စီးပွားရေး

အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် နယ်မြေမငြိမ်းချမ်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အဓိက စိန်ခေါ်မှုဖြစ်

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းနှင့် နယ်မြေ မငြိမ်းချမ်းခြင်း တို့ကြောင့် တရုတ် နယ်စပ်ကဲ့သို့ ကုန်သွယ်မှု မတိုးတက်လာခြင်း ဖြစ်သည်ဟု နယ်စပ် ကုန်သွယ်မှု ပြုလုပ် နေသည့် မန္တလေးမြို့ ဒေသခံ ကုန်သည်ကြီးများက ပြောသည်။

မန္တလေးမြို့ ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်က “အိန္ဒိယ နဲ့ နယ်စပ် လမ်းကြောင်းကနေ ကုန်သွယ်ဖို့ ဆိုရင် လမ်းပန်း ဆက်သွယ်ရေးက တရုတ်လောက် မကောင်း သလို နယ်စပ်မှာ ရှိတဲ့ သူပုန်တွေကိုလည်း ကြောက်နေရတယ်။ အဲဒါကြောင့် ကုန်းလမ်းကနေ ကုန်သွယ်မှုကို စီးပွား ဖြစ် အင်တိုက် အားတိုက် လုပ်နိုင်တဲ့ အနေအထားမျိုး အခုထိ မရှိသေးဘူး”ဟု ဧရာဝတီကို ပြောသည်။

အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်းလမ်းသွားလာနိုင်သည့် လမ်းကြောင်း ၃ ခုရှိသော်လည်း လက်ရှိတွင် မုံရွာ – တမူး လမ်းကိုသာ အဓိကထား သွားနေရပြီး ထိုလမ်းသည်လည်း မိုးရာသီတွင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု ရှိ သည်ဟု ဆိုသည်။

ထို့အပြင် နယ်မြေ မငြိမ်းချမ်းမှုသည်လည်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှု ရှိကြောင်းလည်း သိရ သည်။

လမ်းပန်း ဆက်သွယ်ရေး မကောင်းခြင်း၊ နယ်စပ်ဒေသအတွင်း လက်နက်ကိုင် သူပုန်များရှိနေခြင်းနှင့် ကုန်သွယ်ရေး လမ်း တလျှောက်တွင် တင်းကျပ်လွန်းသည့် လုံခြုံရေး စစ်ဆေးမှုများရှိခြင်း တို့သည် အိန္ဒိယနှင့် မြန်မာ နယ်စပ် ကုန် သွယ် ရေး ကဏ္ဍတွင် အဓိက အခက်အခဲ သုံးခုဖြစ်ကြောင်း၊ ထိုအခက်အခဲများကို မဖြေရှင်းပါက လာမည့် ဆယ်စုနှစ် တခု အတွင်း နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် တရုတ်ကို အမီလိုက်ရန် အနေအထား မရှိနိုင်ကြောင်း အိန္ဒိယ-မြန်မာ-တရုတ် ရေးရာ ကျွမ်းကျင်သူ ဆွီဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ် လင့်တ်နာက ဧရာဝတီကို ပြောသည်။

ထို့ကြောင့် နယ်စပ် ကုန်သွယ်မှုကဏ္ဍတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းသည့်အတွက် တပန်းသာနေသော တရုတ် နှင့် နှိုင်းယှဉ်ပါက ပဲနှမ်း ကုန်သွယ်မှုပမာဏသည် ၁၀ ဆမက ကွာဟကြောင်း၊ လက်ရှိ မန္တလေး ပဲနှမ်း ကုန် စည်ဒိုင်တွင် ကုန်သည်အနည်းငယ်သာ အိန္ဒိယနှင့် နယ်စပ် ကုန်သွယ်ရေး ပြုလုပ်၍ အများစုသည် တရုတ်သို့ ကုန်သွယ်မှု ပြုကြကြောင်း သိရသည်။

ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန (စီးပွား/ကူးသန်း)က ထုတ်ပြန်သည့် ကိန်းဂဏန်း များတွင် အိန္ဒိယ၏ နယ်စပ် ကုန်သွယ်မှု ပမာဏသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နောက်ပိုင်းတွင် ယခင်ထက် နှစ်ဆနီးပါး တက်လာ သော်လည်း တရုတ်နှင့် နှိုင်းယှဉ်မည်ဆိုပါက အဆ ၈၀ ကျော်နီးပါး ကွာဟနေသေးကြောင်း ဖော်ပြထားသည်။

ထိုသို့သော အခက်အခဲများ ရှိနေသည့် အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးကဏ္ဍ တိုးတက်လာစေရန် အတွက် လိုအပ်သည့် စစ်တမ်းများ ပြုလုပ်နိုင်ရန် အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ Omeo Kumar Das Institute of Social Change And Development တက္ကသိုလ်၏ သုတေသနအဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ် အတွင်းက မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းအသင်း ၏ ဒု ဥက္ကဌ ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။

“အဓိကကတော့ ကုန်သွယ်မှုမှာ အားနည်းနေတဲ့ အတွက် ဘာတွေလိုအပ်သလဲ ဆိုတာ ဒီကကုန်သည်တွေနဲ့ တွေ့ပြီး Research လုပ်တဲ့သဘောပါပဲ။ ရလာတဲ့စစ်တမ်းကို အိန္ဒိယအစိုးရကို ပြန်တင်ပြမယ် လို့တော့ ပြောသွားတယ်” ဟု အိန္ဒိယ သုတေသန အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဦးဝင်းဌေးက ပြောပြသည်။

အိန္ဒိယနှင့် နယ်စပ် ကုန်သွယ်ရေးတွင် အဓိကတင်ပို့နေသည့် ကုန်စည်များမှာ ပဲ၊ ချည်မျှင်၊ ဆေးဝါးများ၊ စိုက်ပျိုးရေး သုံး ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ ဖြစ်သည်ဟု ဆိုသည်။

ယခုဘဏ္ဍာရေးနှစ် ၂၀၁၇-၂၀၁၈ ဧပြီမှ စက်တင်ဘာလ အထိ အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၃၃ သန်းကျော်ဖြစ်ပြီး တရုတ်သည် အမေရိကန်ဒေါ်လာ သန်း ၃ ထောင် ကျော်ရှိပြီ ဖြစ်ကြောင်း စီးပွား/ကူးသန်း ၏ နိုင်ငံ အလိုက် ကုန်သွယ်မှုပမာဏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ ယင်း ကုန်သွယ်မှု ပမာဏတွင် တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး အိန္ဒိယက တတိယ အများဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း စီးပွား/ကူးသန်း မှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading