်လ ၂၁ ရက် နေ့မှ စတင်ကာ ဖြတ်တောက်ခဲ့သည်။
ယင်းအပြင် စစ်ဘေးရှောင်ပြည်သူများအရေးနှင့် ပတ်သက်ပြီးလည်း အစိုးရအနေဖြင့် မဖြစ်စလောက်သာ ကူညီပေးကာ ဒုက္ခသည်များမှာ ကိုယ်ထူကိုယ်ထ တဲအိမ်များကို ဆောက်လုပ်နေထိုင်နေရပြီး အရပ်ဘက် အဖွဲ့အစည်းများ၏ ကူညီပံ့မှုများဖြင့် အသက်ဆက် နေကြရသည်။
ကွာဟ နေသော တပ်မတော်နှင့် AA တို့ ခံယူချက်
နိုင်ငံရေးသုတေသီ စာရေးဆရာ ဦးမောင်မောင်စိုးက လက်နက်ကိုင် ပဋိပက္ခဖြစ်နေသော ဘက်နှစ်ဘက်၏ ခံယူထားချက်များမှာ အလွန်တရာ ကွာဟမှု ဖြစ်နေသည့်အတွက် ပကတိ လက်တွေ့ကျကျ အခြေအနေကို သုံးသပ်ပြီး ဆွေးနွေးပွဲစကားဝိုင်းတွင် အဖြေရှာမှ အကောင်းဆုံးကို ရောက်ရှိနိုင်မှာ ဖြစ်ကြောင်း ပြောသည်။
ရခိုင်ပြည်နယ်သည် အဖြူရောင်နယ်မြေ တခုဖြစ်သည့်အတွက် အဖြူရောင် နယ်မြေအပေါ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် AA ကို အခြေချခွင့် မပြုနိုင် ဆိုသည့် အကြောင်းပြချက်ကို တပ်မတော်ဘက်က ဆုပ်ကိုင်ထားသည်။
AA အနေဖြင့် ရခိုင်မြေသည် ရခိုင်တိုင်းရင်းသားများပိုင်ဖြစ်သည့်အတွက် မိမိတို့ ပြည်နယ်ကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ခွင့် ရရှိသည်အထိ ကြိုးပမ်းသွားမည်ဟု ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဦးမောင်မောင်စိုးက “အဲဒီနှစ်ဘက် ကွာဟမှုက တော်တော်ကြီးတယ်ဗျ။ ရောက်နေတဲ့AA တပ်တွေအားလုံး လိုင်ဇာ ပြန်ပို့ ဆိုတာလည်း ဖြစ်နိုင်မှာ မဟုတ်ဘူး။ AA ကလည်း လက်ရှိရခိုင်မှာ နေရာချဖို့ စစ်ဆင်နေဦးမယ်ဆိုရင် စစ်ပွဲက ဆက်ဖြစ်နေဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ ငြိမ်းချမ်း ရေးကော်မရှင်နှင့် AA တို့ တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်ပြည်တွင် ၁ ကြိမ်၊ မူဆယ်တွင် ၁ ကြိမ်၊ မိုင်းလားတွင် ၁ ကြိမ် ပေါင်း ၃ ကြိမ်ထိ ရှိခဲ့သော်လည်း ညှိနိုင်းမှုမှာ အရာမထင်ဘဲ ငြိမ်းချမ်းရေး ခရီးမှာလည်း ဦးနင်း ပဲ့ထောင် ဖြစ်နေသည်။
AA နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့၏ ထပ်မံဆွေးနွေးကြမည့် အရေးမှာလည်း နေရာ အငြင်းပွားမှုကြောင့် ငြိမ်းချမ်းရေး စကားဝိုင်းပေါ်သို့ မြန်မြန်ဆန်ဆန် ခြေဦးမလှည့်နိုင်ကြသေးပါ။ အစိုးရက နေပြည်တော်သို့ လာရောက်ဆွေးနွေးရန် ပြောသော်လည်း ရဲတပ်ဖွဲ့က AA ခေါင်းဆောင်များကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသောကြောင့် AA က ကြားနေရာကို ပိုလိုလားပုံရသည်။ မိုင်းလားတွင် တွေ့မည်ဟု ကနဦး သတင်းများ ထွက်သော်လည်း အတည်မပြုနိုင်သေးပေ။
စကားဝိုင်းဆွေးနွေးပွဲတွင် အဖြေမရှာနိုင်ကြလျှင် ရခိုင်စစ်ပွဲမှာ နောက်နှစ် ပွင်လင်းရာသီ အထိ ကြာရှည်နေအုံးမည့် အခြေအနေ ရှိကြောင်း စာရေးဆရာ ဦးမောင်မောင်စိုးက သုံးသတ်သည်။
ဦးမောင်မောင်စိုးက “ ကျနော် အမြင်ရ ပြောမယ်ဆိုလို့ ရှိရင် အခုလို မိုးတွင်းမှာတောင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဆိုလို့ ရှိရင် တကယ်လို့ စကားဝိုင်းဆွေး နွေးပွဲတွေမှာ သဘောတူညီမှု မရဘူးဆိုလို့ ရှိရင် လာမယ့် ပွင့်လာ ရာသီရောက်ရင် ဒီထက် ပိုကြီးကျယ်လာနိုင်လာနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ပဲ ယူဆပါတယ်။ သိပ်ရှောင်လွဲလို့ မရနိုင်ဘူးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ပွဲ ဘယ်လို ရပ်ကြမလဲ
ရခိုင်ပြည်နယ်လွှတ်တာ်မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးမင်းသူကမူ ငြိမ်းချမ်းရေးကို ရိုးရိုးသားသား ချည်းကပ် အဖြေရှာကြမည်ဆိုလျှင် ပြေလည်သွားနိုင်ကြောင်း လက်ရှိဖြစ်ပွားနေသာ ရခိုင်စစ်ပွဲနှင့် ပတ်သက်ပြီး ဧရာဝတီသို့ မေးမြန်းမှုအပေါ် သူ၏ အမြင်ကို ပြောသည်။
ဒုတိယ ဗိုလ်မှူးကြီးမင်းသူက “ ငြိမ်းချမ်းတာတော့ ကောင်းတာပေါ့။ အခုက မရိုးသားကြလို့ ဖြစ်နေကြတာ။ အားလုံးက ရိုးရိုးသားသား လုပ်ကြမယ်။ ပွင့်ပွင့်လင်းလင်း ချပြကြမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ အခုက မရိုးသားလို့ ဖြစ်နေကြတာလို့ မြင်တယ်။ ဖြစ်နေတာက အဖွဲ့အစည်း ၂ ခု ရှိတာကိုး။ နိုင်ငံတော်ကို ကာကွယ်ရမယ့် အဖွဲ့အ စည်း ရှိတယ်။ အခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့အစည်းရှိတယ်။ ဒီနှစ်ခုကြားမှာ တချို့ဟာတွေက ကျနော်တို့လည်း မသိနိုင်ဘူး။ အားလုံးက ရိုးရိုးသားသား လုပ်ကြမယ်ဆိုရင် ဒီပြဿနာက ပြေလည် သွားမယ်လို့ ထင်တယ်” ဟု ဆိုသည်။
တပ်မတော်နှင့် AA တို့သည် ပကတိ မြေပြင် အခြေအနေအရ နှစ်ဘက်လုံးက လက်တွေ့ကျကျ အဖြေရှာကြည်ဆိုလျှင် ရခိုင်စီမီးကို ငြိမ်းသတ်နိုင်မှာ ဖြစ်ကြောင်း ရခိုင် လက်နက်ကိုင် ပဋိပက္ခကို လေ့လာစောင့်ကြည့်နေသူ ဦးမောင်မောင်စိုးက အကြံပြုသည်။
“ပကတိ အခြေအနေအရ AA တပ်တွေရောက်ရှိနေရာမှာ ရပ်ဖို့ သို့မဟုတ် မြောက်ပိုင်းမှာ တချို့ရောက်ရှိ တဲ့နေရာတွေကနေ ဆုတ်ပြီး ရပ်ပေးဖို့ အစရှိတဲ့ ညှိနိုင်းလို့ ရတဲ့ နည်းပေါင်းစုံတော့ ရှိပါတယ်။ အဲလို လက်တွေ့ကျကျ အခြေ အနေပေါ်မှာ ညှိနိုင်းမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်” ဟု အကြံပြု တိုက်တွန်းသည်။
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ရခိုင်စစ်မီးတောက်လောင်နေခြင်းနှင့် ပတ်သက်ပြီး အတ္တ မာနများကို နှစ်ဘက်လုံးက လျှော့ပြီး ဆွေးနွေးအဖြေရှာကြရန် ဧရာဝတီသတင်းဌာနမှ တဆင့် မေတ္တာရပ်ခံ တိုက်တွန်းသည်။
“ ညီအကိုအချင်းချင်း ဖြစ်တာကို ရန်သူလို ဖြေရှင်းနေကြရင် ဒါ မဟုတ်တော့ဘူး။ အဲလိုဆိုရင် သဘာဝ မကျသေးဘူး။ ကျနော် ပြောချင်တာက ညီအကိုတွေ ဖြစ်တဲ့အတွက် ဒီပြဿနာကို ညီအကိုလို ဖြေရှင်းစေချင်တယ်။ တုတ်ဆွဲ ၊ ဓားဆွဲ ၊ သေနတ်ဆွဲ ဖြေရှင်းကြတာဟာ ဒါ အဖြေ မဟုတ်ဘူး။ အဖြေလည်း မထွက်နိုင်ဘူး။ ပြည်သူတွေ ဒုက္ခရောက်တာကလွဲပြီး အကျိုး မရှိနိုင်ပါဘူး။ ”
ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (Rakhine Ethnic Congress) ၏ စာရင်းအရ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ဘေး ရှောင် လူဦးရေ ၅၅၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။
စစ်ပွဲကာလ အတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြုပ် မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှုတို့ ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး ၊ ပျောက် ဆုံးနေသူ ၉ ဦး ၊ ဖမ်းဆီး ခံရသူ ၁၅၆ ဦး ရှိကြောင်း REC စာရင်းအရ သိရှိရသည်။
ဘူးသီးတောင်မြို့နယ် ၊စိုင်းဒင်ချောင်းတွင် ဧပြီလ ၃ ရက်နေ့က ရဟတ်ယာဉ်ပေါ်မှ ဗုံးကြဲ တိုက်ခိုက်မှုဖြစ်စဉ်တွင် မွတ်ဆလင် ၆ ဦးသေဆုံးခဲ့မှုနှင့် မေလ ၂၁ ရက်နေ့က ကျောက်တော်မြို့နယ် ၊ အလယ်ချောင်း မွတ်ဆလင်ကျေးရွာတွင် လက်နက်ကြီးကျ၍ မွတ်ဆလင် ၂ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ဆိုလျှက် စစ်ပွဲအတွင်း စုစုပေါင်း အရပ်သား ၇၁ ဦး ဆေသုံးမှု ရှိနေပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ
ကျနော့် ဘဝတလျှောက်လုံး ပြေးနေခဲ့ရတာ