နတ်တော်လ ဆန်းစပြုပြီ ဆိုကတည်းက ရပ်ကွက် အသီးသီး၊ မြို့နယ် အသီးသီး တို့တွင် စာပေ ဟောပြောပွဲများ ကျင်းပလာကြသည်။
စာပေ ဟောပြောပွဲများကို မည်သူကပင် ကမကထ ပြုကာ စီစဉ်ကျင်းပသည် ဖြစ်စေ၊ တူညီသော ရည်မှန်းချက်မှာ စာပေ ရေးသားသူများ နှင့် စာဖတ်ပရိသတ်တို့ နီးစပ်ဖို့ရာပင် ဖြစ်သည်။
စာရေးသူက မိမိ ရေးသားခဲ့ပြီး စာပေများ၊ ရေးသား ပြုစုဆဲ ပြုလတ္တံ့သော စာပေဦးတည်ချက်များကို ရှင်းလင်း တင်ပြကာ စာပေ ဗဟုသုတ ဖြစ်ဖွယ်ရာများနှင့် ဆွေးနွေး တင်ပြသည်ကို ပရိသတ်က နားထောင်ရင်း မိမိတို့ ပင့်ဖိတ်ထားသည့် စာရေးဆရာ၏ စာပေ အတိမ်အနက်၊ စာပေ ဦးတည်ချက် တို့ကို ခန့်မှန်းနိုင်ပေသည်။
လာရောက် နားသောတ ဆင်သည့် ပရိသတ်သည် နားထောင်ရုံ သက်သက်မှ တပါး ပြန်လည် ချေပနိုင်သည့် အခွင့်အရေး မရှိခြင်းကြောင့် ဟောပြောသူက အများ လက်သင့်ခံနိုင်အောင် မျှမျှတတ ဟောပြောမှသာလျှင် ပညာ၊ သတိ၊ သမာဓိ နှင့် ပြည့်ဝသော စာရေးဆရာ မည်ပေသည်။
မိမိက တဖက်သတ်ချည်း ပြောခွင့် ရှိနေခြင်းကြောင့် အခွင့်အရေး သုံးလျက် မိမိကိုယ်ပိုင် ခံယူချက်ကို တရားလွန် ဆွဲဆန့်ကာ သူတပါး အခွင့်အရေး ထိပါး စော်ကားစွာ ဟောပြောသူသည် စာရေးဆရာ တဦး မဟုတ်ပေ။
ဒေါင်းယောင် ဆောင်သော ကျီး တကောင်သာလျှင် ဖြစ်သည်။
ယနေ့ စာဖတ် ပရိသတ်သည် ညာဝါး ဖြီးဖြန်း၍ ရေးသားခြင်းမျိုးကို တွန်းထိုး ဆန့်ကျင်လာနိုင်ပြီ ဖြစ်သည်။
ပရိသတ်ကို အထင်သေး၍ မရပါ။ မိမိခံယူချက်၊ တင်ပြချက်များကို အမှုန့်ချေပစ်နိုင်သူ များလည်း စာဖတ် ပရိသတ်တွင် ရှိနေသည်။
စာရေးသူ အမည် ခံယူထားသူ များသည် စာပေ အနုပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာ တို့တွင် မဟောမူဘဲ စိတ်ထင်စွဲရာ ဟောပြောခြင်းမှာ စာဆိုတော်နေ့ ဟူသည်ကို ပျက်ရယ် ပြုရာ ကျသည်။
ရသ စာပေမျိုးကို သိုးသိုးသန့်သန့် အနံ့ပင် မခံဘူးပါလျက် စာပေ စင်မြင့်ထက် ခပ်တည်တည် တက်လာခြင်းသည် လွန်လေသူ ရှေးစာဆိုတော်ကြီးများ၏ မျက်နှာကို တံတွေးနှင့် ထွေးရာကျသည်။ မြတ်နိုးအပ်သော သင်္ချိုင်း ဂူကို ခွေးသေးပန်းသည့် ပမာ တူလှစွာသည်။
ယနေ့ စာပေ လုပ်သားတို့၏ အာဝါးဆန့် ခရီးဝယ် သရုပ်ဆောင် အနုပညာနယ်မှ ပုဂ္ဂိုလ် အချို့လည်း ပါဝင်လာသည်ကို တွေ့ရသည်။

ယခင်နှစ်များလောက်ဆီက အစပြုလျက် ပန်းချီ အနုပညာသည်များကို စာပေသမားများက လက်တွဲ ခေါ်ရာမှ အစပြု လာခဲ့ခြင်းပင် ဖြစ်သည်။
ကောင်းသော လက္ခဏာ တရပ်ဟူ၍ ယတိပြတ် သတ်မှတ်ရန်တော့ ခက်သည်။
အမှန်အားဖြင့် ဆိုသော် စာပေ ရေးသားခြင်းဖြင့် အသက် မွေးဝမ်းကျောင်းမှု ပြုသူ တဦးသည် သူ့ပရိသတ်နှင့် ပုဂ္ဂိုလ်ချင်း ထိတွေ့ ရင်းနှီးခြင်းသည်ပင် ကောင်းမကောင်း ဟူသည်မှာ သိမ်မွေ့သော တွေးဆချက် တရပ် ဖြစ်နေသည်။
စာပေ ရေးသားသူသည် စာသာလျှင် အဓိကထား ရေးသား၍ “အာ” အားဖြင့် ဟောကြားရန် မလိုဟု ယူဆသော ကျောင်း ဟောင်း ရှိသလို၊ ပရိသတ်နှင့် ထိတွေ့ ရင်းနှီးမှုသာ ပိုမို ထိရောက်သည်ဟု ယူဆသော ကျောင်းသစ်လည်း ရှိသည်။
တခုတော့ ရှိသည်။
စာရေးသူကို ပရိသတ်က ရင်းရင်းနှီးနှီး သိရှိလာသော အခါတွင် စာရေးဆရာ၏ အမူအကျင့် များကို တတ်နိုင်သမျှ ချုပ်ကိုင် နိုင်လာကြသည်။
နယ်တွင် အရက်သေစာ အလွန်အကျွံ မူးသော စာရေးဆရာသည် တခါနှစ်ခါ သာလျှင် ရမည်။ ကြာတော့ သူ့ကို လူရွံ လာသည်။ ထုတ်ဝေသူ ထံမှ ငွေလိမ်သည့် စာရေးဆရာသည် စင်ပေါ် မတက်ရဲတော့။ သူ့အကြောင်းကို လူထုက သိကြပြီကိုး။
အလားတူပင် ကိုယ်ကျင့်တရား ပျက်သော စာရေးသူများကိုလည်း ပရိသတ်က နောက်ကွယ် ဇာတ်လမ်းစုံ သိလာသည့် အခါတွင် မျက်နှာ ဘယ်လို ဝှက်သာမည်နည်း။
ရုပ်ရှင်နယ်မှ သင်ခန်းစာ ရနိုင်ခဲ့ကြပြီ ဖြစ်သည်။
ပြည်သူအများရှေ့ အရက်မူး ရမ်းကားသူ၊ စင်ထက်တွင် အရက်မူးနေ၍ မဆိုနိုင် မကနိုင်သူ၊ လူသေအောင် ကားမောင်း သရမ်းသူ၊ မုဒိမ်း ပုဒ်မ အတပ်ခံရသူ၊ ကြာကူလီ ဟု လူသိသူ သရုပ်ဆောင်များသည် ရုပ်ရှင် ပိတ်ကားနှင့် ဇာတ်စင်ပေါ်၌ ဖိတ်ဒ် အောက် နှင့် ဘဝ ပြောင်းခဲ့ကြပြီ ဖြစ်သည်။
စာရေးဆရာ၏ ကိုယ်ပိုင်ဘဝသည် ပြည်သူ့ ဘဝ၊ ပြည်သူပိုင် ဖြစ်လာသည့် တနေ့၌ စာရေးဆရာများသည် မိမိတို့၏ လူနေမှု ဘဝများကို ပန်းပင် ပျိုးသည့် သဖွယ် အမြတ်တနိုး ပျိုးလာကြမည် ဖြစ်သည်။
အဆိပ် ပန်းဆိုး တို့သည်လည်း ညှိုးကြမည် ဖြစ်သည်။
ဒေါင်းယောင် ဆောင်နေသည့် ကျီးမျိုးသည်လည်း နှုတ်သီးထိုး ခံကြရမည် ဖြစ်သည်။ ။
(စာရေးဆရာကြီး မောင်သော်က ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ပင်စင်နာ တဦး၏ အတွေးအထင် ပထမအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














