နေရာမှာ အဓိကပုဂ္ဂိုလ်နှစ်ဦး လာရောက် တွေ့ဆုံနိုင်ဖွယ် မရှိသော နေရာ ဖြစ်သည်။
ယခုနှစ် ဇွန်လထဲ တုန်းက ဒိုင်ယာနာ မင်းသမီးသည် နယူးယောက်မြို့ ဆောက်ဘရွန့်ရှိ မာသာထရီဇာ ထံသို့ သွားခဲ့သည်။
ကုသိုလ်ဖြစ် သာသနာပြု အဖွဲ့ (Missionaries of Charity) တည်ထောင်ခဲ့သူ မာသာထရီဇာသည် ၎င်း၏ အဖွဲ့ပိုင် ကျောင်းတကျောင်းတွင် နာလန်ထ အနားယူလျက် ရှိသည်။
ကမ္ဘာတွင် မှတ်မိနိုင်စရာ အကောင်းဆုံး အမျိုးသမီး နှစ်ဦး၏ ပတ်လည်တွင် ယခုထက်တိုင် ပြန်လည် တည်ဆောက်ခြင်း မပြုသေးသည့် နေရာတခုမှာ ဖုန်မှုန့်တို့ ပေကျံနေသည့် အဆောက်အအုံများနှင့် မီးလောင်ကျွမ်းထားသည့် မော်တော်ကားများ ပြန့်ကျဲလျက်ရှိသည်။
သူဆင်းရဲတို့၏ သူတော်စင်သည် ထိုနေရာတွင် အထာကျကာ ပျော်မွေ့လျက်ရှိသည်။
မကြာမီတွင် ဒိုင်ယာနာ မင်းသမီး ကိုယ်တိုင်သည်လည်း ထိုသို့သော နေရာမျိုးတွင် အထာကျကာ နေတတ်ထိုင်တတ် ရှိသွားခဲ့ပါသည်။
ထို့ကြောင့်ပင်လျှင် ဒိုင်ယာနာ မင်းသမီးသည် သီလရှင် ဆရာကြီးအား တွေ့ဆုံရန်၊ ဆင်းရဲသားတို့နှင့် သေအံ့ဆဲဆဲ လူမမာတို့အား ပြုစု စောင့်ရှောက်လျက် ရှိသည့် အမျိုးသမီးကြီးကို ဂါရဝ ပြုရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူမကိုယ်တိုင်သည်လည်း ထိုလုပ်ငန်းတွင် စူးစိုက် နစ်မြုပ်လျက် ရှိပါသည်။
သို့ဖြင့် သူတို့ နှစ်ဦးသည် သူတို့ နှစ်သက်သည့် လုပ်ငန်း အကြောင်းကို တနာရီခန့် ဆွေးနွေးခဲ့ကြသည်။
ဒိုင်ယာနာ မင်းသမီးက မာသာထရီဇာအား ဘီးတပ်ကုလားထိုင်မှ ထူပေးသည်။ ထို့နောက် သူတို့ နှစ်ဦးသည် တိုင်ပင် ဆွေးနွေးရာမှ လက်ချင်းတွဲ၍ ထွက်လာခဲ့ကြသည်။
ကလေးများက သူတို့ကို အသံစီစီ ကလေးများဖြင့် ဆီးကြိုကြသည်။
နို့နှစ်ရောင် ဝတ်စုံကို ဝတ်ထားသည့် ဒိုင်ယာနာက ဆာရီ ဝတ်ထားသည့် အဖော်ကို မိုး၍ ရပ်နေသည်။
“အော့ဇ်ကမှော်ဆရာ” ဇာတ်ကားတွင် ဘီလီဘာ့က် က မန့်ချ်ကင်းကို မိုးထားသည်နှင့် တူသည်။
သူတို့ နှစ်ဦးသည် တဦးကို တဦး ချစ်ခင်ယုယကြသည်။ တဦးနှင့် တဦး မျက်နှာချင်း အပ်ကြသည်။
မာသာထရီဇာက လက်နှစ်ဖက် ယှက်ကာ အိန္ဒိယ လူမျိုးတို့၏ နာမာစတေး ဟန်ဖြင့် အဝင်အထွက် နှုတ်ဆက်သည်။ မင်းသမီးက ငွေရောင် မော်တော် ကားကြီးပေါ်သို့ တက်သွားသည်။ ထိုမျှသာ ဖြစ်သည်။
ယခုတော့ သူတို့ နှစ်ဦးစလုံး တပတ် အတွင်းတွင် ကွယ်လွန်သွားခဲ့ကြလေပြီ။ ကျန်ရစ်သူတို့မှာ ဆုံးရှုံးမှုကို မည်သို့ လက်ခံရမည်ဟုပင် နားမလည်နိုင်အောင် ဖြစ်ကြရသည်။
မည်သို့ ဖြစ်စေ သူတို့ ကွယ်လွန်ခြင်းသည် ဇာတ်လမ်း နှစ်ပုဒ် အဆုံးသတ်ခြင်းပင် ဖြစ်သည်။
ဒိုင်ယာနာ မင်းသမီး ကွယ်လွန်ခြင်းမှာ ထူးခြား အရေးပါမှု များစွာ မရှိလှသည့်တိုင် ပို၍ စိတ်ထိခိုက်စရာ ကောင်းပါသည်။ တကယ့် အမှန်ဝေဒနာများကို ခံစားသွားရသည့်၊ တကယ့် အမှန် ပုဂ္ဂိုလ်များက ပြသွားသည့် တော်ဝင် ဇာတ်လမ်းတခု ဖြစ်ပါသည်။
သူမ ကွယ်လွန်သွားသည့် အခါ၌ သူမ၏ အဖြစ်အပျက်ကို ခပ်တိုတိုသာ ဖော်ပြပြီး နောက်ပိုင်းတွင် လိုက်လာသည့် တိတ်ဆိတ်မှုကလည်း ကြီးမားလွန်းပါသည်။
ကမ္ဘာတဝန်းမှ လူထုများ မဆုံးနိုင်အောင် တန်းစီ၍ ရပ်နေသည့် အကြောင်းတခုမှာ သူတို့ ကြားလိုသော ဇာတ်လမ်း တပုဒ် ပြီးဆုံးသွားပြီကို သိသောကြောင့် ဖြစ်သည်။ (အတွေးထဲတွင်တော့ ရှိဦးမည်သာ ဖြစ်ပါသည်။)
မာသာထရီဇာ၏ ဇာတ်လမ်းမှာမူ ရှေ့တွင် ဆက်လက် ဖြစ်ထွန်းမည့် သဘော ဆောင်နေပြီး ပရိသတ်တို့ အလွယ်တကူ ထပ်တူ ထပ်မျှ ခံစားနိုင်သော အကြောင်းအရာ များများ မရှိလှပါ။
သူမ၏ တသက်တာမှ နှစ်ကာလ တော်တော်များများတွင် ကာလကတ္တားက ညစ်ပတ်သော လမ်းများပေါ်မှ သေအံ့ဆဲဆဲ လူနာကို ကောက်ယူ ပွေ့ချီသည့်အခါမှာ ဖြစ်စေ၊ ဆင်းရဲသူ၊ မျှော်လင့်ချက် မဲသူ၊ စွန့်ပစ်ခံရသူ၊ အထီးကျန်ဖြစ်သူ တို့၏ ဒဏ်ရာ ဟောင်းလောင်းကြီးများကို ပြုစုကုသပေးရာမှာ ဖြစ်စေ သူမနောက်သို့ မည်သည့် ကင်မရာကမှ လိုက်ရိုက်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်ပါသည်။
နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက သူမကို ကျော်ကြားမှုဖြင့် ဖောက်ခွဲလိုက်သည့် အခါ၌ သူမသည် သူမ၏ ဘဝထုပ္ပတ် တော်တော်များများကို ရေးပြီးလေပြီ။ သူမ၏ ဇာတ်လမ်းတွင် ဇာတ်လမ်း ဇာတ်ကွက် များများလည်း မရှိပါ။
ဦးတည်ချက် ပြောင်းလဲခြင်း မရှိသော အဓိက ဇာတ်ဆောင် တယောက်၊ သို့တိုင် ကြီးမြတ်သော ရည်ရွယ်ချက်ရှိသည့် ဇာတ်ဆောင် တယောက်သာ ပါဝင်ပါသည်။
မာသာထရီဇာ၏ ဇာတ်လမ်း ပြီးဆုံးခြင်းသည် သူမ၏ ကုသိုလ်ဖြင့် သာသနာပြု အဖွဲ့၏ လုပ်ငန်း ပြီးဆုံးခြင်း မဟုတ်ပါ။ သူမ ကွယ်လွန်သည့် အခါ၌ ဝမ်းနည်း ထိတ်လန့် သံဝေဂ မဖြစ်ခြင်းမှာ ထိုအကြောင်းလည်း အကြောင်းတခု ဖြစ်ပါသည်။ (အသက်ကြီးသည့် အကြောင်းလည်း ပါပါသည်။)
အမျိုးသမီး နှစ်ဦးတို့သည် ကုသိုလ် ဒါနနှင့် ပတ်သက်သော စေတနာတွင် ပေါင်းဆုံမိကြပါသည်။ ကုသိုလ် ဒါန ဆိုသည်မှာ တော်တော် စိတ်ထားတတ်မှ မြတ်သည့် အလုပ်မျိုး ဖြစ်ပါသည်။
ဘရွတ်ကလင်းတွင် ကျနော် သိခဲ့ပြီး သူ့ဘဝ တလျှောက်လုံးတွင် ဆင်းရဲသားများ အတွက် အလုပ် လုပ်ခဲ့သည့် သီလရှင် မေရီက “ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ လူတွေဟာ တော်တော်တော့ ထူးဆန်းတယ်။ သူတို့ဘဝမှာ တခုခုတော့ လိုနေတယ်လို့ ခံရလိမ့်မယ် ထင်တယ်။ သူတို့မှာလည်း အတ္တ ရှိနိုင်သေးတယ်။ သူတပါး အတွက် ဖြည့်စွမ်း ပေးရတာတွေ ရှိသေးတယ်။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်တော့ စိတ်ကောင်း ရှိပြီး ပေးကမ်း စွန့်ကြဲတဲ့သူ ဖြစ်ချင်တာ ချည်းပဲ။ ဒါလည်း ဘာမှ မမှားပါဘူး။ ဒါပေမယ့် ဒီရည်မှန်းချက်လောက်ကလေးနဲ့ ပြီးမသွားသင့်ဘူး။ အဆုံးစွန် ရည်မှန်းချက် ကတော့ လှူသူနဲ့ အလှူခံရသူတို့ နေထိုင်ကြတဲ့ စနစ်ထဲမှာ အပြောင်းအလဲ လုပ်ရေး ဖြစ်တယ်” ဟု ပြောဖူးပါသည်။
ဒါန ဆိုသော စကားလုံး (ပေးကမ်း စွန့်ကြဲခြင်း) ဆိုသည့် စကားလုံးထဲတွင် မေတ္တာ၏ အနက်သဘော ပါနေသည်ဟု ယူဆပါသည်။
“မေတ္တာ ဆိုတာ လူတွေကို ကောင်းတယ်၊ ဆိုးတယ်၊ ယုတ်တယ်၊ မြတ်တယ်လို့ ခွဲခြား ကြည့်နေတာ မဟုတ်ပါဘူး။ မေတ္တာ ဆိုတဲ့ သဘောက ပုဂ္ဂိုလ်ရဲ့ လျှို့ဝှက် ဆန်းကြယ် နက်နဲမှုမှာ အခြေခံတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာလည်း တိုင်းထွာ ချိန်ဆလို့ မရနိုင်ဘဲ ကျမတို့ မသိတဲ့ တနေရာကို သွားနေတယ်” ဟု မေရီက ပြောပါသည်။
သဘောမှာ ဘဝသည် ခရီးကြီး တခုဖြစ်ပြီး ထိုခရီးတွင် တယောက်နှင့် ဆုံလိုက် ကြုံလိုက်ကြရခြင်းသာ ဖြစ်သည် ဆိုသည့် သဘော ဖြစ်ပါသည်။
မာသာထရီဇာသည် ထိုသဘောကို ခံစားမိပုံ ရပါသည်။ သူမ၏ လုပ်ငန်းနှင့် ပတ်သက်၍ ဝိဝါဒ ကွဲလွဲစရာ ဖြစ်ပေါ်လာတိုင်း သူ၏ အဓိကရ အပြုအမူမှာ ဒုက္ခရောက်သူတို့ ဘက်သို့ ယိုင်းပင်းကာ ၎င်းတို့အား ဘုရားသခင်၏ ဘုံသို့ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။
သူမ ကူညီ စောင့်ရှောက်သူများမှာ ကြွက်တို့ ကိုက်ဝါးခြင်း ခံရပြီး အသားထဲတွင် လောက်တွယ်နေသူများ ဖြစ်ပါသည်။ သူတို့ အတွက် သူမ အလိုရှိသောအရာမှာ လူသား၏ ဂုဏ်သိက္ခာ ဖြစ်ပါသည်။
မေတ္တာသည် ပုဂ္ဂိုလ်၏ နက်နဲ ဆန်းကြယ်မှုတွင် အခြေခံသည်ဟု ဆိုလျှင် ဘုရားသခင်၏ အခွင့်အာဏာတော်ကိုမူ ပူဇော်မည့်သဘော ပါနေပါသည်။
အခြားသူများအား စီရင် ဆုံးဖြတ်ခြင်းသည် မသင့်လျော်ပါ။
ထိုသဘောသည် မာသာထရီဇာ နှင့် ဒိုင်ယာနာ မင်းသမီးတို့တွင် ကိန်းအောင်းနေသည်ဟု ယူဆပါသည်။ ဒုက္ခရောက်သူ များအား ကူညီရန် အားထုတ်ခြင်း၊ စာနာခြင်းတို့သည် အကဲဖြတ်လိုသည့် ဆန္ဒထက် ကြီးမြတ်ပါသည်။
ထို့ကြောင့်ပင်လျှင် သူတို့ နှစ်ဦးသည် ဆောက်ဘရွန့်တွင် တွေ့ဆုံခြင်း ဖြစ်ဟန်တူပါသည်။ သူတပါးအား ယုတ်မြတ်မရွေး စာနာ ထောက်ထားတတ်သောကြောင့် သူတို့ကို လူအများက ချစ်ခင်မြတ်နိုးကြခြင်း ဖြစ်ပါသည်။
ဒိုင်ယာနာ အတွက် ပြည်သူက ဝိုင်းဝန်း ပူဆွေးကြပုံသည် အဖြစ်အပျက်ထက်ပင် ကြီးကျယ် ထင်ရှားသွားခဲ့ကာ မည်သည့် အရေးကိစ္စနှင့်မျှ ဆက်စပ်ခြင်း မရှိသော နိုင်ငံတကာ ပူဆွေးကြေကွဲမှုကြီး၏ အသွင်ကို ဆောင်ခဲ့ပါသည်။
ကမ္ဘာကြီးသည် ဝမ်းနည်းပူဆွေးဖို့၊ ကိုယ့်ကိုယ်ကိုယ် စာနာသနားဖို့ လိုအပ်နေပြီလားတော့ မပြောတတ်ပါ။ ထိုစာနာသနား မှုသည် ယာယီမျှပင် ဖြစ်စေကာမူ ယေဘုယျ ဆေးကြော သန့်စင်မှုကို ယူဆောင်လာမည်မှာ အမှန် ဖြစ်ပါသည်။
ယင်းမှာ ရုပ်မြင်သံကြား စက်မှ သွေးထိုးလှုံ့ဆော်ပေးသည့် ခံစားချက် အတုအယောင်မျှသာ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မည်။
သို့ရာတွင် ဈာပနတွင် ပို့ဆောင်သူ နည်းသည့်တိုင် သမိုင်းတွင်မူ မာသာထရီဇာ အတွက် ခံစားမှုမှာ ထိုသို့ မဟုတ်နိုင်ပါ။
မင်းသမီး ဒိုင်ယာနာကို ဝတ်ကြောင်ဝတ် သူတော်စင် အဖြစ် သဘောထားကြပါလိမ့်မည်။ သို့ရာတွင် မာသာထရီဇာမှာကား သူတော်စင် အစစ်အဖြစ် အသိအမှတ်ပြု ခံရမည်သာ ဖြစ်သည်။
ထိုအချက်ကို ပြောရခြင်းမှာ သူတို့ နှစ်ဦးအား မစာမနာ၊ မညှာမတာ နှိုင်းယှဉ်ပြနေခြင်း မဟုတ်ပါ။ သူတို့ နှစ်ဦးစလုံး ကလည်း အချင်းချင်း နှိုင်းယှဉ်သင့်သည်ဟု သဘောထားကြမည် မထင်ပါ။
ထိုနေ့က သူတို့ နှစ်ဦး တဦးကိုတဦး သံယောဇဉ် တွယ်ငင်ကြခြင်းမှာ ပုဂ္ဂိုလ်၏ လျှို့ဝှက် ဆန်းကြယ်မှုကို ပကတိဉာဏ်ဖြင့် ချစ်ခင် တွယ်တာခဲ့ကြသောကြောင့်သာ ဖြစ်ပါသည်။ ကျနော်တို့သည်လည်း ခရီးကို သွားနေကြသော သူတို့အား အလားတူ ချစ်ခင်ကြင်နာမှုမျိုးဖြင့် ကျန်ရစ်ခဲ့ကြပါသည်။ ။
ရည်ညွှန်း –
An Old Lady and a Young Lady by Roger Rosenblatt.
Time, September 15, 1997
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို ချမ်းမြေ့ ရတနာ စာအုပ်တိုက်က ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ခရမ်းလွန် နွေဦး၌ ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း နှင့် သမိုင်း ပုံရိပ် အက်ဆေးများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)













