မြန်မာစကား မြန်မာစာကို အထူး လေ့လာ ဆည်းပူးပြီး သင်ကြားပို့ချသော နိုင်ငံခြားသား ပညာရှင်များတွင် မြန်မာ စာပေ ကို အထူးပြုသော ပညာရှင် အရေအတွက်က မြန်မာ ဘာသာစကားကို အထူးပြုသော ပညာရှင် အရေအတွက် ထက် နည်းသည်ကို သတိပြုမိပါသည်။
ထိုနည်းပါးသော စာပေပညာရှင်များတွင် ပါဝင်သူ တဦးမှာ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြား ဘာသာသင် တက္ကသိုလ် (ယခု အိုဆာကာ တက္ကသိုလ်) မှ မြန်မာစာ ပါမောက္ခ ဆရာမ မိဒိုးရိ မီနာမီဒါ (Ms. Midori Minamida) ခေါ် ဒေါ်ပန်းခက် ဖြစ်သည်။
ထို တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ဖို့ ကျနော် သွားရခါနီးတွင် မြန်မာနိုင်ငံသို့ ခေတ္တ ရောက်နေသော ဆရာမ ဒေါ်ပန်းခက်နှင့် စတင် သိကျွမ်းရသည်။
ဒေါ်ပန်းခက် ၏ မိတ်ဆွေ ဆရာမကြီး ဒေါ်မာလေး (မမမာ) က မိတ်ဆက်ပေးသည့် အတွက် သိကျွမ်းရခြင်း ဖြစ်သည်။
ဆရာမက ကျနော်လာမည်ကို ဝမ်းသာ ကြိုဆိုပါကြောင်း ပြောပြီး ကြိုတင် သိထားသင့်သည့် နေရေးထိုင်ရေး ကိစ္စများ၊ သင်ကြားရေး ကိစ္စများကို ရှင်းပြပါသည်။
“ဆရာ ရောက်လာရင် လိုအပ်တဲ့ အကူအညီ ပေးပါ့မယ်၊ စိတ်မပူပါနဲ့” ဟုလည်း ရင်းရင်းနှီးနှီး ပြောသည်။
၁၉၉၇ ခု နိုဝင်ဘာလတွင် ကျနော်တို့ မိသားစု အိုဆာကာသို့ ရောက်သည့် နေ့ကစ၍ မြန်မာနိုင်ငံသို့ ပြန်သည့် နေ့အထိ ၂ နှစ် ကာလတွင် ဆရာမ ဒေါ်ပန်းခက်သည် ကျနော်တို့ မိသားစု၏ ကိစ္စအမျိုးမျိုးတွင် များစွာ အကူအညီ ပေးခဲ့ပါသည်။
ရောက်ရောက်ချင်း နိုင်ငံခြားသား မှတ်ပုံတင် လုပ်ရသည့် ကိစ္စကစ၍ ရောက်စမှာ ခဏနေရသော ဧည့်ရိပ်သာမှ အတည် တကျ နေရမည့် အိမ်သို့ ပြောင်းရွှေ့သည့် ကိစ္စ၊ ကုန်တိုက်၊ ဘဏ်၊ စာတိုက် စသည့် အမြဲသွားရမည့် နေရာများသို့ ကြိုတင် လိုက်ပို့ပေးသည့် ကိစ္စ၊ ရောက်ရောက်ချင်း မသွားတတ် မလာတတ်သေးသော ကျနော့်ကို ကျောင်းသွား ကျောင်းပြန် အကြို အပို့ လုပ်ဖို့ ကျောင်းသားများကို တာဝန်ပေးသည့် ကိစ္စ၊ တနှစ်တခါ ဆေးစစ်သည့် ကိစ္စ၊ စာကြည့်တိုက်မှ စာအုပ်များ ကို အလွယ်တကူ ငှားရမ်းနိုင်ဖို့၊ မိတ္တူ ကူးနိုင်ဖို့ စီစဉ်ပေးသည့် ကိစ္စ စသည်ဖြင့် ကိစ္စ အမျိုးမျိုးကို ကိုယ်တိုင် လိုက်လုပ်ပေးသည်။
ဆရာမသည် ခေတ်သစ် မြန်မာစာပေကို အထူး အာရုံစိုက်၍ လေ့လာသည်။
အထူးသဖြင့် မြန်မာ ဝတ္ထုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသည်။ တပည့်များကို ဆယ်စုနှစ် အလိုက် မြန်မာ ဝတ္ထုများ ပို့ချပေးသည်။ တပည့်များကို ကြိုတင် ဖတ်ထားစေပြီး အတန်းထဲမှာ ဆရာမနဲ့ ဆွေးနွေးခိုင်းသည်။
ဆရာမနှင့် ရင်းနှီးလာသော အခါ ဆရာမအကြောင်းကို မေးရင်းမြန်းရင်း သိလာရသည်။
မပန်းခက် ဆိုသော မြန်မာ နာမည် လှလှကလေးကို ဘယ်လိုရလာခဲ့ကြောင်း စပ်စုကြည့်သော အခါ အင်းလေးမှ ကိုစိုးမောင် (မောင်တင်မြိုင်-အင်းလေး) ပေးသည့် နာမည် ဖြစ်ကြောင်း ပြောပြသည်။
ကိုစိုးမောင်မှာ မြန်မာ ဘာသာစကား မြန်မာစာပေ တို့နှင့် ပတ်သက်ပြီး နိုင်ငံခြား ပညာရှင်များကို အကူအညီ ပေးနေသူ ဖြစ်သည်။
(နှစ်အတန်ကြာကပင် ကွယ်လွန်ရှာပါပြီ) ဒေါ်ပန်းခက် နှင့် စာရေး ဆက်သွယ်ရင်း ခင်မင်သွားပြီး ထိုနာမည် ပေးခြင်း ဖြစ်ကြောင်း၊ လူချင်း မမြင်ဘူးကြောင်း ဆရာမက ပြောပြသည်။
ဆရာမက အာရှ ယဉ်ကျေးမှုကို စိတ်ဝင်စားသည်။ ဂျပန်နှင့် မျက်နှာချင်း ဆင်သော လူမျိုးများက ကိုယ်နားမလည်သော ဘာသာစကား ပြောနေသည်ကို ကြားရသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။
မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်တို့ အကြောင်း ဖတ်ရသည်။ တက္ကသိုလ် ရောက်တော့ ထိုင်းဘာသာယူမည်ဟု ပထမ စိတ်ကူး သော်လည်း ထိုင်း ပါမောက္ခက မိန်းကလေးတွေ ထိုင်းမှာ အလုပ်ရဖို့ မလွယ်ကြောင်း ပြောပြီး လက်မခံသဖြင့် မြန်မာစာ ယူဖို့ စဉ်းစားသည်။
ဆရာမ၏ ဖခင်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖြစ်သည့် အတွက် ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ စာပေ ယဉ်ကျေးမှုကို လေ့လာဖို့ စိတ်ဝင်စားလာပြီး ၁၉၆၆ ခုနှစ်တွင် အိုဆာကာ နိုင်ငံခြား ဘာသာ တက္ကသိုလ်၌ မြန်မာစာ အဓိကဖြင့် တက်ရောက် သင်ကြားခဲ့သည်။
မြန်မာစာပေ လေ့လာရင်း မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုများကို စိတ်ဝင်စားသည်။
စာပေရော နိုင်ငံရေးပါ ဆောင်ရွက်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို လေးစားသည်။ ဂျပန်နိုင်ငံတွင် ဆရာကြီး ကဲ့သို့ နှစ်ဖက်စလုံး ဆောင်ရွက်သူမျိုး မတွေ့ရ။
စိတ်ဓာတ် မွန်မြတ်ပြီး အများ ကြည်ညို လေးစားသော ဆရာကြီး စာများကို လေ့လာပြီး “သခင်ကိုယ်တော်မှိုင်း၏ ဘဝ နှင့် စာပေ” ခေါင်းစဉ်ဖြင့် ဘွဲ့ယူကျမ်း ပြုစုခဲ့သည်။
ဆရာမသည် ဘွဲ့ရပြီး ၄ နှစ်လောက် အလုပ်လုပ်ပြီးနောက် အိမ်ထောင် ပြုသည်။ သမီးကြီး တနှစ်ပြည့်ချိန်မှာ အလုပ်တဖက် နှင့် မဟာဝိဇ္ဖာ ဆက်တက်သည်။
ဖက်ဆစ် ဆန့်ကျင်ရေး ဝတ္ထုများကို အထူး စိတ်ဝင်စားသည်။ ဂျပန် စာရေးဆရာများက မြန်မာများ စေတနာ ကောင်းပုံ၊ ဖော်ရွေပုံ တို့ကို ရေးကြသည်။
စစ်အတွင်းတွင် ဖက်ဆစ်များ အဖြစ် မိမိတို့ ကျူးလွန်ခဲ့သော လုပ်ရပ်များကိုမူ အပြစ်ဟု ထင်ပုံမရကြောင်း တွေ့ရသည်။

ထို့ကြောင့် ဂျပန်ခေတ်တွင် မိမိတို့ ခံစားခဲ့ရပုံများ၊ ဒုက္ခ ရောက်ပုံများကို ဘယ်လို ရေးကြသလဲဟု စိတ်ဝင်စားရာမှ ဖက်ဆစ် ဆန့်ကျင်ရေး ဝတ္ထုများကို လေ့လာမိသောအခါ ဆရာကြီးမှိုင်း ကဲ့သို့ပင် စာပေဘက်ရော နိုင်ငံရေးဘက်ပါ ဆောင်ရွက် သည့် ဦးသိန်းဖေမြင့်၏ စာများကို စိတ်ဝင်စားပြီး သိန်းဖေမြင့်၏ ဝတ္ထုရှည် ၅ ပုဒ်ကို သုတေသန ပြု၍ မဟာဝိဇ္ဖာ ဘွဲ့ အတွက် ကျမ်းတင်ခဲ့သည်။
၁၉၇၈ ခုနှစ် ဆန်းတွင် မြန်မာနိုင်ငံသို့ ပထမအကြိမ် သွားပြီး ဦးသိန်းဖေမြင့် နှင့် တွေ့ဆုံ မေးမြန်းသည်။ တွေ့ဆုံပြီး ၂ ရက် အကြာတွင် ဦးသိန်းဖေမြင့် ကွယ်လွန်ကြောင်း ဆရာမက ပြောပြသည်။
မဟာဝိဇ္ဖာ ဘွဲ့ရပြီး အင်္ဂလိပ်စာ၊ ဂျပန်စာ သင်ပေးသည့် အလုပ်ကို ၂ နှစ်ခန့် လုပ်ပြီးနောက် မြန်မာစာ ဌာနမှာ ကထိက အဖြစ် စတင် အမှုထမ်းသည်။
ကျနော် ဂျပန်မှာ တာဝန် ထမ်းဆောင်ချိန်မှာတော့ ဆရာမ ဒေါ်ပန်းခက်သည် ပါမောက္ခ အဖြစ် ဆောင်ရွက်လျက် ရှိပါသည်။
ဆရာမသည် မြန်မာ ဝတ္ထု တော်တော်များကို ဂျပန် ဘာသာ ပြန်ပြီး ဖြစ်သည်။
ဦးသိန်းဖေမြင့်၏ “ရေနံ” ၊ “လမ်းစပေါ်ပြီ” ဝတ္ထုများ၊ “ခေတ်သစ် ဆန်းပြီ” ပြဇာတ် နှင့် What Happened in Burma ဆောင်းပါး တို့ကို ဘာသာပြန်သည်။
၁၉၈၀ ပြည့်နှစ်များ၏ အစပိုင်းတွင် တိုယိုတာ ဖောင်ဒေးရှင်း၏ မေတ္တာ ရပ်ခံချက်အရ “အရှေ့က နေဝန်းထွက်သည့် ပမာ” ဝတ္ထုကို ဂျပန် ဘာသာပြန်သည်။ သုံးတွဲ ခွဲပြီး ဘာသာပြန်ရာ နောက်ဆုံး အတွဲကို ၁၉၈၈ ခုနှစ်တွင် ပြီးစီးသည်။
ဆရာမ ဒေါ်ပန်းခက် သည် ဆရာမကြီး ဒေါ်ယဉ်ယဉ်မြ (Ms. Y Dobashi) ၊ ဆရာမ ဒေါ်စန္ဒာဝင်း (Ms. Hota Keiko) တို့ သုံးယောက်တွဲပြီး အမျိုးသမီး စာရေးဆရာ ၁၂ ယောက်၏ ခေတ်ပေါ် ဝတ္ထုတို ၁၂ ပုဒ်ကိုလည်း ဂျပန် ဘာသာပြန်သည်။
ထိုအချိန်က စပြီး မြန်မာ အမျိုးသမီးများ အကြောင်း လေ့လာပြီး စာတမ်းများ ပြုစုသည်။
ဒိုက်ဒို ဖောင်ဒေးရှင်းက ကမ်းလှမ်သည့် အတွက် ခေတ်ပြိုင် မြန်မာ ဝတ္ထုတိုများ ဘာသာပြန်သည့် လုပ်ငန်းကို ဆက်လက် ဆောင်ရွက်သည်။
မြန်မာနိုင်ငံသို့ နှစ်စဉ်လိုလို သွားပြီး ဝတ္ထုများ စုဆောင်းသည်။ မြန်မာ စာရေးဆရာများ နှင့် တွေ့ဆုံဆွေးနွေးသည်။ ဂျပန် ဘာသာပြန်သော ဝတ္ထုတိုများ အတွက် ဉာဏ်ပူဇော်ခ ပေးသည်။
ဆရာမသည် တဖက်တွင် ဝတ္ထုများကို ဘာသာပြန်ရင်း တဖက်တွင် သုတေသန စာတမ်းများ ပြုစု၍ ဆွေးနွေးပွဲ၊ စာတမ်း ဖတ်ပွဲများတွင် ဖတ်ကြားသည်။
တိုကျို နိုင်ငံခြား ဘာသာသင် တက္ကသိုလ်မှာ ကျင်းပသော စာတမ်း ဖတ်ပွဲတွင် On Anti-Fascist Writings of Thein Pe Myint စာတမ်းကို ဖတ်ကြားခဲ့သည်။
ဆရာမ မြန်မာနိုင်ငံမှ တခေါက် ပြန်လာလျှင် မြန်မာ စာအုပ်တွေ အများကြီး ပါလာမြဲ ဖြစ်သည်။
ကျနော် ထိုကျောင်းမှာ ရှိစဉ်က “ဆရာတို့ မိသားစု ဖတ်ချင်တဲ့ စာအုပ် ယူဖတ်ပါ” ဟု ပြောပြီး သူ့အခန်းမှာ ဝတ္ထု စာအုပ်တွေ အများကြီး အသင့် ထားပေးသည်။
ကျနော်က တခါ ငှားလျှင် ၁၅ အုပ်၊ အုပ် ၂၀ တပွေ့တပိုက် ငှားမြဲ ဖြစ်သည်။ ဖတ်ပြီးသည့် စာအုပ်များ ပြန်ပို့လိုက်၊ အသစ် ထပ်ငှားလိုက် လုပ်သည်ကို ဆရာမက မငြိုမငြင် လက်ခံပြီး သူ့အခန်းမှာ ဝတ္ထုတွေ အသစ်အသစ် ထားပေးသည်။
ကျနော်တို့ မိသားစုမှာ ဆရာမ ကျေးဇူးဖြင့် ဂျပန်ရောက်မှ ဝတ္ထုအမျိုးမျိုးကို စိတ်အေး လက်အေး ဖတ်ရသည်။
ထိုစဉ်က မဟာဝိဇ္ဖာ ကျောင်းသူကလေး တဦးက ဂျူး ၏ ဝတ္ထုများ ကျမ်းပြုဖို့ ပြင်ဆင်နေသည်ကို ဆရာမက ကြီးကြပ် လမ်းညွှန်ပေးနေသည်ကို တွေ့ရသည်။
ကျနော် မြန်မာနိုင်ငံ ပြန်လာပြီးနောက်တွင် ဆရာမသည် မြန်မာနိုင်ငံသို့ နှစ်စဉ် ရောက်လာပြီး စာရေးဆရာများနှင့် တွေ့ဆုံကာ ဝတ္ထု ဘာသာပြန် အလုပ်ကို ဆက်လက် ဆောင်ရွက်သည်။
နောက်ပိုင်း နှစ်များတွင် ပါမောက္ခ အဖြစ်မှ အုပ်ချုပ်ရေး အလုပ် ဖြစ်သော ဒုတိယ ပါမောက္ခချုပ် နေရာမျိုးသို့ တိုးမြှင့် တာဝန် ထမ်းဆောင်ရသည့် အတွက် စာပေအလုပ်များ နှောင့်နှေးသွားသည်ဟု ဆရာမက ညည်းပါသည်။
ယခုတော့ ဆရာမ ဒေါ်ပန်းခက် အငြိမ်းစား ယူပြီး စာပေ အလုပ်အကိုင်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နေပါသည်။
၂၀၀၇ ခုနှစ်က ထုတ်ဝေသော Reconsidering Military Occupation in Burma (1942-45) စာအုပ်တွင် ဆရာမက Burmese Literature Written in the Dark (အမှောင်ခေတ်တွင် ရေးသားသော စာပေ) ခေါင်းစဉ်ဖြင့် စာတမ်း တစောင် ရေးပြီး ဂျပန်ခေတ်တွင် ရေးသော မြန်မာ ဝတ္ထုများကို အသေးစိတ် လေ့လာ သုံးသပ်ထားပါသည်။
ဂျပန်ခေတ် မြန်မာ စာပေ သမိုင်း အတွက် အလွန် တန်ဖိုးရှိသော စာတမ်း တစောင် ဖြစ်ပါသည်။
ဆရာမသည် ၂၀၁၅ ခုနှစ်တွင် ကဗျာ ၁၆ ပုဒ်၊ ဝတ္ထုတို ၁၄ ပုဒ် ရွေးချယ် ဘာသာပြန်ပြီး “၂၁ ရာစု မြန်မာစာ ပေါင်းချုပ်” ခေါင်းစဉ်ဖြင့် စာအုပ် ပြုစု ထုတ်ဝေသည်။
ဆရာမက အမှာစာရေးပေးရန် မေတ္တာရပ်ခံသည့် အတွက် ထိုစာအုပ်တွင် “နာမည် လှသူ၏ စေတနာ လက်ရာ” ခေါင်းစဉ်ဖြင့် ကျနော် အမှာစာ ရေးပေးခဲ့သည်။
ဂျပန် ဘာသာပြန်ထားသော စာအုပ် တအုပ်၊ မြန်မာ မူရင်းအတိုင်း စာအုပ် တအုပ်၊ နှစ်အုပ် ခွဲပြီး ထုတ်ဝေထားပါသည်။
ထိုစာအုပ်တွင် “မပန်းခက် ဘာသာပြန်ခဲ့သမျှ” ခေါင်းစဉ်ဖြင့် ဆရာမ ဘာသာပြန်ခဲ့သော စာအုပ်စာရင်းကို အပြည့်အစုံ ဖော်ပြထားရာ လေ့လာသူများ အတွက် တန်ဖိုးရှိလှပါသည်။
သိန်းဖေမြင့်၊ မြသန်းတင့်၊ မောင်သာရ၊ မသီတာ (စမ်းချောင်း)၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ အောင်ချိမ့်၊ ကြူကြူသင်း၊ မနှင်းဖွေး၊ ဝင်းဝင်းလတ်၊ ဝင်းဝင်းမြင့် (နန်းတော်ရှေ့)၊ ခင်ခင်ထူး စသည့် စာရေးဆရာ များစွာတို့၏ လက်ရာများကို ဘာသာ ပြန်ခဲ့ကြောင်း သိရပါသည်။
ဆရာမ မီနာမီဒါ ခေါ် ဒေါ်ပန်းခက်သည် မြန်မာစာ မြန်မာစကားကို နှစ်ပေါင်းများစွာ သင်ကြား ပို့ချပေးခဲ့သည့် အပြင် မြန်မာ အကြောင်း ဂျပန် လူမျိုးများ သိစေလိုသော ရည်ရွယ်ချက်ဖြင့် မြန်မာ စာပေများကို ၁၉၇၀ ကတည်းက ဂျပန် ဘာသာပြန်ခြင်းဖြင့် မြန်မာ စာပေ အကျိုးကို သယ်ပိုးခဲ့သူ ဖြစ်သည်။
“စစ်အတွင်းက ဂျပန်တွေရဲ့ အပြုအမူကြောင့် မြန်မာ လူမျိုးများကို အားနာနေပါတယ်” ဟူသော ဆရာမ၏ စကားကလည်း မြန်မာ လူမျိုးအပေါ် ထားသော ဆရာမ၏ စေတနာကို ဖော်ပြလျက် ရှိပါသည်။
မေ၊ ၂၀၁၇
ခေတ်ရနံ့ မဂ္ဂဇင်း။
(ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် ဤဆောင်းပါးကို ခေတ်ပြတိုက် စာပေက ၂၀၁၉ ခုနှစ် အောက်တိုဘာ လတွင် ထုတ်ဝေသော “ပြည်ပ ပညာရှင်များနှင့် မြန်မာစကား၊ မြန်မာစာ” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)














