ဟားမားစ်တိုက်ခိုက်ရေးသမားများ တောင်ပိုင်း နယ်စပ်ဒေသများသို့ စိမ့်ဝင်ခြင်းနှင့် ဒုံးကျည် ထောင်ချီပစ်ခိုက်တိုက်ခိုက်မှုကြောင့် အစ္စရေးအစိုးရ တုန်လှုပ်ခြောက်ခြားနေစဉ် ဟားမားစ် အဖွဲ့၏ ရုတ်တရက်တိုက်ခိုက်မှုသည် ကြီးမားသော ထောက်လှမ်းရေးပျက်ကွက်မှု ဖြစ်ကြောင်း ဖေါ်ပြနေသည်။
ဟားမားစ်က လေကြောင်း၊ ကြည်းကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက ထိုကိစ္စကို မည်သည့်အတွက် ကြိုတင် မသိသနည်းဆိုသည့် မေးခွန်းကို ဖြစ်စေသည်ဟု ကျွမ်းကျင်သူများနှင့် ထောက်လှမ်းရေး အရာရှိဟောင်းများပြောသည်။
တိုက်ခိုက်မှုဖြစ်မည်ဟု အစ္စရေးက သိပါက ထို ထောက်လှမ်းရေး သတင်းကို ဖလှယ်ခြင်း မရှိကြောင်း အမေရိကန် အရာရှိများ ပြောသည်။
“ကျနော်တို့က အဲဒီကိစ္စကို ထောက်လှမ်းနေတာ မဟုတ်ဘူး” ဟု အမေရိကန် အဆင့်မြင့် အရာရှိတဦး ပြောသည်။
အမေရိကန် အရာရှိများသည် ထိုတိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် အစ္စရေးအစိုးရကို ထောက်ကူရေး အစ္စရေးနှင့် ထောက်လှမ်းရေးသတင်း ဖလှယ်ခြင်းကို အဆင့်မြှင့်တင်ရန် ဆွေးနွေးနေကြောင်း အမေရိကန် အရာရှိတဦးနှင့် ထိုဆွေးနွေးမှုများကို သိသည့် သတင်းရင်းမြစ်တခုပြောသည်။
နောက်ဆက်တွဲ ထောက်လှမ်းရေးသတင်းများတွင် ဒရုန်းများ၊ ဆက်သွယ်ရေး ကြားဖြတ်နားထောင်မှုများနှင့် ဂြိုလ်တုများမှ ရယူထားသည့် သတင်းများ ပါဝင်နိုင်သော်လည်း ထိုအရာရှိများက အသေးစိတ် ပြောကြားခြင်း မရှိပေ။
ထိုတိုက်ခိုက်မှုသည် ၁၉၇၃ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲ နှစ် ၅၀ ပြည့်ပြီး တရက်အကြာတွင် ဖြစ်ပွားပြီး ထိုပဋိပက္ခကို ပဲတင်ထပ်စေသည်။ ထိုစဉ်က အစ္စရေးသည် အီဂျစ်နှင့် ဆီးရီးယား ဦးဆောင်သည့် အာရပ် အိမ်နီးချင်းများက ပူးပေါင်းတိုက်ခိုက်မှုကြောင့် အကျပ်အတည်း ကျရောက်ခဲ့သည်။
“ဒါဟာ အစ္စရေးအတွက် 9/11 တိုက်ခိုက်မှုပဲ။ ၁၉၇၃ ခုနှစ်နောက်ပိုင်း အစ္စရေးမှာ ဒီလောက် ဆိုးရွားတဲ့ အစ္စရေး ထောက်လှမ်းရေး ပျက်ကွက်မှု မရှိဘူး” ဟု အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အရှေ့အလယ်ပိုင်းနှင့်တောင်အာရှ ထောက်လှမ်းရေးကို အထူးပြုပြီး ၂၆ နှစ်လုပ်ကိုင်ခဲ့သူ မာ့ခ် ပိုလီမာရိုပူးလော့စ် ပြောသည်။
အနောက်ဘက် ကမ်းခြေနှင့် ဂါဇာဒေသကို လွှမ်းခြုံသည့် လူသားထောက်လှမ်းမှုများ၊ ကြားဖြတ် နားထောင်ခြင်းနှင့် အခြားနည်းစနစ်များဖြင့် အစ္စရေးထောက်လှမ်းရေး ဌာနများသည် ကမ္ဘာတွင် စွမ်းဆောင်ရည် အရှိဆုံးဟု သတ်မှတ်ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
“သူတို့ ဒီကိစ္စကို ဘာကြောင့် ကြိုတင်မသိလဲဆိုတာ နားမလည်နိုင်ဘူး” ဟု သူပြောသည်။
အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများနှင့် အီဂျစ်၊ ဂျော်ဒန်၊ ကာတာနှင့် ဆော်ဒီအာရေးဗီးယား ကဲ့သို့သော မိတ်ဆွေ အာရပ်နိုင်ငံများ ကလည်း ထိုတိုက်ခိုက်မှုကို မည်သည့်အတွက် ကြိုတင် မသိသနည်း ဆိုသည့်အချက်ကိုလည်း ရှင်းလင်းစွာ မသိရကြောင်း သူပြောသည်။ “ကျနော် တုန်လှုပ်သွားတယ်” ဟု သူပြောသည်။
စနေနေ့က တိုက်ခိုက်မှုကို ကြိုတင်မှန်းဆရန် ပျက်ကွက်ခြင်းအတွက် အစ္စရေးက အဓိကတာဝန် ယူရမည်ဖြစ်ကြောင်း ကမ္ဘာ့လုံခြုံရေး ပြဿနာများကို အထူးပြုလေ့လာသည့် အကျိုးအမြတ် မယူသောအဖွဲ့အစည်း Soufan Center မှ ဝါရင့်သုတေသီ ကောလင်း ကလပ် ပြောသည်။
“အစ္စရေးမှာ ကမ္ဘာ့အဆင့်မီ ထောက်လှမ်းရေး သတင်းစုဆောင်းမှုနဲ့ ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည် ရှိပြီး သူ့ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာကို အခုထက် အများကြီး ပိုသိရမယ်။ ဒါဟာ အစ္စရေး အပေါ် တိုက်ရိုက်တာဝန်ကျနေတယ်” ဟုလည်း သူပြောသည်။
အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိ မရှိ မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ကလပ် ပြောသည်။
ထရမ့်အစိုးရခေတ်က အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဖြစ်ခဲ့သူ ဒေးဗစ် ဖရိုက်ဒ်မင်းက “အစ္စရေးနိုင်ငံကို ကျနော် တနည်းမဟုတ်တနည်း လေ့လာခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ဒါမျိုး တခါမှ မဖြစ်ဖူးဘူး။ ဒီလိုပုံစံ နယ်စပ်ဖေါက်ဝင်တာမျိုး မတွေ့ဖူးဘူး။ ထုံးစံအားဖြင့် ဂါဇာကို လူတယောက် ချဉ်းကပ်လာရင်တောင်မှ အဲဒီလူ ဘာမှ မလုပ်ခင် ကြားဖြတ်ဟန့်တားနိုင်တယ်။ ဒါမျိုး ကျနော် မတွေ့ဖူးဘူး။ ထောက်လှမ်းရေး အကြီးအကျယ် ပျက်ကွက်မှုပဲ” ဟု သူပြောသည်။
ကနဦးကောက်ချက်များအဖြစ် ဟားမားစ် တိုက်ခိုက်မှုသည် ဆော်ဒီအာရေးဗီးယားနှင့် အစ္စရေးအကြား ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်ရန် နီးကပ်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း အမေရိကန်အရာရှိများ ပြောသည်။ ၁၉၇၅ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲ နှစ် ၅၀ ပြည့်သည်လည်း အချက်တချက်ဖြစ်ကြောင်း ၎င်းတို့ပြောသည်။
ထိုတိုက်ခိုက်မှုသည် အစ္စရေးနှင့် ငြိမ်းချမ်းရေးယူမည့် မွတ်ဆလင်နိုင်ငံများကို သတိပေးခြင်းဖြစ်ကြောင်း ဟားမားစ်နှင့် ဟစ်ဇဘိုလာတို့ပြောသည်။
ထိုတိုက်ခိုက်မှုသည် အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ကြိုးစားသည့် မွတ်ဆလင် နိုင်ငံများသို့ “ပြတ်သားသော သတင်းစကား” ဟု ဟားမားစ် အဖွဲ့ပြောခွင့်ရသူ အီဗရာဟင် ဟာမက်က အယ်လ်ဂျာဇီးရာသတင်းဌာနသို့ ပြောသည်။ ထို”အရှက်တကွဲ အကျိုးနည်း”ကိစ္စမှ လွတ်မြောက်ရန် ထိုနိုင်ငံများအနေဖြင့် ကိုယ်တိုင်လုပ်ရမည်ဟု သူပြောသည်။
ဟားမားစ်အဖွဲ့သည် အစ္စရေးနှင့် လုံးဝထိပ်တိုက်တွေ့မည့် အခြေအနေကို ရှောင်ရှားသည်ဟု လွန်ခဲ့သော အပတ်ကအထိ အစ္စရေး ဝါရင့်အရာရှိများ အကဲဖြတ်ခဲ့ကြောင်း အစ္စရေး သတင်းစာ Haaretz ပြောသည်။
“ဒီလောက်တောင် ဖြစ်လာတာကို အစ္စရေးက နည်းနည်းတောင် ကြိုမသိလို့ ကျနော် အရမ်းအံ့သြတယ်။ ပြောစရာစကားတောင် မရှိတော့ဘူး” ဟု Soufan Center မှ ကလပ်ပြောသည်။ “ပါလက်စတိုင်း အုပ်စုတွေကြားမှာ သူတို့ထောက်လှမ်းရေး သတင်းရင်းမြစ်တွေထည့်ထားတာ နှစ်ပေါင်းများစွာကြာပြီ” ဟုလည်း သူပြောသည်။
CIA ဒါရိုက်တာ ဝီလျံဘန်းသည် Cipher Brief သတင်းဌာနက ဂျော်ဂျီယာတွင် စီစဉ်ထားသည့် အမျိုးသား လုံခြုံရေးညီလာခံတွင် စနေနေ့၌ မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း အစ္စရေး အကျပ်အတည်းကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သူ၏ ပြောခွင့်ရသူ တမ်မီ သရော့ ပြောသည်။
လတ်တလောတွင် အစ္စရေးနှင့် အမေရိကန် အရာရှိများသည် လတ်တလော အကျပ်အတည်းအတွက် အလုပ်ရှုပ်နေသော်လည်း ထိုမျှ ကြီးကျယ် အဆင့်မြင့်သည့် တိုက်ခိုက်မှုကို မည်သည့်အတွက် အစ္စရေး အငိုက်မိသွားသည် စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ မလွှဲသာမရှောင်သာ ရင်ဆိုင်ရမည်ဖြစ်သည်။
ကိုးကား။ ။ NBC သတင်း How did Israel and the U.S. miss what Hamas was planning?
You may also like these stories:
ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ
အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချနေ
ကြားဖြတ်နားထောင်သည့် ဆော့ဖ်ဝဲလ် အစ္စရေးကုမ္ပဏီက မြန်မာသို့ ရောင်းချခဲ့
မေတ္တာတရား၊ စစ်နှင့် ဖရီးဘားမားရိန်းဂျားများ