အချိန်က ဒုတိယ ကမ္ဘာစစ်ရဲ့ နောက်ဆုံးပိုင်း။
“အိုင်ဝိုဂျီးမား” ကျွန်းပေါ်က ဂျပန်တပ်တွေ လက်နက်ချရမယ့်နေ့ အရုဏ်တက် အချိန်။
ဒုတိယ ဗိုလ်ချုပ်ကြီး “ဥရှိဂျီးမား” ဟာ သူတို့ ဌာနချုပ် လုပ်ထားတဲ့ ဂူထဲကနေ စစ်ဝတ်စုံ အပြည့်နဲ့ ထွက်လာခဲ့ပါတယ်။
သူ့နောက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး “ချို” လိုက်ပါလာတယ်။ သူကတော့ ကီမိုနို ဝတ်စုံ အဖြူရောင်နဲ့။ ဂူနဲ့ မလှမ်းမကမ်း မှာတော့ သေသေချာချာ ဖြန့်ခင်းထားတဲ့ စောင်အဖြူကြီး တထည်။
သူတို့ ခြေလှမ်းတွေက ခန့်ညားလှတယ်။
သူတို့ မျက်နှာတွေကလည်း တည်ငြိမ်လှပါတယ်။
စောင်အဖြူပေါ်မှာ သူတို့ ပုံစံတကျ ထိုင်လိုက်ကြတယ်။ ပြီးတော့ ထွက်ပြူစ နေဝန်းကို ဦးညွှတ်လိုက်ကြတယ်။ ပြီးတော့ တရိုတသေ ကိုင်ထားတဲ့ ဓားတွေကို ကိုယ်စီ ဆွဲထုတ်လိုက်ကြတယ်။
မြှောက်ချီလိုက်တဲ့ ဓားနှစ်စင်းဟာ နံနက်ခင်း နေခြည်မှာ ဝင်းခနဲ တချက် လက်အပြီးမှာတော့ ဓားဦးတွေရဲ့ လားရာက သူတို့ ခန္ဓာကိုယ်ထဲ။
အဖြူရောင် စောင်ကြီးဟာ အနီရောင်တွေ စွန်းထွက်တဲ့ ပန်းချီကား တချပ် ဖြစ်သွားပါတယ်။ အဲဒီ ပန်းချီကားပေါ်မှာတော့ သူတို့ နှစ်ယောက် နေဝန်းကို ဦးခိုက်နေတဲ့ ပုံစံနဲ့ ငြိမ်သက် သွားကြလေရဲ့။
ပြီးခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာလည်း စစ်ရှုံးခဲ့ရတဲ့ ဂျပန် စစ်ဗိုလ်ချုပ်ကြီးတွေ အများအပြားဟာ ရန်သူ့ဆီကို လက်နက်ချ အညံ့ခံမယ့်အစား သူတို့ကိုယ် သူတို့ “ဟာရာကီရိ” လုပ်ပြီး သတ်သေသွားကြတာတွေ အများကြီးပါပဲ။
တိုကျိုမြို့ကြီးကို မက်အာသာ ရဲ့ တပ်တွေ ဝင်ရောက်လာတဲ့ အခါမှာလည်း သူတို့ အလိုချင်ဆုံး စစ်တရားခံ ၁၁ ယောက်ထဲမှာ ပါတဲ့ မင်းသား ကိုနိုယေး ကို မရလိုက်ပါဘူး။
ဂျပန်နိုင်ငံရဲ့ ယန်ကြီးချုပ် အဖြစ် သုံးကြိမ် တာဝန် ထမ်းဆောင်ခဲ့တဲ့ မင်းသားကြီးဟာ သူ့ကိုယ်သူ ရန်သူ့ လက်ထဲ ရောက်ပြီး စစ်ရာဇဝတ်ကောင် အဖြစ် အစစ်ဆေးခံရမယ့် အရှက်တကွဲ ဖြစ်ရပ်ကို ရင်ဆိုင်မယ့်အစား သူ့ကိုယ်သူ “ဟာရာကီရိ” လုပ်ပြီး သေသွားပါတယ်။
ဂျပန်တို့ရဲ့ နာမည်ကျော် “ခါမိခါဇေး” အသေခံတပ်များရဲ့ ဗိုလ်ချုပ် ဖြစ်တဲ့ ရေကြောင်း ဗိုလ်ချုပ်ကြီး “အိုနိရှိ” နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် “ဆူဂျီယာမ” တို့လည်း မင်းသားကြီးလိုပဲ အသေခံ သွားကြပါတယ်။
နံပါတ်တစ် ဖက်ဆစ် ရာဇဝတ်ကောင်လို့ သတ်မှတ်ခံရတဲ့ ဗိုလ်ချုပ်ကြီး တိုဂျို ကတော့ သူ့ကိုယ်သူ ပစ္စတိုနဲ့ ပစ်သတ်တာ မသေလို့ အမေရိကန်တွေ လက်ထဲ ရောက်သွားပြီး ကြိုးစင် တက်သွားရပါတယ်။
စစ်ရာဇဝတ်ကောင် အဖြစ် ရှိနေစဉ်မှာ ဂျပန် သတင်းထောက် တဦးကို ဂျင်နရယ် တိုဂျိုက “မဟာ အရှေ့ တိုက်သားတွေ အတွက် ကျုပ် စိတ်မကောင်းပါဘူး။ ဒီအတွက် တာဝန် အားလုံးကို ကျုပ်ယူပါတယ်။ မဟာ အရှေ့အာရှ တိုက်ပွဲကြီးဟာ တရားတဲ့ စစ်ကြီး ဖြစ်တယ်။ ကျုပ်တို့မှာ ရှိသမျှ အင်အားတွေ ကုန်ခမ်းသွားတော့ ကျုပ်တို့ ရှုံးခဲ့ရတာပေါ့။ အောင်နိုင်သူတွေ ရဲ့ ရှေ့မှာ စစ်ရှုံးသူ တယောက် အဖြစ် အစစ်ဆေး ခံရတာမျိုးကို ကျုပ် မလိုလားဘူး” လို့ ပြောခဲ့ပြီး အမေရိကန်တွေကိုတော့ သူက “သင်တို့က အောင်နိုင်သူတွေ ဖြစ်တော့ ဘယ်သူ ဘယ်ဝါ တွေဟာ စစ်တရားခံတွေ ဖြစ်တယ်လို့ ပြောနိုင်ခွင့် ရှိတာပေါ့။ ဒါပေမယ့် နောင်လာမယ့် အနှစ် ငါးရာ တထောင် လောက်မှာ ပေါ်ထွန်းလာမယ့် သမိုင်းဆရာတွေကတော့ မတူ ခြားနားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ကြပါလိမ့်မယ်”
ဒီဇင်ဘာ ၂၂ ရက်နေ့မှာ သူကြိုးပေးခံခဲ့ရပါတယ်။
ဂျပန် စစ်ဗိုလ်ချုပ်ကြီးတွေလိုပဲ ဖက်ဆစ်တို့ရဲ့ ဦးသျှောင် ဖြစ်တဲ့ ဟစ်တလာ ကိုယ်တိုင်လည်း ဆိုဗီယက် တပ်တွေဟာ သူ့ဌာနချုပ်ရဲ့ လက်တကမ်း အကွာ ရောက်လာတဲ့အခါ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။
ကိုလိုနီ နယ်ချဲ့ စနစ်ကြီးရဲ့ အစဦးပိုင်း ကာလတွေမှာလည်း အင်္ဂလိပ်တို့၊ ပြင်သစ်တို့ နိုင်ငံကြီးတွေက နယ်မြေတွေ လုကြရင်းနဲ့ အချင်းချင်း စစ်ပွဲကြီးတွေ တိုက်ခိုက်ခဲ့ကြပါတယ်။
စစ်သင်္ဘောကြီးတွေနဲ့ တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတွေမှာ သင်္ဘောတွေ အမြောက်ဆန် ထိပြီး နစ်မြုပ်တော့မယ် ဆိုရင် သင်္ဘောသားတွေဟာ သင်္ဘောကို စွန့်ခွာခွင့် ရှိကြပေမယ့် သင်္ဘော ကပ္ပတိန်တွေကတော့ သင်္ဘောနဲ့ အတူ နစ်မြုပ် အသေခံ သွားကြရတာဟာ အစဉ်အလာကြီး တခုအဖြစ် တည်ရှိနေခဲ့ပါတယ်။
ကိုယ့်သင်္ဘောကို စွန့်ခွာ ထွက်ပြေးသူ အဖြစ် အကဲ့ရဲ့ ခံရမယ့် အရှက်တကွဲ အဖြစ်ကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အရှက်ကို အသက်နဲ့ လဲသွားကြတာလေ။ ။
(သတင်းစာဆရာကြီး လူထုစိန်ဝင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ယနေ့ မန္တလေး စာအုပ်တိုက်က ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “ရှက်စိတ်” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး လူထုစိန်ဝင်း သည် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် အသက် ၇၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)