နဖူးပေါ်တွင် ဆံရစ်ကလေး ချပြီး မြန်မာ ဆန်ဆန် လှပသော ရုပ်ရှင် မင်းသမီးကလေး မြင့်မြင့် ကို ပရိသတ်သည် အထူး တမ်းတ စွဲလမ်းခဲ့ရသည်။
မြင့်မြင့်၏ ဇာတိမှာ မော်လမြိုင် ဈေးကြီးဘက်တန်းမှ ကုန်သည် ဦးမောင်ကြီးနှင့် ဒေါ်စိန်ရင် တို့၏ သားသမီး ၇ ယောက် အနက် တတိယမြောက် သမီး ဖြစ်သည်။
မော်လမြိုင်သူ မြင့်မြင့်မှာ သထုံ အေဘီအမ် မှ ၇ တန်း အောင်ခဲ့ပြီး အစ်မ ဖြစ်သူ ခင်ရီ နှင့် မတင်တင် တို့ကို အေဝမ်းက မင်းသမီး ရွေးရန် ခေါ်ရာသို့ လိုက်သွားရင်း အစ်မ ၂ ယောက် အရွေးမခံရဘဲ သူက အမူအရာ ကောင်း၍ ၁၄ နှစ်နှင့် မင်းသမီး ရွေးခံခဲ့သူ ဖြစ်သည်။
ထိုအချိန်ကား ၁၉၃၃ ခုနှစ် အောက်တိုဘာလ ဖြစ်သည်။
ပထမဆုံး လူရွှင်တော် ဖူးကြီး နှင့် တွဲ၍ ဖူး ဇာတ်ကားကို စတင် ရိုက်ကူးခဲ့ရာ ၎င်းကားနှင့်ပဲ မင်းသမီး အဖြစ် အသိအမှတ် ပြုခြင်း ခံခဲ့ရသည်။
၎င်း ကား အပြီးတွင် စိမ်းရွှေရွှေ ကား၌ မင်းသား ကျော်အေး၊ ချစ်ဆွေ၊ မင်းသမီး မေမေဝင်း တို့နှင့် တွဲ၍ ရိုက်ကူးခဲ့သည်။
ထို့နောက် မောင်တင်မောင်၏ မြဂနိုင် မှာ ချစ်ဆွေ နှင့် တွဲ၍ ခေါင်းဆောင် မင်းသမီး အဖြစ် အလွန် လူကြိုက်များခဲ့ လေသည်။
မြင့်မြင့်သည် ငယ်စဉ်ကပင် စက်ဘီးစီး၊ ယောက်ျားလေးလို ဝတ်၍ သထုံ၊ မော်လမြိုင် မိုင် ၄၀ ကို ခရီးကြမ်း နင်းနိုင်ခဲ့သည်။ ကစား ခုန်စားလည်း အလွန် ဝါသနာ ပါသည်။
မြဂနိုင် နှင့် ပျိုတို့မောင် ရိုက်ခဲ့စဉ်က အသက်မှာ ၁၄ နှစ်သာ ရှိသေးသည်။ ဆရာသမား စကားကို နားထောင်ပြီး အနေအထိုင် ကျစ်လျစ်သဖြင့် လူချစ်လူခင်လည်း များသည်။
ကားရိုက်မှသာ သူ့ကို မြင်ရ၍ အပြင်ထွက်လေ့မရှိ။ ကားရိုက်ပြီးလျှင် သူ့အခန်းမှာပဲ နေတတ်သည်။
မာန်မာနကြောင့် မဟုတ်၊ သူ့သဘာဝ အလျောက် အပြောအဆို သိမ်မွေ့ နူးညံ့သည့်အပြင် အစားအသောက်လည်း ဆင်ခြင်တတ်သည်။
သူဌေးက အစ တခုခု ကျွေးလျှင် မစားဘူးဟု မပြော၊ စားပြီးပြီဟု စကားလှအောင် သုံးတတ်သူ ဖြစ်သည်။
စက်ဘီးစီး၊ တာဝေးပြေး၊ တန်းခုန်၊ ကြိုးခုန်၊ မြင်းစီးလည်း လေ့ကျင့်ခဲ့သည်။ ကားရိုက်သည့် အခါ ကိုယ်တိုင် မြင်းစီးသည်။ လူစားထိုးရန် မလို။
ကားမရိုက်သည့် အခါ ဆွယ်တာ ထိုး၍ နေတတ်သည်။ အင်္ဂလိပ်၊ မြန်မာ ရုပ်ရှင်ကားများကိုလည်း ည ၉ နာရီခွဲ ပွဲကို မှောင်မှ ဝင်ကြည့်တတ်လေသည်။

မြဂနိုင် ဇာတ်ကား ရိုက်ကူး ပြသပြီး၍ နီလာရောင်၊ ကြယ်တာရာ၊ ပြဒါးရှင်၊ စိုးပါနဲ့မေ ဇာတ်ကားများကို တပြိုင်တည်း ရိုက်ကူးနေရင်း တိုက်ဖွိုက် ရောဂါဖြစ်၍ ရန်ကုန် ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ရာ အသုဘ အခမ်းအနားကို ပြဒါးရှင် ကား၌ ရိုက်ကူး ပြသခဲ့ကြ၍ သူချစ်သော ပရိသတ်ကြီးမှာ ယူကျုံးမရ ဖြစ်ခဲ့ရသည်။
အသက် ၁၇ နှစ်အရွယ် လျှမ်းလျှမ်းတောက် နာမည်ကြီးနေဆဲ ရုတ်တရက် ကွယ်လွန်သွားခဲ့သဖြင့် နှမြောတသ၍ မဆုံးကြပါ။
ဆေးရုံကြီးမှ သရက်တော ကျောင်းတိုက်တွင် ရွှေ့၍ အသုဘကို ရုပ်ရှင် နယ်ပယ်မှ မိသားစုက ဧည့်ခံခဲ့ကြသည်။
ရေတပ်၊ မီးသတ်၊ အေဝမ်း အဖွဲ့သားများ၊ ရုပ်ရှင် ကုမ္ပဏီ ပေါင်းစုံမှ ပညာရှင်များ၊ ဈေးသူဈေးသားများ၊ ကျောင်းသား၊ မိတ်ဆွေ သင်္ဂဟ၊ ရုပ်ရှင် ပရိသတ်များက စည်စည်ကားကား လိုက်၍ ပို့ခဲ့ကြသည်။
မေရီမြင့် နှင့် မြင့်မြင့်မှာ သရက်တော ကျောင်းတိုက်တွင် အလောင်းပြင် ဧည့်ခံဖို့ ဇတာပါလာ ရှာကြဟန် တူပါ၏။
ဂျူဗလီဟောတွင် ကျင်းပခဲ့သော ရဲတပ် ကပွဲကြီး၌ အချိုးအဆစ်ကျကျ ယောက်ျားကလေးလို၊ ဘောင်းဘီရှည်၊ ရှပ်လက်ရှည် ဝတ်၍ ပိုးလည်စီး အစိမ်းလေးနှင့် စက်ဘီး စီးပြသော မြင့်မြင့်၏ ရူပါရုံကို ပရိသတ် မျက်စိထဲမှာ နှစ်ပေါင်း များစွာကြာအောင် မဖျောက်ပစ်နိုင်ခဲ့ကြပါ။
၁၂၉၆ ခုနှစ် တပေါင်းလဆန်း ၁၀ ရက်နေ့ကား နာမည်ကျော် ရုပ်ရှင် မင်းသမီး မြင့်မြင့်ခမျာ အညွန့်တလူလူ နှင့် ကျော်ကြား နေခိုက် ရုတ်တရက် ဇီဝိန် ချုပ်ခဲ့ရသော အမှောင်နေ့ကြီးပင် ဖြစ်သည်။ ။
မှတ်ချက်။ ။ အဆိုပါ ခေတ်ဟောင်း အသံတိတ် ရုပ်ရှင် “မြဂနိုင်” ဇာတ်ကားသည် ကုလသမဂ္ဂ ပညာရေး သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၏ ဒေသအဆင့် အမွေအနှစ် အဖြစ် ပထမဆုံး အကြိမ် စာရင်းသွင်းခံခဲ့ရသော ဇာတ်ကား ဖြစ်သည်။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)












